စုလုရီ
အပိုင်း (၄၇) "စုလုရီ၏ ပြောင်းလဲမှု"
စုလုရီက စုချီကို မော့ကြည့်လိုက်ရာ စုချီက သူ့ကို ငုံ့ကြည့်နေသဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး "ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ၊ အစ်ကိုကြီး" ဟု ပြောလိုက်သည်။
ထို့နောက် မနက်ဖြန် မနက်တွင် သွားစရာ ရှိသဖြင့် စုချီက စုလုရီကို "သွားအိပ်တော့။ မင်း မနက်ဖြန်ကျရင် (၈) နာရီ မထိုးခင် အိပ်ယာ ထမှ ရမယ်နော်" ဟု သတိပေးလိုက်၏။
"ဟုတ်ကဲ့၊ ဂွတ်နိုက်နော် အစ်ကိုကြီး"
"ဂွတ်နိုက်"
...
နောက်တစ်နေ့ မနက်သို့ ရောက်သောအခါ စုလုရီက ဝရံတာ တံခါးခေါက်သံ ကြားသဖြင့် နိုးလာခဲ့သည်။
နာရီကို ကြည့်သောအခါ (၈) နာရီ ထိုးတော့မည် ဖြစ်၏။
စုချီက အဝတ်အစား လဲထားပြီး စုလုရီ၏ ဝရံတာ တံခါးရှေ့၌ ရပ်ကာ "ထတော့" ဟု ပြော၍ လာနှိုးလိုက်သည်။
စုလုရီက အပျင်းဆန့်ကာ လက်ကို ဝှေ့ပြပြီး "ကျေးဇူးနော်၊ အစ်ကိုကြီး" ဟု ပြောလိုက်၏။
စုမိသားစုက မနက်စာ စားပြီးနောက် ကားဖြင့် ထွက်လာခဲ့ကြသည်။
စု မိသားစု ကားက မြို့ပြင်သို့ တရွေ့ရွေ့ထွက်ခွာကာ တောင်တန်းများ ဝန်းရံနေသည့် တောလမ်းလေးအတွင်းသို့ ဝင်လာခဲ့၏။
ဆယ်မိနစ် ကြာပြီးနောက် အိမ်တစ်အိမ်ရှေ့၌ ထိုးရပ်ကာ ကားပေါ်မှ ဆင်းလိုက်ကြသည်။
ထိုအခါ သက်လတ်ပိုင်းအရွယ် လင်မယားက ထွက်ကြိုကာ အမျိုးသားမှာ ဝပြီး အမျိုးသမီးက အရပ်ရှည်ရှည် ပိန်ပါးပါး ဖြစ်၏။
"အဘိုးကြီး စုနဲ့ မရီး တို့ကို မျှော်နေတာ။ နေကောင်းသွားပြီလား၊ အဘိုးကြီး စု"
"ဟေးချန်ရေ အခုတော့ ကောင်းသွားပြီကွာ" ဟု စုကျစ်ထုံက ဖက်ကာ နှုတ်ဆက်လိုက်သည်။
စု မိသားစုက ဧည့်ခန်းထဲသို့ ဝင်လိုက်သောအခါ အရပ်ရှည်ရှည်နှင့် မိန်းကလေး တစ်ယောက်က "ဦးလေး စု" "အန်တီ ယု" ဟု နှုတ်ဆက်လိုက်၏။
ယုရှင်းရန်က "ချင်းလင်က ပိုပြီး ချောလာတာပဲ" ဟုပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက် လွီချင်းလင်က နောက်မှ ပါလာသော စု ညီအစ်ကို များကိုပါ နှုတ်ဆက်လိုက်၏။
စုလုရီ အရှေ့သို့ ရောက်သောအခါ "အစ်ကို လုရီ၊ မတွေ့တာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။
စုလုရီက အနည်းငယ် စဉ်းစားကာ "အင်း၊ မတွေ့တာကြာပြီနော်၊ ညီမ ချင်းလင်" ဟု နှုတ်ဆက်လိုက်၏။
လွီချင်းလင်က မျက်ခုံးပင့်သွားကာ "ညီမကို ညီမ လင်လင်လို့ အရင်က ခေါ်ခဲ့တာ မလား" ဟု ပြောလိုက်သည်။
စုလုရီက အနည်းငယ် ကြောင်သွားကာ "အစ်ကိုက အခု လူကြီး ဖြစ်သွားပြီလေ" ဟု ပြောလိုက်၏။
"..."
