အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁

10 2 0
                                    

❄️❄️❄️

"ကိုကို့အတွက် ကျွန်တော်က အရေးပါတယ်တဲ့လား...
အခုအခြေအနေမှာ ဒါကိုသိရတာ ကျွန်တော်ပျော်ရမှာလား
ဝမ်းနည်းရမှာလား..."

ဝိရောဓိဆိုတာက ပျော်ရွှင်မှုလို့ထင်ရတဲ့ဆီမှာ ၀မ်းနည်းမှုကိုတွေ့ရပြီး ၀မ်းနည်းမှုလို့အောက်မေ့မိတဲ့အရာထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့တတ်တာမျိုးဆိုရင်... ဝိရောဓိလို ဂုဏ်သတ္တိရှိပေမယ့် အလွယ်ကလေး နာမည်တပ်သတ်မှတ်လို့မရတဲ့အရာကရော ဘာဖြစ်နိုင်မလဲ...။ အဲ့ဒါ ခင်ဗျားဖြစ်လိမ့်မယ် ကိုကို...။

ဟိုးအစကို ပြန်သွားကြည့်ရင် ကျွန်တော်က
ကိုကို့ရဲ့မျက်ရည်ကိုမြင်ပြီးမှ ရင်ခုန်သံတွေ စတင်ခဲ့တယ်။
ကိုကို့ရဲ့နာကျင်မှုကို ထိတွေ့မိရင်းမှ အချစ်ရယ်လို့ ယူဆဖြစ်ခဲ့တယ်။ အဲ့လိုဆန့်ကျင်ခြင်းတွေကြား မွေးဖွားခဲ့တဲ့ ကျွန်တော့်အချစ်က အမြဲတမ်း ကိုကိုထိခိုက်ခံစားလိုက်ရမှ တစ်ခုခုကို ဆင်ခြင်သုံးသပ်မိသွားတာမျိုး ဖြစ်နေခဲ့တာလား...။

ကိုကိုကတော့ ကိုယ့်ကိုကိုယ် ကျွန်တော့်အချစ်နဲ့မတန်ပါဘူးလို့ ပြောခဲ့တယ်။
ဒါဆို ကျွန်တော်ကရော...
ကျွန်တော်က ကိုကို့ရဲ့အရေးပေးမှုတွေနဲ့ တကယ်ပဲ ထိုက်တန်ရဲ့လား...။

* * *

လှေကားထစ်တွေအတိုင်း တက်လာခဲ့ရင်း ပိုင်ရှင်ရှိမနေတဲ့ တိုက်ခန်းတံခါးရှေ့ ခြေစုံချရပ်လိုက်တယ်။ ဆောင်းဦးရာသီမှာ မိုးအေးနေတဲ့အတွက် ခါတိုင်းနဲ့မတူတဲ့ အအေးဓာတ်ကလေးက ကော်ရစ်ဒါမှာ ကွေ့ပတ်ပြေးလို့။

ဒီနေ့ တနင်္ဂနွေ...။
ဆယ်တန်းတက်နေတုန်းကဆို ကျောင်းပိတ်ရက်မှာ စာကျက်ဖို့စိတ်ကူးသိပ်မရှိတဲ့ကျွန်တော်က ကိုကိုအိမ်မှာရှိလား လာချောင်းရင်း ကိုကိုကျွေးတဲ့မုန့်တစ်ခုခုစားရမှ ပြန်တတ်တယ်လေ။ စားရတာနဲ့မကာမိအောင် test အစစ်ခံရတတ်ပေမယ့်ပေါ့။

အင်္ကျီအိတ်ထဲက သော့အပိုကိုထုတ်လို့ တံခါးဖွင့်လိုက်ရင်း
နှုတ်ခမ်းထောင့်တွေကို အသာကွေးမိတယ်။

"ကိုကိုသာသိရင် အိမ်ရှင်မရှိတုန်းမှာ သော့အတုနဲ့ဖွင့်ဝင်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး လို့ ဆုံးမနေအုံးမှာပဲ..."

Heartless December❄️ ZG version Where stories live. Discover now