အပိုင်း(၆၃) သူသေတော့မယ်

1.6K 275 32
                                    

ကုထင်ရန်က သူ့ရဲ့ မုချန်နန်းဆောင်မှာပဲ နေနေပြီး လအတော်ကြာတဲ့အထိ နှင်းများကျဆင်းနေသော ဟေမန်ဆောင်းရာသီ၏ မြင်ကွင်းကြည့်နေခဲ့သည်။ ဆောင်းရာသီကုန်တော့မည့်အချိန်အထိ ကျောက်ဝမ်ယုံးကို အရိပ်တောင် မမြင်ရချေ။

ဤရလဒ်နဲ့ပတ်သက်ပြီး သူပျော်နေသင့်တာဖြစ်သည်။

သူနဲ့ကျောက်ဝမ်ယုံးက နီးနီးကပ်ကပ် တကယ် မနေသင့်ပေ။

သို့ပေမယ့် ဤသို့ဆိုရင်တောင် ဟိုတစ်စ ဒီတစ်စ သတင်းများက သူ့နားထဲ ရောက်လာနေတုန်းဖြစ်သည်။

အချစ်သစ်ကို ပါးအချက်ငါးဆယ်နဲ့  သင်ခန်းစာပြင်းပြင်းပေးခဲ့ပေမယ့် ပိုင်ရန်၏ မျက်နှာက အဆုံးမှာတော့ ဧကရာဇ်အရှင် ချီးမြှင့်သည့် ဆွေးစွမ်းအမျိုးမျိုးရဲ့ အာနိသင်အောက်မှာ  အောင်မြင်စွာ ထိန်းသိမ်းနိုင်သွားခဲ့သည်ဟု ကြားသည်။

ကျောက်ဝမ်ယုံးက အနှီအချစ်သစ်ကို အလွန်အမင်း ဂရုစိုက်သည်ဟု ပြောသံကြားသေးသည်။ ကျားရှီနန်းဆောင်သို့ သွားတာရှားပေမယ့် အမြဲတမ်း သူ့ကိုထိုက်ကျီနန်းဆောင်သို့ ဆင့်ခေါ်ပြီး တစ်ညလုံး နေခိုင်းထားသည်။

ထိုကိစ္စက တစ်ခါမှ မဖြစ်ပျက်ဖူးသည့် ကိစ္စဖြစ်သည်။

ထိုလူကြောင့်နဲ့ နံနက်ခင်းညီလာခံကိုတောင် အကြိမ်ရေအချို့လောက် ပျက်ကွက်ခဲ့သေးသဖြင့် ညီလာခံခန်းမရှိ မူးကြီးမတ်ရာများက တစ်ယောက်တစ်ပေါက်နဲ့ ဝေဖန်ကြကုန်ပြီဖြစ်သည်။

ကုထင်ရန်က အေးတိအေးစက်မျက်နှာနဲ့ ထိုသတင်းများကို နားထောင်ပြီးနောက် ဘာမှလည်းမပြောပေ။ ဝမ်ကုန်းကုန်းက သတိထား၍ သူ့မျက်နှာထားကို အကဲခတ်လိုက်သေးသည်။ ကြည့်ရတာ ပုံမှန်တိုင်းဖြစ်နေပြီး ဘာမှမပြောင်းလဲပေ။

အဲ့ဒီလိုအချိန်မျိုးဆို ကျောက်ရှန့်ရှီးက
အမြဲတစေ မျက်နှာကြီး မဲ့ရွဲ့နေပြီး ကြည့်ရတာ သိပ်မပျော်တဲ့ပုံပေါက်နေသည်။

ကုထင်ရန်၏ နှလုံးသားထဲမှာလည်း အနည်းငယ် မသက်မသာဖြစ်သွားသည်။

ကျောက်ဝမ်ယုံး အနှီလူက သူ့ရဲ့ ဝမ်းနည်းစိတ်ကို မလှုံဆော်နိုင်သဖြင့် သည်ဝမ်းနည်းစိတ်က ကလေးကြောင့်ဖြစ်လောက်မည်ဟု သူတွေးနေမိသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now