အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ

10 2 0
                                    

❄️❄️❄️

အနီရောင်ဆွယ်တာ၊ အနီရောင်မာဖလာနဲ့ လမ်းဘေးမီးတိုင် နီဝါဝါတွေအောက်မှာ အနီရောင်စက်ဘီးကိုနင်းလာတဲ့ ကောင်လေးတစ်ယောက်ဟာ လမ်းတစ်လျှောက်လုံး သူ့အချစ်တွေရဲ့ နီရဲနေခဲ့မှုအကြောင်းကို မျက်ဝန်းထောင့်တွေနီလာအောင် စဉ်းစားခဲ့တယ်။

ငယ်ရွယ်မှုနဲ့အပြိုင်နီရဲသစ်လွင်နေခဲ့ပြီး နှလုံးသားရဲ့နုနယ်မှုအတိုင်း စိုအိနေခဲ့တဲ့ အချစ်တွေ...။ ချည်သားမာဖလာနီလေးလို ရှည်လျားပါစေလို့လည်း ဆုတောင်းခဲ့တယ်။ ဆွယ်တာနီလေးလို နွေးထွေးပါစေလို့လည်း ရည်ရွယ်ခဲ့တယ်။ ပြိုင်ဘီးနီလေးလို သွက်လက်ခိုင်မာပါစေလို့လည်း အောက်မေ့ခဲ့တယ်။

ဒါပေမယ့် မာဖလာရှည်တိုင်း၊ ဆွယ်တာနွေးတိုင်း၊ ပြိုင်ဘီးလေးသွက်တိုင်း ဆောင်းတွင်းရဲ့အအေးဒဏ်ကို မခံစားလိုက်ရဘဲ အိမ်ပြန်ရောက်တာမျိုးမှ မရှိတာပဲ။

"ငါမင်းကို တကယ် ဘယ်လိုမှ မချစ်နိုင်ဘူး"

"မင်း ဒီအတိုင်းဆက်လုပ်နေအုံးမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ငါမင်းကို မုန်းမိလာလိမ့်မယ်..."

ကျွန်တော့်ရဲ့နှလုံးသားကို တစ်လွှာချင်းရစ်ပတ်နေတဲ့ ကြိုးတစ်ချောင်းရှိခဲ့တယ် ကိုကို...။ ပြီးတော့ အဲ့ဒီကြိုးစကို ကိုကိုက ကိုင်ထားခဲ့တယ်။

တဖြည်းဖြည်း တင်းကျပ်လာတဲ့ခံစားမှုက ကျွန်တော့်ကို မရှူနိုင်မကယ်နိုင်ဖြစ်စေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီခံစားမှုကို ဖြစ်စေတဲ့သူက ကိုကိုဖြစ်နေတာမို့ သဘောမကျဘဲလည်း မနေနိုင်ခဲ့ဘူး။ ကိုကိုကျွန်တော့်ကို ချည်ထားတဲ့ကြိုးက အရမ်းတင်းကျပ်လာလို့ ကျွန်တော်နာကျင်ရမှာထက် အဲ့ဒီကြိုးစကို ကိုကိုလွှတ်ချလိုက်မှာကို ပိုပြီးတွေးကြောက်နေမိခဲ့တာ...။

အခုတော့... ရုတ်တရက်ကြီး တဖြည်းဖြည်းနဲ့ နှလုံးသားပတ်လည်ကနေ တစ်ခုခုပြေကျနေသလို ခံစားလာရတယ်။ ကိုကိုက ကိုင်ထားတဲ့ ကြိုးစလေးကို လွှတ်ပေးလိုက်ပြီး ကျွန်တော်က အခုလိုပြေးထွက်လာခဲ့ပြီမို့... အစကတည်းက တစ်ဖက်တည်းမှာပဲ ချည်ထားခဲ့တဲ့ ကျွန်တော်တို့ကြားကကြိုးက ကျွန်တော့်ဆီမှာပဲ ရစ်တွယ်ပြီးပါလာသလိုပဲ။ ကိုင်ထားသူမရှိတဲ့ ကြိုးအစွန်းတစ်ဖက်က ပြေလျော့ကျပြီးတော့ လမ်းတစ်လျှောက်မှာ တရွတ်ဆွဲပါလာသလိုပဲ။

Heartless December❄️ ZG version Where stories live. Discover now