Chapter 73

4K 534 21
                                    

Unicode

ကိုကိုနဲ့စာကြည့်တိုက်သွားမယ်

ပထမဆုံးသောအကြိမ်အနေနှင့် မနက်စောစောမှာ လင်းမြောင် နိုးမလာခဲ့။

ဆောင်းရာသီပိတ်ရက်ရဲ့ ဒုတိယမြောက်နေ့ အိမ်တွင်ဖြစ်ပြီး သူမရဲ့ လစဉ်ဓမ္မတာ စတင်လာနေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူမ သိပ်ပြီးမခံစားရတတ်။ ဒါပေမယ့် ဒီတစ်ကြိမ်တွင် သူမခေါင်းက မူးဝေကာ ထိုးကိုက်နေ၏။ ဝမ်းဗိုက်မှာလည်း ခပ်ဖျော့ဖျော့ကိုက်ခဲနေသည်။ ပြင်းပြင်းထန်ထန် မဟုတ်သော်ငြား အတော်လေး မအီမသာဖြစ်နေလေသည်။

မေမေက သူမအတွက် သကြားညိုရည်ကြိုပေးလာ၏။ လျှပ်စစ်စောင်ကိုလည်း ပလပ်ထိုးပေးခဲ့ကာ သူမကို ကြာကြာလေးအိပ်စေသည်။

သကြားညိုရည်သောက်ပြီးတဲ့နောက် လင်းမြောင် အများကြီးပိုသက်သာလာသည်။ သူမ အိပ်ရာထလာပြီးနောက်မှ ကိုကို သူမကို မက်ဆေ့ချ်ပို့ထားတာ သတိပြုမိလိုက်လေသည်။

လင်းမြောင် ချက်ချင်း စာပြန်လိုက်သည်။

သခင်လေးက နောက်ထပ်စာတစ်စောင် ပို့လာသည်။ “ဒီနေ့ စာကြည့်တိုက် သွားကြမလား”

လင်းမြောင် နောင်အခါမှာ စာဆက်သင်ချင်၏။ ထို့ကြောင့် အားလပ်ရပ်တွင် စာကြည့်တိုက်မှာ စာအုပ်တွေ ပိုဖတ်ချင်ကြောင်း သူ့ကိုပြောခဲ့ဖူးသည်။

သူမ သိပ်ပြီးတော့နေလို့မကောင်းသေး။ ဒါပေမယ့် ယုကျင်းရွှမ်ရဲ့မက်ဆေ့ချ်က သူမကို အပြင်ထွက်ဖို့ ခွန်အားရလာစေသည်။

သူမ အိပ်ရာပေါ်ကနေ ကုန်းထလိုက်ပြီး ရေချိုးခန်းသို့ မျက်နှာသစ်၊ ခေါင်းလျှော်ဖို့ ချီတက်သွားသည်။

“ခေါင်းမလျှော်ရဘူးနော်”

လင်းမြောင်အမေက မီးဖိုချောင်ကနေထွက်လာချိန် သူမကလည်း အခန်းထဲကနေ ထွက်လာတာဖြစ်သည်။
“သက်သာလာဖို့ ကြန့်ကြာနေလိမ့်မယ်၊ ပြီးတော့ သမီးရဲ့ဆံပင်ကလည်း အဆီထွက်နေတာမှ မဟုတ်တာ၊ နောက်တစ်ပတ်လောက်ထိ ကျောင်းပိတ်ထားတာပဲ အဲ့တော့ ချွေးသိပ် ထွက်မှာမဟုတ်ဘူး၊ နေ့တိုင်း ခေါင်းလျှော်စရာမလိုတော့ဘူးလေ”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now