အပိုင်း(၁) မင်းကိုယ့်ကို ကြည့်ပါဦး

5.8K 545 49
                                    

သုံးနှစ်ကြာပြီးနောက် ခွမ်းနင်နန်းဆောင်တွင်။

"အရှင်မင်းကြီး၊ ဒါလေးမြည်းကြည့်ပါဦး၊ စာဖိုဆောင်က အသစ်ချက်ထားတာ"

ရှောင်းတန်းယွင်က ကိုယ်တိုင်ကိုယ်ကျ ကျောက်ဝမ်ယုံးအတွက် မျှစ်ချဉ် တစ်ဖက်ကို တူနှင့်ညှပ်ပြီး ကျောက်ဝမ်ယုံး ရှေ့က ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။

ကျောက်ဝမ်ယုံးက သူမကို တစ်ချက်ကြည့်လိုက်သည်။

"ဒီကိစ္စတွေက အစေခံတွေလုပ်ရမှာပါ၊ ဧကရီက လုပ်စရာမလိုပါဘူး"

ရှောင်းတန်းယွင် မျက်နှာပေါ်ရှိ အပြုံးက တဒင်္ဂအတွင်းမှာ တောင့်တင်းသွားသည်။
သို့ပေမယ့် ချက်ချင်း ပြန်ထိန်းလိုက်ကာ အတင်းဖျစ်ညှစ်၍ ပြုံးပြလိုက်သည်။ ထိုနောက် ဘာမှ ထပ်မလုပ်တော့ချေ။

နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စားလိုက်ကြပြီး စားပွဲပေါ်တွင် ပန်းကန်နှင့်တူ ထိခတ်သည့် အသံများသာ ရှိသည်။

ကျောက်ဝမ်ယုံးသည် လွန်ခဲ့သည့် သုံးနှစ်ကထက်စာရင် ပိုပို၍ အေးတိအေးစက်နိုင်လာပြီး တည်တံ့လာသည်။ စကားမပြောသည့် အချိန်တွင် ဂုဏ်အရှိန်အဝါဖြင့် မသိမသာ ဖိနှိပ်နေသည့် ခံစားချက်မျိုး လူကို အမြဲတမ်း ပေးစွမ်းနိုင်သည်။

အရပ်ထောင်ထောင်မောင်းမောင်းပုံစံဖြစ်နေသေးပေမယ့် အတော်လေး ပိန်ကျသွားသည်။ မျက်နှာပေါ်တွင် ပါးရိုးများက မြင်သာနေပြီး ကြည့်ရတာ အတော်လေး သုန်မှုန်လာသည်။

ဤသုံးနှစ်တွင် သူ ပြုံးရယ်တာ အင်မတန်ရှားသည်။ ရှားပါးသည့် အပြုံးမျက်နှာအချို့ကို ထိုက်ကျီနန်းဆောင်ရှိ ထိုသခင်ငယ်လေးအတွက် အကုန်ချန်ထားပေးခဲ့သည်။
ပါးစပ်ပြောပုံပြင်ထဲတွင် အလွန်အမင်း အချစ်ခံရသည့် ဧကရီရှောင်းအပေါ်မှာတောင် ဤကဲ့သို့ဖြစ်ပေသည်။

"ဒေါက်"

ကျောက်ဝမ်ယုံးက လက်ထဲရှိ တူကိုချပြီး ချက်ချင်းထထွက်သွားလိုက်လေသည်။

"အရှင်မင်းကြီး!"

ကျောက်ဝမ်ယုံးက တံခါးဝကို ရောက်သည့် အခိုက်တွင် ရှောင်းတန်းယွင်က ရုတ်တရက် မတ်တပ်ရပ်လာသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now