အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်

8 3 0
                                    

❄️❄️❄️

"ငါ... လူတွေအမြင်မှာ သနားစရာကောင်းမနေချင်ဘူး...
အမှန်အတိုင်းပြောရရင် ငါအဲ့ဒါကို သဘောမကျဘူး"

ကျွန်တော်သိတဲ့ကိုကိုက ပတ်ဝန်းကျင်ကလူတွေ သူ့ကိုဘယ်လိုမြင်သလဲဆိုတာကို ဂရုမစိုက်သလိုနဲ့ ဂရုစိုက်တတ်တယ်။ အများကြားထင်ပေါ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားဆင်ပြင်နေတာမျိုး စိတ်မ၀င်စားပေမယ့် သူသတ်မှတ်ထားတဲ့ သူနေနေကျပုံစံ မပျက်ယွင်းဖို့ တစ်ခုကိုတော့ အတော်လေးအာရုံစိုက်တဲ့သူမျိုး။ ဘာလို့လဲဆို သူကိုယ်တိုင်က သူ့နေထိုင်ပုံနဲ့ အသွင်အပြင်ကို တစ်သမတ်တည်းဖြစ်ချင်လို့၊ အားနည်းတဲ့ပုံစံပြရတာကို မကြိုက်လို့၊ ဘယ်သူ့ဆီကမှ အသနားမခံချင်လို့။ အဲ့ဒါက ဘ၀ရဲ့ အချိန်အတော်များများကို တစ်ယောက်တည်း ရှင်သန်ကြီးပြင်းလာတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဗီဇမျိုးပဲလို့ ပြောရမလား။ ပတ်ဝန်းကျင်က တစ်ကောင်ကြွက်လို့ခေါ်တဲ့အခါ ငါက တစ်ကောင်တည်း‌သောခြင်္သေ့ ဖြစ်ပြလိုက်မယ်ဆိုတဲ့ ဟန်ကိုယ့်ဖို့မာန်သူ့ဖို့ မူဝါဒလေ။ ပြဿနာက ကျွန်တော်ကတော့ ကိုကို့ကို ဘယ်လိုကြည့်ကြည့် နှင်းပန်းပွင့်လေးလို့ပဲ မြင်နေတယ်။

အထက်ပါဟာ စက္ကန့်ပိုင်းလောက်အတွင်း ကျွန်တော့်ခေါင်းထဲ ဖြတ်သွားတဲ့အတွေးတွေပေါ့။ သူက လူမမာပုံပေါက်နေသေးလား လို့မေးရာက လူတွေဆီက သနားခံရမှာကို သဘောမကျတဲ့အကြောင်းပါ ကြားလိုက်ရတော့ တုံ့ပြန်စကားရှာရတာ ‌ယောင်ချာချာနဲ့ရယ်။

"မင်းအမြင်မှာရော ငါကသနားစရာကောင်းနေတဲ့ အခိုက်အတန့်မျိုး ရှိခဲ့ဖူးလား..."

"..."

ပါးစပ်ကတော့ ပိတ်လျက်ပေါ့။ ဒါပေမယ့် စိတ်ကတော့ ခရီးစသွားရပြီ။ ဦးနှောက်ရဲ့ အလိုအလျောက်တုံ့ပြန်မှုအရ မှတ်ဉာဏ်ခန်းထဲ ဖလင်ချပ်တွေ ကသုတ်ကရက်လည်သွားကြတော့ ပထမဆုံးမြင်ကွင်းက အဲ့ဟိုဒီဇင်ဘာက အခန်းတံခါးနောက်မှာ ပေါ်လာတဲ့ ကိုကို့ရဲ့ မျက်ရည်ကျလျက်တစ်မျက်နှာ...။ ပြီးတော့ သူမူးပြီး ကျွန်တော့်ကို သူ့ရည်းစားဟောင်းလို့ မြင်နေခဲ့တဲ့ခဏ ကျွန်တော့်လည်ပင်းကမာဖလာကို ကိုင်ရင်း ခပ်တွေတွေကြည့်နေခဲ့တဲ့ အခြေအနေ...။ ကျွန်တော်သူ့ကိုလာချောင်းတုန်း ရှေ့လမ်းထဲမယ် အာကာဝေယံနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နောက်တစ်ရက်မနက်မှာ ဖြူဖျော့နေတဲ့ပုံစံနဲ့ မြင်လိုက်ရတဲ့အချိန်...။ အဲ့အချိန်က သွေးခြေဥနေတဲ့ ကိုကို့နှုတ်ခမ်းတွေ...။ ကျွန်တော်စောင့်နေတဲ့ လမ်းကြားထဲကို ညာဘက်လက်ဖဝါးမှာ သွေးစက်လက်နဲ့ လျှောက်လာခဲ့တုန်းက သူ့ရေစိုစိုမျက်ဝန်းနက်တွေရော...။ နောက် ဘုရားကျောင်းထဲမှာထိုင်ရင်း လူမသိသူမသိ ငြိမ်ငြိမ်ဆိတ်ဆိတ် ငိုနေခဲ့တဲ့ နောက်ကျောပြင်လေးရော...။ မွေးရပ်မြေကသူ့အိမ် မရှိတော့ကြောင်း ကျွန်တော့်ကိုပြောပြတဲ့ မဝဲတဝဲလေသံရော...။ အာကာဝေယံတစ်ယောက် အိမ်တိုင်ရာရောက် လာသောင်းကျန်းသွားတဲ့ညက နံရံကိုမှီပြီး အံကြိတ်လျက် ကျန်ခဲ့တဲ့ပုံစံရော...။ နောက်ပြီး ဒဏ်ရာတစ်ခုခုရတဲ့အချိန်‌တွေ  နေမကောင်းတဲ့အချိန်တွေမှာ ကျွန်တော်သူ့ကို ဂရုစိုက်ပေးတဲ့အခါ ထူးဆန်းသလို ပြန်ကြည့်တတ်တဲ့အကြည့်တွေ...။ မဟန်သာတဲ့အဆုံးမှ ‌‌တင်းအားလျှော့ချလိုက်တတ်တဲ့ ပခုံးတန်းတွေနဲ့ ခါးမတ်မတ်ရှိမနေတဲ့အခါ အားငယ်နေတဲ့ကလေးလေးတစ်ယောက်လို ဖြစ်သွားတတ်တဲ့ နောက်ကျောပြင်လေး... စသဖြင့် ကျွန်တော်ပဲ ချောင်းလျက်တစ်လှည့် ရှေ့ကတစ်လှည့်မြင်ခဲ့ရတဲ့ မျက်ရည်တွေ...၊ နာကျင်မှု၊ လစ်ဟာမှု အပိုင်းအခြားတွေနဲ့ ပြည့်လျှံနေတဲ့ အခိုက်အတန့်တွေ...။

Heartless December❄️ ZG version Where stories live. Discover now