လွီဟေးချန်က စု မိသားစုကို ဧည့်ခန်းထဲ၌ နေရာချပေးကာ လက်ဖက်ရည်နှင့် ကိတ်မုန့်ဖြင့် ဧည့်ခံကျွေးမွေးသည်။
စုလုရီက အစွန်ဆုံး၌ ထိုင်ကာ လက်ဖက်ရည် သောက်ရင်း ကိတ်မုန့်ကို ထိုင်စားနေ၏။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လွီချင်းလင်က စုလုရီကို ခဏခဏ လှမ်းလှမ်းကြည့်နေသည်။
ထို့နောက် လွီဟေးချန်က လွီချင်းလင်ကို လက်ပြကာ စုညီအစ်ကိုများကို အနောက်ဘက် ဥယျာဉ်ထဲသို့ ခေါ်သွားခိုင်းလိုက်၏။
"ကျုပ်တို့တွေပဲ စကားပြောကြမယ်။ ကလေးတွေ သူတို့ဘာသာ သူတို့နေပါစေ" ဟု လွီဟေးချန်က စုကျစ်ထုံတို့ လင်မယား နှစ်ယောက်ကို ပြောလိုက်သည်။
လွီချင်းလင်က စုချီတို့ ညီအစ်ကို လေးယောက်ကို အနောက်ဘက် ဥယျာဉ်သို့ ဦးဆောင်ကာ ခေါ်သွားလိုက်၏။
ဥယျာဉ်ထဲ၌ လူခြောက်ယောက် ထိုင်နိုင်သည့် စားပွဲအရှည်ကြီး ရှိသဖြင့် စုလုရီက ဝင်ထိုင်လိုက်သည်။
ထိုအခါ အိမ်အကူမှ နောက်ထပ် လက်ဖက်ရည်နှင့် ကိတ်မုန့်များ လာချပေးသဖြင့် လွီချင်းလင်က ကိတ်မုန့် ပန်းကန်ကို စုလုရီဆီသို့ တွန်းပို့ကာ "အစ်ကို လုရီ၊ ကြိုက်တယ် မလား။ စားလေ" ဟုပြောလိုက်၏။
"ကျေးဇူးပဲနော်၊ ညီမ ချင်းလင်"
စုလုရီက ဤသို့ ပြောပြီး စားရန် ပြင်လိုက်သော်လည်း အနားရှိ လက်တစ်စုံက ဝင်လာကာ "မင်း အများကြီး စားရင် နေမကောင်း ဖြစ်လိမ့်မယ်" ဟု စုချိီက ပြောပြီး တားလိုက်သည်။
စုယွီက ကိတ်မုန့်ကို အနည်းငယ် ယူစားပြီး "ရပါတယ်။ ကျွန်တော် ညီလေးကို ကူစားပေးမယ်" ဟုပြောလိုက်၏။
စုကျန်းချန်ကလည်း "ပြီးရင် ရေနွေး များများ သောက်လိုက်" ဟု ပြောပြီး စုလုရီဘက်မှ ပြောပေးလိုက်သည်။
လွီချင်းလင်က ညီအစ်ကိုများ ပြောဆိုနေကြသည်ကို ကြည့်ပြီး အံ့ဩသွားကာ "အစ်ကို လုရီက နည်းနည်း ပြောင်းလဲသွားသလိုပဲနော်။ ပြီးတော့ အစ်ကိုတို့ ညီအစ်ကိုတွေရဲ့ ဆက်ဆံရေးက ပိုကောင်းလာသလိုပဲ" ဟု ပြောလိုက်၏။
"သူက အခု ကျောင်းပြီးသွားပြီ ဆိုတော့ ဖိအားတွေ မရှိတော့လို့ ပြောင်းလဲသွားတာ" ဟု စုချီက ဝင်ပြောလိုက်သည်။
"ဟုတ်တာပေါ့။ ကလေး တော်တော်များများက ကျောင်းတက်နေတဲ့ အချိန်အတွင်းဆို အိမ်နဲ့ သိပ်အဆင်မပြေကြဘူး။ ကျောင်းပြီးသွားမှ ပြန်ပြီး ရင်းနှီးသွားကြတာ" ဟု လွီချင်းလင်က စဉ်းစားကာ ပြန်ပြောလိုက်၏။
ထို့နောက် လွီချင်းလင်၏ အကူအညီဖြင့် ဥယျာဉ်ထဲ၌ အပင်များကို စိုက်လိုက်ကြသည်။
