Chapter 6 - ဆေးလိမ်းခြင်း
သူတို့နှစ်ယောက် အိမ်ပြန်လာတော့ ရှစ်နာရီတောင်မထိုးသေးပေ။ ဧည့်ခန်းထဲမှာ ရှိနေတဲ့ ယုရှင်းရန်က တံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူမ ဧည့်ခန်းတစ်လျှောက် လမ်းလျှောက်သွားတော့ နံရံကို လက်တစ်ဖက်နဲ့ ကိုင်ပြီး ဖိနပ်ချွတ်နေတဲ့ စုချီကို တွေ့လိုက်ရသည်။ စုလုရီကလည်း သူ့ဘေးမှာ ကပ်နေပြီး သူတို့နှစ်ယောက်ရဲ့ကုတ်အင်္ကျီတွေကို ကိုင်ထားလေသည်။
“ဘာလို့ အစောကြီး ပြန်လာကြတာလဲ“
ပါတီပွဲက အမြဲတမ်း အနည်းဆုံးနှစ်နာရီ ကြာတတ်တယ်။ လမ်းပေါ်မှာ သွားနေတဲ့အချိန်ကိုရောပါ ထည့်တွက်မယ်ဆိုရင် သူတို့နှစ်ယောက်က အခုမှ တစ်နာရီပဲ နေခဲ့တာ ဖြစ်သည်။
ယုရှင်းရန် ထိတ်လန့်သွားသည်။
“မင်းတို့တွေ အကန်ခံလိုက်ရတာလား“
စုလုရီက သူမရဲ့စိတ်ကူးယဉ်နိုင်စွမ်းကို လေးစားသွားရသည်။
“မဟုတ်ပါဘူး။ ကျွန်တော် ဝိုင်သောက်များပြီး နည်းနည်းမူးလာလို့ အစ်ကိုကြီးက ကျွန်တော့်ကို ပြန်ခေါ်လာပေးတာ “
ယုရှင်းရန်က စိတ်ငြိမ်သွားပေမယ့် သူ့ခေါင်းပေါ်က ဘုသီးအကြောင်းကို တွေးမိတော့ ...
“အများကြီး သောက်လာမိတာလား။ နှစ်ယောက်လုံးအတွက် ကြက်စွပ်ပြုတ် လုပ်ပေးခိုင်းလိုက်မယ်။ အနားမယူခင် နည်းနည်းသောက်လိုက်ကြ“
စုချီက ဖိနပ်လဲလိုက်ပြီး စုလုရီဆီက သူ့ကုတ်အင်္ကျီကိုယူကာ ...
“မလိုဘူး“
သူက အပေါ်ထပ် တက်သွားလိုက်သည်။ သူ့နောက်ကျောနဲ့ ခြေလှမ်းတွေက တည်ငြိမ်နေပြီး စွပ်ပြုတ်သောက်စရာ မလိုကြောင်း ဖော်ပြနေသည်။
စုလုရီက ညနေကတည်းက ဘာမှ သိပ်မစားရသေးတာကြောင့် အခု ဗိုက်ဆာနေလေသည်။
“ကျွန်တော် ဆန်ပြုတ် နည်းနည်းသောက်ချင်တယ်“
ယုရှင်းယန်က ငြင်းလိုက်သည်။
“မရဘူး။ ဆန်ပြုတ်ထဲမှာ ပဲငံပြာရည်ပါတယ်။ မင်းခေါင်းပေါ်မှာ အမာရွတ်ကျန်ခဲ့ရင် မကောင်းဘူးလေ“