အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား

13 3 0
                                    

❄️❄️❄️

ဒီဇင်ဘာ လဆန်း ၁၁ ရက်။
မှတ်မှတ်ရရ အဲ့ဒီနေ့တုန်းက ကိုကိုအခန်းရှင်းတာကို ကူဖြစ်ခဲ့တယ်။ သူရဲ့မာစတာတန်းက ဘွဲ့တက်ယူဖို့ပဲ ကျန်တော့တာမို့ စာအုပ်နဲ့ စာရွက်စာတမ်းတွေကို စစ်ဆေး၊ အစုခွဲပြီး နေရာတကျ စီစဉ်သိမ်းဆည်းတာမျိုးပါပဲ။ ဒီအတောအတွင်း ကျန်းမာရေးအခြေအနေကြောင့် မလုပ်ခဲ့ရဘူးလေ။

"ကိုကိုက အကြမ်းစာရွက်တွေ ရှင်းပစ်ရမယ်ဆိုလို့သာ...
ကျွန်တော်တော့ အိမ်သယ်သွားလိုက်ချင်သေး၊ ကိုကို့လက်ရေးလေးတွေ ဘယ်လောက်ကြည့်ကောင်းတယ်မှတ်လဲ"

"ပစ်စရာရှိတာက ပစ်ရမှာပဲ...
မလိုအပ်တဲ့အရာတွေကို မက်မက်မောမောစုဆောင်းနေရင် တကယ်လိုအပ်တဲ့အရာတွေအတွက် နေရာမရှိဖြစ်သွားလိမ့်မယ်"

ပြောရင်းပဲ စာအုပ်တစ်ထပ်ကိုမပြီးထသွားတော့ ကြားထဲက စာရွက်ခေါက်လေးတစ်ရွက် ကျခဲ့တယ်။ ကျွန်တော်ကောက်ပြီး ဖြန့်ကြည့်လိုက်တော့ မင်ရောင်ဖျော့ဖျော့နဲ့ရေးထားတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ်။

'My heart was a crowded box.
There dwell letters I doubted to spell.
Well attached articulations
And solemn promises
Flourished once and vanished forever_
As the snow fell.
My heart was an empty box.
In one glacial winter, I threw it out.'

စာရွက်အဖြူပေါ်က မှင်အနက်...။ ကြိုးနဲ့သီထားသလိုရှိနေတဲ့ လက်ရေးဆက်လေးတွေ...။

"ဒီကဗျာက ကိုကိုရေးထားတာလား..."

"..."

စာအုပ်အထူအပါး၊ အကြီးအ‌သေးအစဉ်လိုက်ထပ်နေတဲ့ သူ့အနားသွားပြီး ကျွန်တော်တွေ့တဲ့စာရွက်ကို ပြလိုက်တော့ ကိုကိုက အဲ့ဒါကို ဆတ်ခနဲဆွဲယူသွားပြီး ထက်ပိုင်းဖြဲလိုက်တယ်။

"ဒါလည်း မလိုတဲ့ဟာ..."

အမှိုက်ပုံးထဲ ပစ်ချခံလိုက်ရတဲ့ စာရွက်အပိုင်းနှစ်ပိုင်းကို ကျွန်တော် ငေးကြည့်နေတုန်းမှာပဲ စာအုပ်တွေထည့်ထားတဲ့ စက္ကူဖာကိုသယ်ပြီး အခန်းအပြင်ကို ထွက်သွားပြန်တယ်။

*

ညနေခင်းပိုင်းမှာ ၀ရန်တာကနေ အပြင်ကိုကြည့်ရတာ ခံစားချက်တစ်မျိုးပဲ။ တစ်နေ့ခင်းလုံး ရှင်သန်လှုပ်ရှားနေသမျှအရာတွေ တဖြည်းဖြည်း သေဆုံးလာသလိုမျိုး။ မှိန်ဖျော့လာတဲ့ နေရောင်တွေနဲ့အတူ ၀င်လာတဲ့ အအေးဓာတ်။ မျက်နှာချင်းဆိုင် အရွက်ကလေးတွေ အချင်းချင်းကပ်အိပ်‌ပျော်သွားတဲ့ တချို့သစ်ပင်တွေ။ အစီအရီ ပွင့်လာတဲ့ လမ်းမီးတိုင်တွေ။ ပြီးတော့ ပလူတွေ...။

Heartless December❄️ ZG version Where stories live. Discover now