အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်

11 3 0
                                    


❄️❄️❄️

မနေ့ညက ကိုကိုအိပ်ပျော်ရဲ့လားမသိဘူး။
ကျွန်တော်ကတော့ တစ်ညလုံးလျှောက်တွေးရင်း တစ်ရေးမှကိုမရလိုက်။

လူနာကုတင်နားတိုးကပ်သွားရင်း သူ့ကိုတိတ်တိတ်ကြည့်လိုက်တော့ ညကအတိုင်း ပုံစံတစ်ချက်မှမပြောင်းဘဲ ငြိမ်ငြိမ်ကလေးအိပ်‌နေတာ တွေ့ရတယ်။ နောက်ဆုံးတော့လည်း ဆေးအရှိန်ကြောင့် အတော်ညဥ့်နက်မှ အိပ်ပျော်သွားပုံပါပဲ။

စောင်‌သေချာဆွဲခြုံပေးလိုက်ပြီး ကိုယ်လက်သန့်ရှင်းဖို့ပြင်လိုက်ပေမယ့်
လုပ်လိုက်မိတာက တခြားတစ်ခု။ ဖုန်းကိုထုတ်ပြီး စိုက်ကြည့်နေမိတဲ့ contact တစ်ခုဟာ ဘယ်တုန်းကမှမဆက်ဖူးပေမယ့် နံပါတ်စိမ်းတော့လည်း မဟုတ်ဘူး။

ကိုယ်ဝင်ပါလိုက်လို့ဖြစ်တဲ့ကိစ္စမျိုးလားဆိုတာတွေကို အများကြီးတွေးခဲ့ရဖူးတယ်။ ကိုကိုနဲ့သူ့ချစ်သူဟောင်းရဲ့ဆက်ဆံရေးမှာ ကျွန်တော်မသိတဲ့ကွက်လပ်တွေက လပေါ်ကချိုင့်ခွက်တွေထက်တောင် များနိုင်ပါသေး။ ကျွန်တော်ရထားတဲ့ role က မနှစ်ဒီဇင်ဘာကအတိုင်း မပြောင်းမလဲ လက်ရှိချစ်သူသရုပ်ပြ။ လုပ်နိုင်တာ ဘာရှိမှာတဲ့လဲ။ မရှိဘူး။ အထူးသဖြင့် မနေ့ကဖြစ်သွားတဲ့ကိစ္စမှာဆို ပိုတောင်မရှိဘူး။

သူတို့ရဲ့ မြေမြုပ်လိုက်ပြန်‌ပေါ်လာလိုက်ဖြစ်‌နေတဲ့ အချစ်ရေးကို ခရေစေ့တွင်းကျသိလားဆို‌တော့လည်း မသိသလို ၀င်စွက်ဖက်ပိုင်ခွင့်ရှိလားဆိုတော့လည်း မရှိပေမယ့် မြတ်နိုးရတဲ့သူကိုကာကွယ်ပိုင်ခွင့်တစ်ခုတော့ ကျွန်တော်ကိုင်ထားလို့ရသေးတယ် အောက်မေ့ရဲ့။

ကျွန်တော် screen မှာပေါ်နေတဲ့ contact ကို ခေါ်လိုက်တယ်။ 'ဖြေရှင်းလိုက်မယ်' လို့သူကိုယ်တိုင်ပြောပြီး ထွက်သွားခဲ့ပေမယ့် video clips ကိစ္စကို အာကာဝေယံနဲ့ နည်းနည်းတော့ စကားပြောကြည့်မှဖြစ်မယ်။ ခက်ခက်ခဲခဲ လှောင်အိမ်ထဲက လွတ်ထွက်လာခဲ့ပြီးတာတောင် ဘယ်တော့ပစ်အချခံရဦးမလဲမသိလို့ ဖြောင့်ဖြောင့်မပျံနိုင်တဲ့ငှက်လိုမျိုး ကိုကိုကြောင့်ကြနေရမှာကို မမြင်ချင်တာ‌မို့။

"တီ..."

သုံးခါရှိပြီ။ ဖုန်းဝင်သွားပေမယ့် မကိုင်ဘူး။
ကျွန်တော် ဖုန်းကိုခဏချပြီး လုပ်စရာရှိတာအရင်လုပ်လိုက်တယ်။

Heartless December❄️ ZG version Where stories live. Discover now