အပိုင်း(၆၅) ငါသူ့ကို တွေ့မယ်လို့ ပြောနေတယ်လေ

2K 359 53
                                    

ကုထင်ရန်က သူ့ပုခုံးကို ပွတ်ပေးနေပြီး အတန်ကြာသည်အထိ စကားမပြောပေ။

ကျောက်ရှန့်ရှီး ပြောပြီးသွားပေမယ့် ဖေဖေ့ဆီက စကားပြန်မရတော့ သူ ဖေဖေကိုတစ်ချက် မော့ကြည့်ပြီး မေးလိုက်သည်။

"ဖေဖေ"

"ဟမ်"

စိတ်ပျံ့လွင့်နေသည့် ကုထင်ရန်က ရုတ်ချည်း သတိပြန်ဝင်သွားကာ မျှော်လင့်တကြီးနဲ့ ကြည့်နေသော ကျောက်ရှန့်ရှီး၏ မျက်ဝန်းအစုံနဲ့ ပက်ပင်းတိုးမိလိုက်သည်။ သူက မေးလာသည်။

"ဖေဖေ သားခမည်းတော်ကို သွားကြည့်သင့်တယ်လို့ ဖေဖေထင်လား"

ထိုမေးခွန်းသည် ကုထင်ရန်အတွက်ကတော့ မမေးသင့်သည့် မေးခွန်းဖြစ်သည်။

သူ အရင်က ကျောက်ဝမ်ယုံး အနှီလူနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ ပြောချင်စိတ်မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောထားဖူးသည်။

သို့ပေမယ့် ကျောက်ရှန့်ရှီးကတော့ သူ့ကို ရည်ရွယ်ချက်ရှိရှိ မေးနေတုန်းဖြစ်သည်။

ကုထင်ရန်၏ မျက်ဝန်းထဲရှိ မနှစ်မြိုမှုများကိန်းအောင်းနေသည်ကို သူမြင်ပေမယ့်၊ သူ အေးတိအေးစက်နဲ့ ပြန်ဖြေသည့် အဖြေကို
ရမည်ဆိုတာ သိပေမယ့် ခေါင်းမာမာနဲ့ အဖြေကို လိုချင်နေတုန်းဖြစ်သည်။

ထိုပုံစံက တကယ်တော့ ကုထင်ရန်နှင့် အရမ်းဆင်သည်။

ကုထင်ရန်က သူ့ခေါင်းလေးကို ပွတ်ပေးရင်း ကြင်ကြင်နာနာနဲ့ ပြောလိုက်သည်။

"သား သွားချင်မှတော့ သွားကြတာပေါ့"

"အယ်? တကယ်လား"

ကျောက်ရှန့်ရှီးက တစ်ခဏလောက် ကြောင်အသွားပြီးနောက် မျက်လုံးပြူးသွားလေသည်။ ထို မျက်ဝန်းငယ်အစုံထဲတွင် ပျော်ရွင်မှုများနှင့် ပြည့်နှက်သွားပြီး ဖုံးထားလို့တောင် မရချေ။

ကုထင်ရန်သည် မျက်ဝန်းအိမ်က အနည်းငယ် စူးရှရှဖြစ်လာသလို ရုတ်တရက် ခံစားမိလိုက်ပြီး အမည်မသိခံစားချက်တစ်ခုက သူ့နှလုံးအိမ်ထဲ တဖြေးဖြေး ပျံ့နှံ့လာလေသည်။

သူက ကျောက်ရှန့်ရှီး၏ လက်ကိုဆွဲ၍
နူးနူးညံ့ ပြုံးပြလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now