အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ

8 2 0
                                    

❄️❄️❄️

"ကိုကို... ဘာပြောလိုက်တာလဲ..."

နားထဲမှာပီပီသသပဲ့တင်သွားပေမယ့် နားမလည်လိုက်နိုင်တဲ့ စကားတွေအတွက် ကျွန်တော် ဖြေရှင်းချက်တောင်းမိတော့ ကိုကိုက ကျွန်တော့်မျက်လုံးတွေကိုကြည့်ရင်းပဲ...။ 

"ငါထွက်သွားတော့မယ် လင်းခန့်...
ဒီနှစ်အတွက် စာသင်ချိန်တွေကို အကုန်ဝင်ပေးပြီးသွားရင်
ငါဩစတြေးလျကိုသွားတော့မှာ... ငါ Scholar လျှောက်ထားတာရပြီ"

"ကိုကို Scholar ရပြီပေါ့..."

"အင်း..."

အမှန်တော့ ဒီအချိုးအကွေ့ကို ခန့်မှန်းထားခဲ့ပါတယ်။
ကျွန်တော်နဲ့စတွေ့စကတည်းက... ဟင့်အင်း... အဲ့ဒီမတိုင်ခင်ကတည်းက ကိုကိုက Scholar ထွက်နိုင်ဖို့ ပြင်ဆင်နေခဲ့တာမို့ ဒီအချိန်လောက်ဆို သူ့ပြင်ဆင်မှုတွေလည်းပြီးလို့ ပြည်ပကိုထွက်ရဖို့ဆိုတာလည်း ဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်တော်နားမလည်စရာလား...။
ကိုကိုတစ်ချိန်လုံးမျှော်လင့်နေခဲ့တဲ့အရာဖြစ်လာတာ ကောင်းတဲ့ကိစ္စပဲလေ။ ကျွန်တော် ကိုကို့အတွက်တောင် ဂုဏ်ယူပြီး ပျော်ပေးရအုံးမှာပါ။ ဒါပေမယ့်...။

"ဒါပေမယ့်... ကျွန်တော့်ဘဝထဲက ထွက်သွားမယ် ဆိုတာက ဘာကိုဆိုလိုတာလဲ...  ကိုကို အဲ့မှာကျောင်းတက်ပြီး ဘွဲ့ထပ်ယူပြီးရင် ပြန်လာမှာမဟုတ်ဘူးလား..."

"ပြန်မလာတော့ဘူး...
ငါဩစတြေးလျမှာပဲနေဖို့ ဆုံးဖြတ်ပြီးပြီ၊ ငါထွက်သွားပြီးရင်
မြန်မာပြည်ကို ဘယ်တော့မှ ပြန်မလာဖြစ်လောက်တော့ဘူး"

"..."

"မင်းကို ရုတ်တရက်ကြီး ဒီစကားတွေထပြောရတာ တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီဆောင်းကုန်ရင်... မင်းဘဝထဲမှာ ငါဆက်ရှိနေမှာ မဟုတ်တော့ဘူး... အဲ့ဒါကြောင့် ငါထွက်မသွားခင် မနှစ်ဆောင်းကတည်းက မင်းနဲ့ငါ့ကြားဖြစ်လာတဲ့ ဆက်ဆံရေးအရှုပ်အထွေးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ခဲ့ချင်တယ်... လာမယ့်ဒီဇင်ဘာဆို တစ်နှစ်ပြည့်တော့မယ်...
ဒီလောက်ဆို မင်းလည်း လက်လျှော့လိုက်သင့်ပြီ၊
မင်းရဲ့အချိန်တွေ၊ အာရုံစိုက်မှုတွေကို မင်းကငါ့အတွက် လိုလိုလားလား ပေးချင်နေရင်တောင် မင်းအတွက် ပြန်ပေးစရာ ဘာအဖြေမှမရှိတဲ့ငါက ဆက်လက်ခံနေဖို့ရာ ကိုယ့်ကိုကိုယ် သဘောမကျတော့တာမို့ ငါတို့ မတွေ့ခဲ့ကြဘူးလို့ပဲ ထားလိုက်ရအောင်...  မင်းလည်း မင်းရဲ့ပုံမှန်ဘဝထဲ အရင်လို ပြန်နေပါ၊ ငါလည်း ငါ့ဘဝအတွက် ငါ့လမ်းငါ ဆက်လျှောက်မယ်"

Heartless December❄️ ZG version Where stories live. Discover now