အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့

17 3 0
                                    

❄️❄️❄️

ကွတ်ကီးဘူးခိုးမှုကြီး ဘူးပေါ်သလိုပေါ်သွားတဲ့နောက်
အဲ့ဒီညနေက ကျွန်တော်တစ်ယောက် ခိုးရာပါပစ္စည်းကိုရှေ့ချပြီး ဖုံးထားခဲ့တဲ့ ပြစ်မှုမှန်သမျှကို မချွင်းမချန်ဝန်ခံလိုက်ရပါတယ်။ သူမသိအောင် သော့အတုလုပ်ထားမှု၊ ပိုင်နက်ကျူးကျော်မှု၊ ခွင့်ပြုချက်မရှိဘဲ သူ့အခန်းကို မွှေနှောက်မှုအပြင် ဘာကျန်ဦးမယ်ထင်လဲ...။ ဟုတ်ပါပေ့၊ အဲ့ဒီဟာပဲ။ ဒိုင်ယာရီခိုးဖတ်မှု။

"အဲ့ဒီတော့ မင်းအကုန်ဖတ်ခဲ့တယ်ပေါ့..."

"အကုန်နီးပါးလို့ပြောရမလား... အစကတော့ တစ်ရွက်နှစ်ရွက်လောက် ပိစိလေးပဲ ချောင်းကြည့်မယ်လို့ ဆုံးဖြတ်ထားတာ... ဒါပေမယ့် ကိုကိုက မျှော်လင့်ထားတာထက် အရေးအသားကောင်းနေတော့ ကျွန်တော်လည်း မျောပြီး... ဟို... စာအုပ်အဟောင်းတွေထိတော့ လိုက်မရှာခဲ့ပါဘူး၊ မနှစ်ဒီဇင်ဘာကစတဲ့တစ်အုပ်ပဲ အံဆွဲထဲရှာတွေ့တာမို့... ပြီးတော့ ကျွန်တော့်အကြောင်းပါနိုင်တာက အဲ့တစ်အုပ်ပဲရှိမှာမလား အဟဲ..."

"အကုန်ဖတ်ခဲ့တာပဲ... အဲ့ဒီတစ်အုပ်ကို..."

ဆံပင်နက်နက်လေးတွေ မျက်လုံးရှေ့ဝဲကျနေတဲ့ထိ ခေါင်းငိုက်စိုက်ချထားတဲ့ ကိုကိုက လေးလေးပင်ပင် ပြောလိုက်တယ်။ လေသံဝဲဝဲလေးဟာ flat tone တွေ အများကြီးနဲ့။ သူ့ကြည့်ရတာ "သွားပါပြီ၊ သွားပါပြီ၊ သွားပါပြီ" လို့ ဆက်တိုက်ထအော်ချင်စိတ်ကို မနည်းချွန်းအုပ်ထိန်းသိမ်းထားရပုံပဲ။ ကုတင်ပေါ်မှာ ခါးမတ်မတ်လေး ထိုင်နေခဲ့ရာက ချက်ချင်းဆိုသလို ခေါင်းငိုက်စိုက်ကျသွားပြီး သက်ပြင်းတစ်ချက်နဲ့အတူ ပခုံးတန်းတွေကိုပါ slope မျဉ်းလို လျှောချပစ်လိုက်တယ်။ အဲ့ဒီ‌နောက် ဘယ်လက်ကလေးမြှောက်ပြီး  လက်ငါးချောင်းစလုံးနဲ့ နဖူးကြောတွေကို ထောက်လိုက်တာမို့ သူ့မျက်လုံးတွေကို မမြင်ရတော့ဘူး။ ဒါပေမယ့် "သွားပါပြီ၊ သွားပါပြီ" ဆိုတဲ့ အသံတွေတော့ စိတ်ထဲက ကြားနေရတုန်းပဲ။ လေထုကတော့ အငွေ့အသက်သိပ်မကောင်းချင်။

"ငါက ခံစားချက်တွေကို စာရေးချပြီး ဖြေဖျောက်တတ်တဲ့သူမှန်း မတော်တဆသိသွားတဲ့လူက အနူးတစ်ယောက်နဲ့တင် တော်လောက်ပြီလို့ အသက် ၁၄ နှစ်တုန်းက ငါဆုံးဖြတ်ခဲ့တာ... အခုတော့ မင်းက မတော်တဆသိသွားတယ်... ငါမင်းကို... ဘယ်လိုလုပ်ရင် ကောင်းမလဲ..."

Heartless December❄️ ZG version Where stories live. Discover now