အခန်း(၃၁) ရန်စခြင်း (ပထမပိုင်း)

5.1K 656 13
                                    

"အရှင်ကျွန်တော့်ကို ချစ်လား"

ကုထင်ရန်၏ အကြည့်များက
ကျောက်ဝမ်ယုံး၏ ကိုယ်ပေါ် တောက်လျှောက် ကပ်ငြိနေသည်။ ထိုအကြည့်တွေက ကြည့်ရတာ အာရုံစူးစိုက်မှုရှိပြီး စိတ်အားထက်သန်မှုများ ကိန်း‌ဝပ်နေပုံပေါ်သည်။ ကျောက်ဝမ်ယုံး၏ မှတ်ဉာဏ်တွေထဲမှာ ဒါက ပထမဆုံးအကြိမ် ဖြစ်လိမ့်မည်။ ပထမဆုံးအကြိမ် သူက ကုထင်ရန်၏ မျက်ဝန်း‌တွေထဲ၌ ဒီလောက်ထိ ရှင်းလင်းပြတ်သားစွာ ကိုယ့်ကိုယ်ကို မြင်ရတာဖြစ်သည်။

ချစ်ကျွမ်းဝင်ရင်းနှီးဆုံး ချစ်သူတွေလိုမျိုး သူတို့က နီးကပ်နေကြသည်။

ကျောက်ဝမ်ယုံးက သူ့နှလုံးသားအောက်ခြေ၌ နက်ရှိုင်းစွာမြှပ်နှံထားသည့် အချစ်တွေအားလုံးကို ရုတ်တရက် မျက်စိရှေ့က လူဆီ ပုံအောဆက်သချင်လာသည်။

ထိုတခဏတာမှာ ရှိရှိသမျှအရာအားလုံးတောင် အရေးမကြီးတော့‌ချေ။

အကယ်၍ သူက ထိုလူနဲ့ တစ်ဘဝလုံး ရွှေလက်တွဲသွားနိုင်ရင် သူ ဘဝမှာ နောင်တရစရာတွေ ထပ်မရှိတော့မှာ သေချာသလောက်ရှိသည်။ တကယ်လို့ ထိုလူလည်း သူ့ကို ချစ်ရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ။

သို့သော် ထုတ်ပြောမလို့လုပ်သည့်တခဏမှာ သူတွန့်ဆုတ်နေမိသည်။ ဒီလောကကြီးမှာ သူ့ရဲ့ ခံစားချက်ကို အပြည့်အဝ ဖော်ပြ‌ပေးနိုင်သည့် စကားလုံးတစ်လုံးကိုတောင် လုံးလုံးရှာမတွေ့တော့သလိုပင်။

သူက ကြံရာမရသဖြင့် ပြောလိုက်သည်။

"အင်း"

ပြောပြီးနောက် နောင်တရမိသွားသည်။ စိတ်ထဲကမပါဘဲ ပြောလိုက်တယ်လို့ ကုထင်ရန်က ထင်သွားမှာကြောက်နေသည်။ သူက အလောတကြီးဖြင့် ကုထင်ရန်ကို ကြည့်လိုက်သည့် မျက်ဝန်းအကြည့်ထဲတွင် ပျာယာခတ်မှုများ အတိုင်းသား မြင်နေရသည်။ ကုထင်ရန်က ရုတ်တရက်ရယ်လိုက်သည်။ နွေဦးရာသီ၏ နွေဦးလေပြေကဲ့သို့ နွေးထွေးသာယာနေသည်။

သူကထပ်မေးလိုက်သည်။

"အဲ့ဒါဆို ကျွန်တော်ဘာပဲလုပ်လုပ် အရှင်ကျွန်တော့ကို ချစ်မှာလား"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now