54

2.3K 429 85
                                    

အပိုင်း။ ၅၄

ဧကရာဇ်က သမီးတော်ရဲ့မွေးနေ့တိုင်းကို အမြဲလို ခမ်းခမ်းနားနား ကျင်းပပေးလေ့ရှိတယ်၊ ဒီနှစ်မှာလဲ စားပွဲသောက်ပွဲအပြင် ကျင်းလင်မြို့တော်ရဲ့ လမ်းမကြီးတိုင်းမှာ ၃ ရက် ၃ ည တိုင်တိုင် မီးပုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ အလှဆင်ထားပေးပြီး မြို့တော်မှာနေထိုင်တဲ့ ပြည်သူတွေအားလုံးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲစေတယ်။

တစ်ခုပဲ ပွဲရဲ့အဓိကလူကတော့ ကြီးကျယ်လွန်းတဲ့ ဂုဏ်ပြုစားသောက်ပွဲကြီးကို စိတ်ဝင်စားဟန် မပြဘူး၊ မွေးနေ့က နှစ်တိုင်းရှိနေတာ၊ ပွဲတော်ကလဲ နှစ်တိုင်းကျင်းပလာတာမို့ ကြာတော့ ပျင်းစရာ ကောင်းလှပြီ။

ရှောင်းကျန့်က ပင်မခန်းမဆောင်ကြီးရဲ့ဒုတိယအမြင့်ဆုံးခုံမှာ ထိုင်နေပြီး ဒီနှစ်အတွက် ဧကရာဇ် ချီးမြှင့်လာတဲ့ လက်ဆောင်ကို ကြည့်နေတယ်၊ လက်ဆောင်ကို ရှောင်းကျန့်ပြည့်သွားတဲ့ အသက်အတိုင်းပေးတာမို့ လှပဆန်းပြားတဲ့ ကျောက်စိမ်း အဆင်တန်ဆာ အမျိုးပေါင်း ၂၈ မျိုးက အမတ် ဝန်မင်းအရာရှိတွေရဲ့ ရှေ့မှောက်မှာ တစ်ခုပြီးတစ်ခု ရောက်လာတယ်။

ကြည့်နေရင်း ပျင်းရိလာတာမို့ ပွဲတစ်ခုလုံးမှာ သူ့တစ်ယောက်တည်းအတွက် ပြင်ပေးထားတဲ့ သက်ရှည်ခေါက်ဆွဲကို ရှောင်းကျန့်က မစားဘဲ တူနဲ့ထိုးဆွနေတယ်၊ မွေးနေ့နဲ့ပတ်သက်ရင် ကောင်းတာ ဘာများရှိလို့လဲ၊ သူ့မယ်တော်ရဲ့အသက်နဲ့ လဲယူခဲ့ရတဲ့ မွေးနေ့လေ။

ဒါပေမဲ့ ဒီနှစ်အတွက်တော့ ခါတိုင်းနဲ့မတူတာ တစ်ခုခုကို တိတ်တိတ်လေး မျှော်လင့်နေခဲ့တာ၊ နှမျောစရာ ကောင်းတာက သိမလားလို့ သွေးတိုးစမ်း မေးကြည့်ပေမဲ့ မျှော်လင့်ချက်တွေသာ ပျက်သုဉ်းသွားတယ်၊ ဘာမှဖြစ်မလာခဲ့ဘူး၊ ချီလင်တောင်က မြို့ပြင်မှာရှိတာ၊ ဟိုတစ်ယောက်ကတော့ သူ့မွေးနေ့မှန်း သိဖို့နေနေသာသာ၊ မြို့ထဲမှာ ဘာဖြစ်နေလဲဆိုတာကို စိတ်ဝင်စားမှာ မဟုတ်ဘူး။

ရှောင်းကျန့်ကြောင့် သက်ရှည်ခေါက်ဆွဲက ရွှေပန်းကန်လေးထဲမှာ အပတ်ပေါင်းများစွာ လည်နေတယ်၊ နောက်ဆုံးတော့ ရှောင်းကျန့်က တူကိုပါ ပစ်ချလိုက်တယ်၊ စိတ်ကလဲ နည်းနည်းလေးတောင် ပျော်မလာဘူး၊ အဲဒီအချိန်မှာပဲ ပါးလွှာလှပတဲ့အကဝတ်စုံကို ဝတ်ထားတဲ့ ဟွာအန်းက ကပွဲစင်ရဲ့အလယ်မှာ လှပကျော့ရှင်းစွာ လာရပ်တယ်၊ သူက ရှောင်းကျန့်ကို ဂုဏ်ပြုဖို့အတွက် တစ်ပုဒ်လောက် ကပြချင်ကြောင်း ပြောလာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now