5

3.2K 504 47
                                    

အပိုင်း ၅။

ကျင်းလင်မှာ နွေဦးရာသီ စတင်ချိန်မို့ အပူမပြင်းဘူး၊ ဒါပေမဲ့ လေထုက အနည်းငယ် ခြောက်သွေ့နေတယ်၊ မြို့ထဲမှာ လန်းဆန်းတဲ့ လေပြေညင်းတွေ မရှိတဲ့အခါ လူတိုးတိုး ကြိတ်ကြိတ်နဲ့ ရှုပ်ထွေးနေတဲ့နေရာတွေက အပူတရှိန်းရှန်းနဲ့ ပိုပြီး မွန်းကျပ်စရာ ကောင်းတယ်၊ ကောက်ရိုးယပ်တောင် ကိုင်ထားတဲ့ အထမ်းဈေးသည်တွေရဲ့ ကျောပြင်မှာ အပူဒဏ်ကြောင့် ချွေးတဒီးဒီး ကျနေရှာတယ်၊ ဒါပေမဲ့လဲ မနေနိုင်ဘဲ လည်တဆန့်ဆန့်လုပ်ရင်း ပြောပြနေတဲ့ အတင်းအဖျင်း စကားတွေကို နားစွင့်နေခဲ့တယ်။

သံသယဖြစ်စရာ မရှိဘူး၊ လက်ရှိ မြို့တော်မှာ အကျော်ကြားဆုံးဖြစ်နေတဲ့ သတင်းက ဧကရာဇ်ရဲ့သမီးတော်နဲ့ သိက္ခာတော်ရ ဟယ်ရှန်တို့အကြားက ရှုပ်ထွေးလှတဲ့ ချစ်မှုရေးရာကိစ္စပဲ။

ဧကရာဇ်ရဲ့ ရှုမငြီးတဲ့ ချစ်သမီးတော်က အကျင့်ပျက်ပြီး တဏှာရာဂစိတ် လွန်ကဲတဲ့သူမှန်း လူတိုင်းသိတယ်၊ ဒါပေမဲ့ ဒီတစ်ခါ သူမျက်စိကျသွားတဲ့လူက အားလုံးလေးစားရတဲ့ သိက္ခာတော်ရ ဟယ်ရှန် ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ကြဘူးပေါ့။

မင်းသမီးက ချီလင်တောင်မှာ ဆုတောင်းဖို့ သွားကတည်းက ရိပေါ်သာ့ရှီးရဲ့ တရားထိုင်ရာအဆောင်ကို နေ့ညမရှောင် ဝင်ထွက်သွားလာတယ်၊ မင်းသမီးကြောင့် ဟယ်ရှန်မှာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေကလဲ ရှိနှင့်ပြီးသား။

မကောင်းဆိုးဝါးလို သမီးတော်က ခေါင်းမာလွန်းတယ်၊ ဒီတစ်ခါမှာလဲ ဟယ်ရှန်ကို အတင်းအကြပ် ဖမ်းဆီးပြီး ဝေါယာဉ်ထဲမှာ ဖွက်ခေါ်လာတယ်၊ တကယ်လို့ ဟယ်ရှန်သာ အင်အားသုံးပြီး လွတ်မြောက်ဖို့ မကြိုးစားခဲ့ရင် သူ့ရဲ့ရိုးသားဖြူစင်မှုက အရောင်စွန်းထင်း သွားရှာမှာ။

အသေးစိတ်ကျလွန်းတဲ့ ကောလဟလ သတင်းက နာရီပိုင်းအတွင်းမှာပဲ မြို့တော်အနှံ့ မောင်းခတ်စရာမလိုဘဲ ပျံ့နှံ့သွားပြီး လူစိတ်ဝင်စားမှု အများဆုံး နံပါတ် ၁ သတင်း ဖြစ်လာတယ်။

အများစုက သမီးတော်ကို အပြစ်တင် နှာခေါင်းရှုပ်ကြပြီး၊ ရိပေါ်သာ့ရှီးကိုတော့ ကရုဏာသက် မဆုံးကြဘူး၊ အကြောင်းကတော့ ဒီမင်းသမီးဆီက ပစ်မှတ်ထား မျက်စိကျခံရပြီဆိုရင် ဘယ်လိုလူပဲဖြစ်ဖြစ် မလွတ်မြောက်နိုင်ဘူးဆိုတာ သူတို့အားလုံး သိကြတာကြောင့်ပါပဲ။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now