အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ

11 3 0
                                    

❄️❄️❄️

ဒီဇင်ဘာရက်တွေက တဖြည်းဖြည်းအအေးပိုလာရင်းပဲ  နှေးသလိုလိုမြန်သလိုလိုဖြစ်နေခဲ့တယ်။ ကျွန်တော်လည်း ဟိုဟိုဒီဒီ အတွေးတွေများရင်းနဲ့။

ကျောင်းကိုပြေးလိုက် ကိုကို့အနားကို ပြေးလိုက်လုပ်ရတာကတော့ ပင်ပန်းတယ်ရယ်လို့မရှိပါဘူး။ အိမ်ကလူတွေကတော့ ဘာမှ အထူးတလည် မပြောကြတော့ဘူး။ ကျွန်တော့်ကို တစ်နှစ်တာအတွင်းအိမ်မကပ်ဆုံးဆု ပေးဖို့ကြံနေကြတာလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်ခဲ့သမျှကိစ္စလေးတွေ ပြန်တည်ငြိမ်သွားပြီးတဲ့နောက် ကိုကိုကတော့ သူ့စာသင်ချိန်တွေနဲ့ အလုပ်ရှုပ်လို့ပေါ့။ ပြောမရပါဘူး။ ချုပ်ရိုးဖြည်ပြီးမှ လုပ်ချင်တာလုပ်ပါဆိုတဲ့ ကျွန်တော့်အကြံပေးချက်ကို "ဘာမှမဖြစ်ဘူး" တစ်ခွန်းလက်စွဲသုံးပြီး ပယ်ချလိုက်တာပဲ။ လည်ပင်းကပတ်တီးစတွေကို ဖုံးဖို့အတွက် ကျွန်တော်ပေးထားတဲ့မာဖလာအဖြူလေးရဲ့အကူအညီကို ယူထားတဲ့ရက်တွေတော့ များလာတယ်ပေါ့။

ကျွန်တော့်ဘက်ကကိစ္စကိုပြောရရင်တော့ ခွေးကလေးဟာ သူတစ်ဖက်‌စောင်းသဘောကျတဲ့သူနောက်ကို လိုက်နေပါတယ်... ခွေးကလေးဟာ အနာဂတ်သခင်လို့အောက်မေ့ထားသူရဲ့ဘောင်းဘီစကို ဆွဲနေပါတယ်... ခွေးကလေးဟာ လည်ပတ်ကြိုးတန်းလန်းနဲ့‌ပြေးရင်း ကြိုးကိုင်မယ့်သူကို လိုက်ဖမ်းနေပါတယ်... ဆိုတာတွေချည်း အပ်ကြောင်းထပ်နေဦးမှာမို့ တခြားအကြောင်းအရာကို ခဏလောက်ပြောင်းရအောင်...။

ဒီဇင်ဘာတတိယပတ်ထဲမှာ မထင်မှတ်ပဲဖန်လာခဲ့တဲ့ တွေ့ဆုံခြင်းနှစ်ခုအကြောင်းကို ပြောပြချင်တယ်။ ပထမတွေ့ဆုံခြင်းကတော့ ပေါ်လာမယ်လို့ ဘယ်သူမှထင်မထားလောက်သလို ကျွန်တော်တို့ဇာတ်လမ်းနဲ့ ဘယ်နေရာမှာမှပက်သက်မှုမရှိတဲ့ လူတစ်ယောက်နဲ့ပါပဲ။ ကြားဖူးနားဝရှိထားရုံသက်သက်မို့ ကျွန်တော်ကိုယ်တိုင်တောင် အရှင်လတ်လတ်တွေ့ခွင့်ရမယ် မထင်ခဲ့ဘူး။

အအေးလှိုင်းဖြတ်နေတဲ့ ဒီဇင်ဘာဆောင်းကြောင့် နှင်းမြူမကွဲသေးတဲ့ နံနက်ခင်းတစ်ခုပဲ။ ကိုကိုနံနက်အစောစာသင်ချိန်ကပြန်လာတုန်း လမ်းထိပ်မှာ သူ့ဆီလာတဲ့ကျွန်တော်နဲ့တွေ့တော့ နံနက်စာကိစ္စ ပြောဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ ကျွန်တော်သူ့ဆီက ကပ်စားဖို့မဟုတ်ပါဘူးနော်။ တစ်ခါတလေ အပြင်ထွက်စားမလား၊ မူရင်းလက်ရာမို့စားကောင်းပြီး သပ်ရပ်သန့်ရှင်းတဲ့ ရှမ်းထမင်းဆိုင်တစ်ဆိုင်တွေ့ထားတယ်လို့ သူ့ကိုဖိတ်ခေါ်ကြည့်လိုက်တာ သဘောတူညီချက်ရခဲ့တယ်လေ။ ဒါနဲ့ကျွန်တော်လည်း ကျွန်တော့်ပြိုင်ဘီးနီလေးကို သူတို့တိုက်ခန်းရှေ့က ဗာဒံပင်နားမှာ ထုံးစံအတိုင်းထောင်ထားခဲ့ပြီး သူ့ဆိုင်ကယ်နောက်ကပါလာခဲ့တာပေါ့။

Heartless December❄️ ZG version Where stories live. Discover now