13. Flying Chicken

2.6K 455 7
                                    

အပိုင်း ၁၃။ ကြက်ပျံ

မီးဇာမဏီ လုံးဝမအံဩသွားပေ။

ငရဲမင်းကြီး၏တန်ခိုးက သူမစိတ်ကူးနိုင်တာထက် ပိုသာလွန်၏။ မင်းကြီးရောက်နေသည့် နယ်ပယ်အဆင့်သည် မကြုံစဖူးပင်ဖြစ်သည်။

ငရဲမင်းကြီးက သူမနှင့် အခြားသောဘုရင်တို့ မျှော်ကြည့်ရုံသာတတ်နိုင်သည့် ကြီးမာသော တောင်တစ်ခုနှင့် အလားသဏ္ဌာန်တူသည်။ သူတို့က ငရဲမင်းကြီး၏ အဆင့်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိရှိကြသည့်အတွက် တတ်စွမ်းသမျှများများ ရိုသေလေးစား ဦးထိပ်ထားဖို့သာ လုပ်နိုင်ကြသည်။

ထို့ကြောင့်လည်း မီးဇာမဏီက သူမ ရောက်ရှိနေကြောင်းကို ငရဲမင်းကြီးမသိအောင် ဖုံးကွယ်မထားနိုင်ဘူးဆိုတာ သူမ သိရှိပြီးဖြစ်သည်။

ဒါပေမဲ့ သူမ မျှော်လင့်မထားတာကတော့ ထိုသို့ ကသောင်းကနင်းအဖြစ်မျိုး မြင်တွေ့ရလိမ့်မည် ဆိုတာပါပဲ။

သူမကို ဦးဆောင်ခေါ်ငင်လာသည့် အဖြူဝတ်အဘိုးအိုသည် ကောင်းကင်ထွတ်ထိပ်မျှော်စင်၏ ကိစ္စဝိစ္စအထွေထွေကို တာဝန်ယူရသူဖြစ်သည်။ သူက မီးဇာမဏီကို ငရဲမင်းကြီး၏ နားနေဆောင်သို့ အလွန်လွယ်လင့်တကူ လမ်းညွှန်ပေးလိုက်သည်။ ဒါပေမဲ့ သူ မြို့တံခါးမဖွင့်ခင်မှာပဲ မီးဇာမဏီကို ရုတ်တရက်ပြောလိုက်၏၊ "ဇာမဏီဘုရင်၊ အသင် အဲ့မှာဘာကိုပဲတွေ့တွေ့ ကျေးဇူးပြုပြီး အံအားမသင့်သွားပါနဲ့။"

မီးဇာမဏီက ချက်ချင်းစိတ်ဝင်စားသွားရသည်။ ဒါပေမဲ့လည်း အဖြူဝတ်အဘိုးအိုက ဆက်မပြောတော့ဘဲ လှည့်ပြန်သွားလေ၏။

တံခါးအတွင်းမှ ထွက်လာသည့် ဆူဆူညံညံအသံတွေကို သူမ ရုတ်တရက် ကြားလိုက်ရပုံရသည်။

"ဝင်ခဲ့!" ငရဲမင်းကြီး၏ အေးစက်သော အသံက ထွက်ပေါ်လာသည်။

မီးဇာမဏီက သူမမျက်နှာပေါ်မှ သံသယတို့ကို ဖုံးကွယ်ဖို့ လေးနက်ဟန်အသွင် ပြောင်းလိုက်ကာ တံခါးကို ညင်သာစွာဖွင့်လိုက်သည်။

"မပြေးနဲ့!!!!!" ကြည်လင်ေသာ ဟိန်းဟောက်သံက ရုတ်ချည်းထွက်ပေါ်လာ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now