အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း

11 2 0
                                    

❄️❄️❄️

နာမည်ခေါ်သံကြားရပြီး မရှေးမနှောင်းမှာပဲ ကျွန်တော့်ဆံပင်တွေကို ဖိပုတ်လိုက်တဲ့ လက်ချောင်းတွေရဲ့ အတွေ့တစ်ခုကို ခံစားမိတယ်။ ချော့သိပ်နေတာလား နှိုးနေတာလား မသဲကွဲအောင် ခေါင်းကိုပုတ်နေပုံက အသာအယာလေး တစ်ချက်ချင်း။ ပြီးတော့ ထပ်ပြီး ကြားရပြန်တယ်။ တစ်လောကလုံးမှာ တစ်ဦးတည်းကပဲ ကျွန်တော့်အတွက်သုံးပေးလောက်မယ့် ခေါ်ပုံခေါ်နည်း။ 

"ခန့်ငယ်..."

ဒီအသံကို နှလုံးသွေးကြောတစ်ခုစီတိုင်းက မှတ်မိတယ်။ အကြားအာရုံကြောမဟုတ်ဘူးလားလို့ မမေးပါနဲ့။ ကျွန်တော်က ရင်ဘတ်ကြီးနဲ့ နားထောင်တာ။ ‌

ကြားခံနယ်ထဲက လှိုင်းတွန့်‌ငယ်လေးတွေ နားမှာ လာရိုက်ခတ်ပုံက ကြိမ်နှုန်းတစ်ခုစီကစ ညင်သာလွန်းတယ်။ ကျွန်တော် မျက်လုံးတွေကို လက်ခုံနဲ့ပွတ်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အသံကရပ်သွားပြီး ခေါင်းပုတ်ပေးနေတဲ့ ခံစားမှုလည်းပျောက်သွားတယ်။ ဝေတေ‌ဝါးတားအာရုံထဲမှာ ပေါ်လာတာက ဖျော့တော့ပေမယ့် ကြည်လင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့မျက်နှာ။ တစ်နေရာကနေ ရုတ်ယူလိုက်တဲ့ လက်တစ်သွယ်။ ပြုံးယောင်သမ်းနေရာက ပွင့်ဟလာတဲ့ သူ့နှုတ်ခမ်းပါးတွေ...။

"စာဖတ်တာနာရီဝက်ကြာရင် ငါ့ကိုသတိပေးမယ်ဆိုတဲ့သူက တစ်နာရီကျော်ကြာအောင် အိပ်ပျော်သွားရလား... အိပ်မက်ကောင်းမက်နေတာလား..."

"အွန်း... အိပ်မက်ထဲမှာ ကိုကို့အသံကြားရတယ်...
ကိုကိုက ကျွန်တော့်ကို ခန့်ငယ် လို့ခေါ်ပြီးနှိုးနေ..."

အဲ့သမှာ ‌ရွေ့လျားလည်ပတ်နေတဲ့လေထုကြီး ခဏရပ်သွားတယ်။ ကြောင်စီစီမျက်နှာထားနဲ့ကျွန်တော်လည်း မျက်စိပွတ်နေတာ ရပ်သွားတယ်။ အဲ... ကျွန်တော့်ရှေ့ကတစ်ယောက်ကတော့ ပြုံးနေတာ မရပ်ဘူး‌ခင်ဗျ။ ပိုတောင် နှုတ်ခမ်းထောင့်တွေကွေးလာသေး။

"ခဏ... ခုဏက...
ကျွန်တော့်ကိုစကားပြောနေတဲ့ အဲ့... အသံက..."

မျက်ဆံကလေးလည်ပြီး သူ့ကိုအတည်ပြုခိုင်းသလို ဝေ့ကြည့်လိုက်တော့ နှာသီးဖျားကနေ လေတစ်ချက်မှုတ်ထုတ်ပြီး ရယ်လိုက်ရင်း...။

Heartless December❄️ ZG version Where stories live. Discover now