အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ

12 1 0
                                    

❄️❄️❄️

ကြားဖူးတာတစ်ခုရှိတယ်။
'ချစ်ရတဲ့သူက မင်းအချစ်ကိုလျစ်လျူရှုတဲ့အခါ လောကကပါမင်းကို ပစ်ပယ်ထားသယောင်ခံစားရလိမ့်မယ်' တဲ့...။

ဒါကြီးက ဟုတ်လောက်တယ်။ အထောက်အထားပြရရင် ကျွန်တော် အခုလက်တွေ့ကြုံနေတာလေ...။

စဉ်းစားကြည့်...။ ကျွန်တော့်ရဲ့ ဟိုဘူးခြံစောင့်နတ်သားလေးကိုကိုတစ်ယောက်  ဘူးပင်ရေလောင်းနေတာတောင် ဘယ်နှစ်လရှိနေပြီလဲ။ သူက ဒီလောက်အကြာကြီး ဘူးပင်ပျိုးနေမှတော့ မစ္စတာအသင်လောကကပါ ကျွန်တော့်ကို ဘူးသီးနဲ့ပေါက်ပြီပေါ့။

ဖြစ်နေသမျှကိုလည်း တစ်ချက်သုံးသပ်အုံး။ ဩဂုတ်လလည်း ကုန်တော့မှာနဲ့ ဆောင်းဝင်ခါနီးလာပြီမို့ training ပြန်ဆင်းကြမယ်ဆိုပြီး ဘော်ဒါတွေနဲ့ စက်ဘီးစီးထွက်တယ်။ ကံလေးက ဘယ်လောက်ကောင်းတုန်းဆို စပြီးလမ်းထွက်ကြတဲ့နောက် သုံးရက်မြောက်နေ့မှာပဲ ဆိုင်ကယ်တစ်စီးနဲ့ဝင်ပွတ်မိပြီး စက်ဘီးလဲတယ်။ ခြေကျင်းဝတ်ခေါက်သွားတယ်။ အဲ့ဒီဆိုင်ကယ်ကတော့ လှည့်မကြည့်ဘဲ ပြေးတာပေါ့။ နံပတ်ပြားမပါတဲ့ w/t ထင်ပါတယ်ဗျာ။ လီဗာကုန်တင်ပြီး မျက်စိက နောက်ကျောရောက်နေတဲ့ ဘဲတစ်ချို့နေမှာပေါ့။ ဒါမျိုးက ခါတိုင်းလည်းကြုံနေကျမို့ ဘာမှတော့ ဘာမနေတော့ပါဘူး။ မထူးဆန်းတော့ဘူးလေ။

အဲ့ဒီနောက်... သင်တန်းချိန်လေးကလည်းစောစောပြီး အင်္ကျီစဆွဲလိုက်ရမယ့် ချစ်ရပါသောလူကြီးကလည်း ကျောင်းမှာ၊ ဟိုအမွှာနှစ်ကောင်ကလည်း တပူပူခေါ်လို့ တစ်ရက်တော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး မဆော့တာကြာပြီဖြစ်တဲ့ ဂိမ်းသွားဆော့တယ်။ ဂိမ်းဆော့ပြန်လာကြပြီး မီးပွိုင့်စောင့်နေတုန်းမှာဗျာ...။ နောက်ကဆိုင်ကယ်က မမြင်မစမ်းနဲ့ အုန်းဆိုဝင်တိုက်တော့ လမ်းချော်သွားတုန်း တစ်ဖက်ကဝင်လာတဲ့ ဆိုင်ကယ်နောက်တစ်စီးနဲ့ထပ်ချိတ်ပြီး လဲပြန်ရော။ အဲ့မှာ ဆိုင်ကယ်ပိပြီး ခြေထောက်တွေလက်တွေပွန်းပဲ့လို့ ဒူးပြဲသွားပြန်တယ်။

ဟိုနှစ်ကောင်ကလည်း သူငယ်ချင်းအရင်းတွေရဲ့ ထုံးစံအတိုင်း ”ဘယ်ကသက်ရှိရုပ်ရှင်ကိုကြည့်နေလို့ အာရုံများပြီး ဇွတ်ရှေ့ထွက်နေပြန်တာတုန်း မီးပွိုင့်ကိုကြည့်လေ...” ဘာညာနဲ့  မထူပေးခင် ခနော်ခနဲ့လုပ်နေလို့ ”ငါကရှေ့ထွက်တာမဟုတ်ဘူး၊ မင်းတို့အဘ နောက်ကဆိုင်ကယ်က ငါ့ဝင်တိုက်လို့ ယိုင်ပြီးရှေ့တိုးသွားတာဟ...” ဆိုပြီး ကိုယ့်ဟာကိုယ်နာနေရတဲ့ကြားထဲ တစ်ယောက်တစ်ချက် ကျွေးလိုက်ရသေးတယ်။ လွန်ခဲ့တဲ့သုံးလတုန်းက သူတို့ဦးလေးသွားကြည့်ခိုင်းတဲ့ ရုပ်ရှင်ကိစ္စ ကျွန်တော့်ကို အစားလွှတ်ချလိုက်တာ ကိုယ်စားလှယ်ကျွန်တော်က ရုပ်ရှင်မကြည့်ဘဲ ကျွန်တော်ကြည့်ချင်တာကြည့်နေမိလို့ သူတို့ရမယ့်မုန့်ဖိုးတွေလစ်သွားသေးတယ်လေ။ အဲ့ဒါကို အခါခါရစ်နေတဲ့ကက်ဆက်ကြီးလုပ်ပြီး အခွင့်ကြုံတိုင်း ပြန်နှောက်နေကြတာရယ်။ နာရတဲ့ကြားထဲ သူတို့ကို အာရုံနောက်ရတာကတစ်မျိုး။

Heartless December❄️ ZG version Where stories live. Discover now