19

2.6K 410 47
                                    

အပိုင်း။ ၁၉

ချုံဟွား ပန်းနတ်ဘုရားမအဖြစ် ၀င်ရောက်ရွေးချယ်ခံတဲ့လူတွေက များပြားလွန်းတဲ့အတွက် တစ်ဦးချင်းဖျော်ဖြေချိန်က ထင်ထားတာထက် ကြာနေတယ်၊ ဘယ်လောက်ပဲ ပန်းလေးလိုလှတဲ့ မိန်းကလေးတွေ ဆိုကနေပါစေ၊ မြင်ရတာများလာတော့ မျက်လုံးညောင်းလာတယ်၊ ကြာတော့ ပရိတ်သတ်က ဂနာမငြိမ်တော့ဘဲ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်၊ နောက်ဆုံးထွက်မဲ့မိန်းကလေး မြန်မြန်ထွက်လာဖို့ စိတ်မရှည်စွာနဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ်တောင်းဆိုနေကြတာတောင် ရှိတယ်။

ပတ်၀န်းကျင်က ထိန်ထိန်ဝေနေတဲ့မီးပွင့်တွေ ရုတ်ချည်းမှိတ်ကျသွားပြီး ဖျော်ဖြေရမဲ့စင်မြင့်မှာသာ အလင်းရောင်ကျန်နေခဲ့တယ်၊ ရေလယ်ခေါင်က စင်မြင့်ပေါ်မှာတော့ မျက်နှာပြင်မှာ ပျိုနီပန်းပွင့်များရေးဆွဲထားတဲ့ ဗုံကြီးတစ်လုံးရှိတယ်၊ ဖျော်ဖြေမဲ့မိန်းမပျိုကို မမြင်ရသေးခင်မှာပဲ အထဲကနေ ပဝါတစ်စပျံထွက်လာပြီး ဗုံကြီးကိုတီးလိုက်တာမို့ အသံအကျယ်ကြီး ထွက်သွားခဲ့တယ်။

ဒုံး!!

အောင်မြင်တဲ့ဗုံသံကြောင့် အားလုံးရဲ့အာရုံက လှုပ်နှိုးခံလိုက်ရသလို ပြန်လည်နိုးကြားလာတယ်၊ သူတို့ဆီက အော်ဟစ်အားပေးသံတွေ ထွက်မလာသေးခင်မှာပဲ အဖွင့်တီးခတ်လိုက်သူ မိန်းမပျိုက မီးတောက်မီးလျှံများလို ရဲရဲတောက်နေတဲ့၀တ်စုံကို ဆင်မြန်းပြီး စင်အလယ်မှာ ပေါ်လာခဲ့တယ်။

ပေါ့ပါးလှပတဲ့ အနီရောင်ပိုးသား အက၀တ်စုံက လေနဲ့အတူ အရပ်မျက်နှာအနှံ့ကို လွင့်မျောနေတယ်၊ ပြိုင်ပွဲ၀င်မိန်းကလေးက မျက်နှာတစ်၀က်ကို ပိုးစနဲ့ကာထားတယ်၊ ဖော်ထားတဲ့ ဖီးနစ်မျက်လုံးတွေက ရွှန်းလဲ့ကာ ညို့ယူဖမ်းစားနိုင်စွမ်း မြင့်မားလွန်းတယ်၊ မျက်လုံး၀င့်ကြည့်လိုက်တိုင်း ရင်ထဲမှာ ချစ်ကြိုးသွယ်တန်းချင်စိတ်တွေ တဖွားဖွား ပေါ်သွားစေနိုင်တယ်။

အ၀တ်လွတ်နေတဲ့ ခါးနေရာမှာ ပွင့်အာနေတဲ့ပျိုနီပန်းပွင့်များ ရေးဆွဲခြယ်မှုန်းထားတဲ့အခါ ဆွဲဆောင်မှုရှိရုံမက အမြင်ပါဆန်းသစ်သွားတယ်၊ ခန္ဓာကိုယ်ကို လှုပ်ခါပြီး ကျက်သရေရှိစွာ ကလိုက်တိုင်း ပျိုနီပန်းတွေပါ အသက်၀င်လှုပ်ရှားပြီး တိတ်ဆိတ်စွာ ပွင့်ဝေကုန်ကြသလို ခံစားရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now