❄️❄️❄️
"လင်းခန့်... နင်ကလည်း ကြာလိုက်တာဟာ...
အသွားတုန်းကဖြင့် ဆင်ခြေလျှော၊ အပြန်ကျမှ
တောင်စဉ်ခုနစ်ထပ် ပတ်ပြီးတက်လာရတာလား..."စက်ဘီးကို အိမ်ရှေ့မှာ ဖြစ်ကတက်ဆန်းရပ်ထားခဲ့ပြီး ကျောပိုးအိတ်ကိုင်းကို လက်တစ်ဖက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင်လို့ ကျွန်တော်အိမ်ထဲဝင်လာခဲ့တော့ မီးပူတိုက်လာပုံရတဲ့ လျှော်ပြီးခေါက်ပြီးသားသူ့အင်္ကျီတွေကို လက်ထဲပိုက်ရင်း သူနဲ့အငယ်မတူတူအိပ်တဲ့ အခန်းတံခါးကို ဆွဲဖွင့်နေရာက လှမ်းအော်တဲ့ အစ်မတော်ရဲ့အသံက နားထဲဆက်တိုက် လှိမ့်ဝင်လာတယ်။
ဝင်ဝင်ချင်းမှာလှမ်းမြင်ရတဲ့ ဧည့်ခန်းထဲက မတ်တပ်နာရီကြီးမှာ နာရီလက်တံနဲ့မိနစ်လက်တံ ညွှန်ပြနေတာက ငါးနာရီစွန်းစွန်း။
"မေမေက ကိုယ့်ပစ္စည်းကိုယ်သိမ်းစရာရှိတာသိမ်းထား၊ မနက်ဖြန်မနက်စောစောပြန်မယ်တဲ့... သွား... နင့်အခန်းသွားရှင်းချည်အုံး၊ အဲ... နေပါအုံး... ကြီးကြီးက နင်အပြင်ထွက်လို့ ပန်းမှာလိုက်တာမဟုတ်ဘူးလား၊ ဘယ်မလဲပန်း..."
ကျွန်တော်ကတော့ သူ့အမေးမှန်သမျှကို တစ်ခုမှမတုံ့ပြန်မိဘဲ ကိုယ့်အတွေးကိုယ်မေးဖို့ရာအတွက်ပဲ ပါးစပ်ဟလိုက်မိတယ်။
"မမ..."
"ဟင်..."
"မမက မမရည်းစားကို အဆက်ဖြတ်ပစ်လိုက်ပြီး သူ့ကို လုံးဝမေ့ပစ်ဖို့လုပ်နေရာက ၉လ လောက်အကြာမှာ ရုတ်တရက် သူခေါ်တဲ့နေရာကို အသာတကြည် လိုက်လာဖြစ်တယ်၊ သူပေးတဲ့ပန်းကို ပြန်လက်ခံဖြစ်သွားတယ် ဆိုရင်... အဲ့ဒါမျိုးကို ဘယ်လိုခေါ်လဲ..."
"နင်ကလည်း ဥပမာပြစရာက ငါနဲ့ငါ့ရည်းစားပဲ
ရှိတာလားဟယ်... ပါးစပ်ပုပ်ချက်ပဲ""မေးနေတာ အရင်ဖြေပေးပါလား..."
အသံငြိမ်ငြိမ်နဲ့ဖိပြောလိုက်ကာမှ ဖွင့်လက်စ ဟစိစိတံခါးကို ပြန်ပိတ်ထားလိုက်ပြီး ခံတွင်းရှင်းချောင်းဟန့်လို့ သူ့အမြင်ကို ပြောပြလာရဲ့။
"ငါကြားဖူးတာတော့ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် ကာလအပိုင်းအခြားတစ်ခုရောက်တဲ့အခါ ရုတ်တရက်ကြီးဆိုသလို "ဖြစ်ခဲ့တာတွေ အကုန်မေ့ပစ်လိုက်ပြီး ဒီအတိုင်းသူ့ဆီကို ပြန်သွားချင်လိုက်တာ" ဆိုတဲ့အတွေးတွေ ပြင်းပြင်းပျပျ ပေါ်လာတတ်တယ်တဲ့... အချိန်တန်လို့ စိတ်ပြန်လည်တာ ခေါ်မှာပေါ့..."
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...