အပိုင်း(၇၈) လမစေ့ဘဲမွေးခြင်း (ဒုတိယပိုင်း)

3.9K 515 24
                                    

ကျောက်ဝမ်ယုံးက ထိုစကားကို ကြားတော့ မျက်နှာတစ်ပြင်လုံး ဖြူစုတ်သွားပြီး နှုတ်ခမ်းတောင် တဆက်ဆက်တုန်ယင်လာသည်။

"ကိုယ်တော် သူတို့ သားအဖကို ဘေးကင်းစေချင်တယ်"

ထိုစကားထဲမှာ စကားလုံးတိုင်းက သွားကြားထဲက ထွက်လာသလို အလွန်အမင်း ခက်ခက်ခဲခဲ ပြောနေရသည်။

လီယွမ်က တစ်ချက်ကြည့်လိုက်တာနဲ့ အရှင်မင်းကြီး၏ လက်ရှိ အနေအထားကို သဘောပေါက်လိုက်သည်။ အခက်တွေ့နေပြီဆိုတာ သိသာထင်ရှားနေပေမယ့် သူတစ်ခွန်းမှ မပြောရဲပေ။ ကုထင်ရန် သွေးတိတ်အောင် အစွမ်းကုန်ကြိုးစားနေရသည်။ မဟုတ်လို့ကတော့ တစ်ခုခုမှားသွားတာနဲ့ ဒီနေရာမှာရှိနေသည့်လူအားလုံးက သခင်လေးနှင့်အတူ မြှပ်နှံခံလိုက်ရမည်။

အပြင်ဘက်ရှိ နန်းတွင်းသူက ရေနွေးတစ်ဇလုံသယ်ပြီးဝင်လာလိုက် ပြန်ထွက်သွားသည့်အခါ သွေးဇလုံအဖြစ်ပြောင်းသွားလိုက်နှင့် ကြည့်ရတာ ထိတ်လန့်စရာကောင်းလှသည်။ ကုထင်ရန်၏ စူးစူးဝါးဝါးအော်သံက နန်းဆောင်တစ်ခုလုံးအနှံပျံနှံ့နေသည်။ ရှိရှိသမျှလူအားလုံး၏ မျက်နှာက တည်တံနေပြီး ဘယ်သူမှ မလေးမခန့်မပြုရဲကြပေ။

တစ်နာရီကျော်လောက်ကြာပြီဖြစ်သည်။
လီယွမ်၏ နှာဖူးမှာလည်း ချွေးအေးတွေ ထွက်နေသည်။သူ ဆေးကုလာသည့် နှစ်ပေါင်းများစွာမှာ ယောင်္ကျားလေးက ကလေးမွေးသည့်ဖြစ်ရပ်မျိုး ဘယ်တုန်းကမှ မကြုံခဲ့ပေ။ ကျန်းဝုသွေး‌နှောတွေက ပျောက်ကွယ်သွားတာ ဆယ်စုနှစ်ကြာပြီဖြစ်သည်။ ရှိရှိသမျှ မှတ်တမ်းမှတ်ရာများ အားလုံးလည်း အစအနပင်မကျန်အောင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုကိစ္စမျိုးကို သူက ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာဖြစ်သဖြင့် အတွေ့အကြုံက နည်းရင် နည်းနိုင်မည်။ထို့အပြင် သခင်လေးရဲ့ ခန္ဓာကိုယ်က အားနည်းချည့်နဲ့တော့ တစ်ခုခုဖြစ်မှာ သူကြောက်နေပြန်သည်။ အကြီးအကျယ်စွန့်စားရမည့် နည်းလမ်း တစ်ခုကိုမှ အသုံးမပြုရဲပေ။ ထိုကြောင့် သွေးထွက်တာကလည်း လုံးဝ ရပ်တန့်မသွားပေ။

သို့ပေမယ့် လက်သည်အမျိူးသမီးက အစွမ်းအစရှိသည်။ ကုထင်ရန်၏ ဝမ်းဗိုက်ကို အချိန်တစ်ခဏလောက်ထိ နှိပ်ပေးထားတော့ သန္ဓေသားအနေအထားက အနည်းငယ် ပြောင်းလဲသွားပုံရသည်။ထိုထက်ပင်မက ကြည့်ရတာ ခုနတုန်းကလောက် သိပ်မဆိုးဝါးတော့ပေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now