2

4.1K 541 35
                                    

အပိုင်း။ ၂

သုံးရောင်စပ် ကြာပွင့်ကြီးများအပြင် ဆန်းဆန်းပြားပြား ဒဏ္ဍာရီလာ သားရဲပုံများ ရေးဆွဲထားတဲ့ ပန်းချီကားနံရံက ခမ်းနားတဲ့ ဇိမ်ခံရေပူစမ်းရဲ့ အတွင်းဘက် မြင်ကွင်းကို လုံလောက်အောင် ကာရံထားပေးတယ်။

အငွေ့ တထောင်းထောင်းထနေတဲ့ ရေပူစမ်းက နို့ရည်လို ဖြူဖွေးနေတယ်၊ မွှေးပျံ့လွန်းတဲ့ နှင်းဆီပွင့်ချပ်များ လှုပ်လီလှုပ်လဲ မျောပါနေပုံက ကန်ထဲမှာ သွေးစွန်းနေတဲ့ နမိတ်ဆိုးပန်းတွေ ပွင့်အာနေကြသလို မြင်ရသူရဲ့အာရုံကို ဖမ်းစားထားနိုင်တယ်။

ကန်မျက်နှာပြင်ကို ရိုက်ခတ်လာတဲ့ အလင်းတန်းတွေက သိက္ခာတော်ရ ဟယ်ရှန်ရဲ့ စွတ်စိုနေတဲ့ မျက်နှာပေါ်မှာ တံလှပ်ထင်နေပြီး ရေခဲရိုက်မျက်နှာကို ပိုမိုဖြူရော်သွားစေတယ်။

အစွန်းအထင်းမရှိ သန့်စင်နေတဲ့မျက်နှာမှာ မျက်လုံးကို တင်းတင်းမှိတ်ထားတာကြောင့် မျက်ခုံးတန်း အလယ်တည့်တည့်မှာရှိနေတဲ့ အနီရောင် အမှတ်အသားလေးက ပိုပြီးထင်ရှားလာတယ်၊ သွေးမရှိသလိုမျက်နှာနဲ့ ကျောက်စိမ်းရုပ်ထုကြီးအလား ရေလယ်ခေါင်မှာ မြဲမြန်စွာ ရပ်နေတဲ့အခါ ဝေးကွာပြီး အေးစက်လွန်းတဲ့ရောင်ဝါက တစ်ပါးုသူကို ချဉ်းကပ်လာဖို့ ချီတုံချတုံ ဖြစ်စေတယ်။

အခုချိန်မှာတော့ သူ့၀တ်ရုံက ရေပူစမ်းကြောင့် စိုနေခဲ့ပြီ၊ သိပ်မကြာခင်မှာပဲ ရေထဲမှာ လှုပ်ရှားသွားသံတချို့ ပဲ့တင်ထပ်လာတယ်၊ မျက်လုံးတွေကို တိတိပပ ပိတ်ချထားပေမဲ့ လက်ရာမြောက် သလင်းစိမ်းလှေကားထစ်တွေကနေ ဆင်းလာမဲ့ မင်းသမီးရဲ့ပုံရိပ်ကို မျက်လုံးထဲ မြင်ကြည့်လို့ ရနေသေးတယ်။

ခြေတစ်လှမ်း ချလိုက်တိုင်း ပေါ်လာတတ်တဲ့ လှိုင်းကြပ်ခွပ်လေးတွေက သံစဉ်တွေအလား သူ့မျက်ခုံးတန်းနှစ်ခုကြားမှာ ထင်ဟပ်ကခုန်တယ်၊ ဟယ်ရှန်က တတ်နိုင်သလောက် မျက်ခွံတွေကို တင်းတင်းမှိတ်ထားလိုက်ပြီး နှလုံးသန့်စင်ခြင်းကျမ်းစာကို အရှိန်မြှင့်ကာ ရွတ်ဆိုရှာတယ်။

ရေထဲမှာ လှုပ်ရှားနေသံက ဝေးရာကနေ တဖြည်းဖြည်း နီးလို့လာတယ်၊ လှိုင်းကြပ်ခွပ်လေးတွေက စက်ဝိုင်းပုံစံ လှုပ်ခတ်သွားပြီး ဟယ်ရှန်ရဲ့ ရင်အုပ်ကျယ်ကြီးကို အဆင့်ဆင့် လာရိုက်ကုန်တယ်၊ မင်းသမီးရဲ့ စကားသံက တိုးညင်းသိမ်မွေ့လွန်းတာမို့ ထင်ယောင်ထင်မှား ဖြစ်နေသလို ခံစားရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now