နေ့လည်စာစားချိန်၌ အိမ်အကူများက နေ့လည်စာ စားရန် လာခေါ်ကြသဖြင့် စုလုရီတို့ ညီအစ်ကို လေးယောက်က လက်များကို ဆေးကာ အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ကြ၏။
မိသားစုနှစ်စု စကား လက်ဆုံကျရင်း နေ့လည်စာစားနေကြရာ နေ့လည် နှစ်နာရီကျော်မှ ပြီးဆုံးသွားခဲ့သည်။
ထို့နောက် လွီ မိသားစုက စု မိသားစုကို ကားပေါ်သို့ လိုက်ပို့ကာ နှုတ်ဆက်လိုက်ကြ၏။
စု မိသားစုက အိမ်သို့ ပြန်ရောက်သောအခါ အပြင်သို့ ထပ်မထွက်တော့ဘဲ အနားယူလိုက်ကြသည်။
စုလုရီက စုယွီ၏ အခန်းသို့ သွားကာ သင်္ဘော ပုံစံငယ်ကို သွားကြည့်နေ၏။
ထိုအခါ စုချီက တံခါးခေါက်လာပြီး "ဘာလုပ်နေကြတာလဲ" ဟု မေးလိုက်သည်။
"ကျွန်တော်တို့ သင်္ဘော ပုံစံငယ် လုပ်နေကြတာ" ဟုစုယွီက ပြန်ပြောလိုက်သဖြင့် စုချီက ပြန်ထွက်သွား၏။
စုလုရီနှင့် စုယွီက ညစာမတိုင်ခင် အချိန်အထိ သင်္ဘော ပုံစံငယ်ကို လုပ်နေခဲ့ကြသည်။
နှစ်သစ် ဖြစ်သဖြင့် မားဝူက ဆန်မုန့်နှင့် ဖက်ထုပ်များကို ချက်ထား၏။
စုလုရီက ညစာ စားပြီး ည (၈) နာရီ ထိုးသောအခါ သူ၏ အခန်းသို့ ပြန်သွားပြီး ရေချိုးလိုက်သည်။
ရေချိုး ပြီးသောအခါ ဗိုက်ထဲ၌ မအီမသာ ခံစားနေ
ရသဖြင့် အစာကြေဆေး သောက်ရန် ရှာရာ သူ၏ အခန်း၌ ရှာမတွေ့သဖြင့် ဝရံတာသို့ ထွက်ကာ စုချီ၏ ဝရံတာ တံခါးကို ခေါက်လိုက်၏။
စုချီက ထွက်လာကာ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ကျွန်တော် အများကြီး စားမိလိုက်လို့"
"ငါ မင်းကို မနက်ထဲက ပြောနေသားပဲ"
"ကျွန်တော် မှားသွားတာပါ။ ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ဘူး"
"ဒီကိုလာခဲ့။ ငါနှိပ်ပေးမယ်"
စုချီက စုလုရီကို အိပ်ယာပေါ်သို့ ဆွဲခေါ်ကာ လှဲခိုင်းလိုက်သည်။
စုချီက လက်ယာရစ်အတိုင်း စုလုရီ၏ ဗိုက်ကို နှိပ်ပေးလိုက်ကာ "သက်သာလား" ဟု မေးလိုက်၏။
"အင်း၊ သက်သာတယ်"
စုချီ၏ အခန်း၌ ညအိပ်မီးကိုသာ ဖွင့်ထားပြီး စုချီက ဗိုက်ကို နှိပ်ပေးနေသဖြင့် စုလုရီက အိပ်ငိုက်လာသည်။
ထို့ကြောင့် စုချီက "အိပ်ချင်ရင် ကိုယ့်အခန်း ကိုယ်ပြန်အိပ်" ဟု ပြောလိုက်၏။
"အင်း"
စုလုရီက မျက်လုံးကို ပြန်ဖွင့်ကာ စုချီကို ကြည့်လိုက်သည်။
မှိန်ပြပြ အလင်းရောင်၏ အောက်၌ မြင်ရသော စုချီ၏ မျက်နှာကို ကြည့်ကာ "အစ်ကိုကြီးက ပြည့်စုံလိုက်တာ" ဟု တွေးလိုက်၏။
...…….................................
.........................................
အပိုင်း (၄၇) ပြီးပါပြီ။