အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း

13 2 0
                                    

❄️❄️❄️

ဆောင်းရာသီဟာ သူ့ထိုင်ခုံကိုဖယ်မပေးချင်တဲ့ပုံစံနဲ့ ဘုတ်ထိုင်းထိုင်သလိုထိုင်နေခဲ့တာ မတ်လဆန်းထိ ရောက်ပါပကော။ နံနက်ခင်းလေကို ရှူလိုက်တိုင်း ခြောက်သွေ့အေးစိမ့်မှုတွေ ရောယှက်နေသေးသလို နှင်းကျသံတစ်ပေါက်ပေါက် မကြားရတော့တာတောင် အပေါ်ဝတ်အနွေးထည်မချွတ်နိုင်သေးတဲ့ ညတွေနဲ့အတူ ဆောင်းဟာမင်းမူနေတုန်း။ ကတ်တီးကတ်ဖဲ့နဲ့ဆိုပေမယ့် တစ်ခုသောမာဖလာအနီလေးကို မသိမ်းချင်သေးတဲ့ ကျွန်တော်ကတော့ အဲ့ဒီလုပ်ရပ်ကို လက်ခုပ်တီးလျက်ပါပဲ။

'အဲ့သလောက်လည်း မအေးတော့တာကို မာဖလာကြီး နေ့ပတ်ညပတ်နဲ့ ကိုကိုရူးသွားပြီထင်တယ်' လို့ အိမ်ကညီမဆီမှာ ဝေဖန်ခံရလည်း ကျွန်တော်နားလေးပြနေဆဲ။

အို... ချွေးထွက်တော့ ကျန်းမာရေးကောင်းတာပေါ့။ ပြီးတော့
အချစ်နဲ့ပက်သက်ရင် လူတိုင်းကအရူးပဲမဟုတ်လား။ ဖြစ်နိုင်ရင် ဆောင်းအကုန်နွေအကူးရဲ့ လေရူးလေးတွေနဲ့ အတူတူလိုက်ပြီး ဘယ်သူပိုရူးလဲ ယှဉ်ကြည့်ချင်သေးတာ။ စာမေးပွဲက ဗီလိန်အပြုံးနဲ့ ပခုံးပုတ်နေလို့သာ။

ကျောင်းကနေ ကိုယ်ပိုင်စာကြည့်ချိန်တွေ ပေးလိုက်တဲ့အချိန်ကစလို့ ကျွန်တော်ကတော့ ကိုကို့ရင်ခွင်ကျောင်းကို ကူးသန်းပြီး ကျောင်းအိတ်ကျောင်းစားမနေရုံတမယ် အပတ်တကုတ် ကြိုးစားလုပ်တော့တာပါပဲ။ စာကိုပေါ့။ ကျန်တာတော့ ဘာမှလုပ်မရပါဘူး။

နဖူးစုတ်မယ့်ကိစ္စတွေကို မကြံစည်ဝံ့သလို၊ ခါတိုင်းလို သူခိုးကျင့်သူခိုးကြံနဲ့ ဉာဏ်များဖို့ရာအတွက်တောင် အချိန်မရှိတဲ့အထိ ဆရာသခင်က ကျွန်တော့်ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေပြီလေ။ စာကြည့်တဲ့ပုံစံကို ပြောရဲ့။

"ကိုကိုစာပြနေတဲ့ကလေးတွေထဲမှာ ကျွန်တော်က အတော်ဆုံးမလား..."

အဲ့လိုမေးကြည့်တော့ မျက်မှန်ကိုပင့်ပြီး စာရွက်လှန်ရင်း
လှည့်မကြည့်ဘဲဖြေတယ်။

"မင်းကို ဘယ်သူကပြောလဲ"

"စဉ်းစားကြည့်လိုက်တာလေ... ဂိုက်ဆရာတွေက သူတို့သင်နေသမျှထဲမှာ ထိုးထွက်နေတဲ့ အတော်ဆုံးကလေးတစ်ယောက်ယောက်ရှိတယ်ဆို အဲ့တစ်ယောက်ရဲ့နာမည်ကို ထုတ်ထုတ်ပြောပြီး တစ်ခြားသူတွေ အားကျလာအောင်၊ မခံချင်စိတ်ဖြစ်လာအောင် ဆွပေးလေ့ရှိကြတယ်၊ တကယ်လို့ ကိုကိုစစ်တဲ့ test တွေကို ကျွန်တော့်ထက် ပိုဖြေနိုင်တဲ့သူရှိတယ်ဆိုရင် အခုချိန်ဆို နာမည်ကြားပြီးလောက်ရောပေါ့... ကျွန်တော်ဘာနာမည်မှ မကြားရဘူးဆိုကတည်းက အတော်ဆုံးကလေးက ကျွန်တော်ဖြစ်နေလို့မဟုတ်ဘူးလား..."

Heartless December❄️ ZG version Where stories live. Discover now