အပိုင်း ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း

13 2 0
                                    

❄️❄️❄️

တစိမ့်စိမ့်တွေးလေရင်ခုန်ရလေ ဆိုသလိုပါပဲ။
ကျွန်တော့်နှုတ်ခမ်းတွေ နေရာချလိုက်မိတဲ့ ကိုကို့ဂုတ်သားလေးက ဖွေးပြီးနွေးနေတယ်။ အဲ့ဒီဇင်ဘာညတုန်းက ကိုကိုရဲ့နှုတ်ခမ်းတွေကဆို
ဒီထက်တောင် အဆပေါင်းများစွာ ပိုနွေးပါသေးရဲ့။ ကျွန်တော်ကသာ စိတ်နဲ့ကိုယ်နဲ့မကပ်လို့ ကောင်းကောင်းမခံစားမိလိုက်တာ။ ဪ... နှမြောစရာ...။

ပြန်တွေးကြည့်မှ ကိုကို့ကိုဆွဲဖယ်မိခဲ့တဲ့ ကိုယ့်လက်ကိုယ်တောင် ရိုက်ချိုးချင်တယ်။ ပထမဆုံးအနမ်းလေးက ၁၀စက္ကန့်တောင် မပြည့်လိုက်ဘူးဆိုတာ ရာဇဝင်ရိုင်းတာပေါ့။ လင်းခန့်... မင်းကအရူးပဲ...။

ကိုယ့်နဖူးကိုယ် ရိုက်နေမိတုန်း ပခုံးပေါ်မှာတင်ရုံလေးရှိနေတဲ့ ကိုကို့ခန္ဓာကိုယ်က တဖြည်းဖြည်းရှေ့ကို လျှောကျလာတာကြောင့် လှမ်းထိန်းလိုက်ပေမယ့် ကိုကိုကနိုးမသွားခဲ့ဘူး။

"တော်တော်လေး အိပ်မောကျနေတာပါလား ဆရာလေး... အဟွန်း..."

'ပင်ပန်းနေလို့ဖြစ်မယ်... အိပ်ပါစေ...' ဆိုတဲ့အတွေးနဲ့ ကျွန်တော့်လက်ထဲမှာ ငြိမ်ငြိမ်လေးရှိနေတဲ့လူသားကို ပခုံးပေါ် ကျကျနနလေး ပြန်မှီပေးဖို့လုပ်ရင်း ဒုတိယအတွေးတစ်ခု ပေါ်လာပါရဲ့။ ဒီအတိုင်းကြီးက ဇက်မနာဘူးလား။ တကယ်ဆို... ပခုံးထက်ကျယ်တဲ့ ရင်ဘတ်ထဲမှာ မှီအိပ်တာကမှ ပိုသက်သောင့်သက်သာ ရှိလိမ့်မပေါ့။ ဟုတ်တယ်မဟုတ်လား...။

နှစ်ခါမစဉ်းစားဘဲ နှလုံးသားနဲ့နီးတဲ့ရင်အုပ်ပိုင်းမှာ ကိုကို့ကိုခေါင်းအုံးခိုင်းဖို့ ဦးတည်ချက်ပြောင်းလိုက်ရဲ့။ ကိုကိုနိုးလာလို့ ဆူမယ်၊ ငေါက်မယ်၊ နဖူးတောက်မယ်ဆိုလည်း ကျွန်တော်ဂရုမစိုက်တော့ဘူး။ အခုအချိန်မှာ ကိုကိုသက်သောင့်သက်သာနားနိုင်ဖို့က ပိုအရေးကြီးတာမို့။

"..."

ကျွန်တော် မသိခဲ့ဘူး...။ လူတစ်ယောက်ကိုယ့်ရင်ဘတ်ထဲမှာ မှီနေရုံလေးက ဒီလောက်ထိ အနွေးဓာတ်ပေးနိုင်တာပဲလား။ ဒီအတိုင်းဆို ဘာအနွေးထည်မှတောင် မလိုတော့ဘူးလို့ ခံစားရတယ်။ ကျွန်တော်ချည်း တစ်ဖက်သက် စိတ်လှုပ်ရှားနေရတာတော့ မတရားဘူးဗျာ။ ကျွန်တော့်ရင်ခွင်ကို ဆိုဖာအမှီလို့ထင်ပြီး ဒီအတိုင်းကြီး ငြိမ်မနေဘဲနဲ့ ပဟိုရ်စည်သံနဲ့တူတဲ့ ရင်ခုန်သံတွေကို အိပ်မက်ထဲအထိ ခံစားကြည့်လိုက်စမ်းပါ ခင်ဗျားရယ်။

Heartless December❄️ ZG version Where stories live. Discover now