စုလုရီ
အပိုင်း (၃၀) လက်ဆောင်
စုချီ၏ အဓိပ္ပာယ်မရှိသော စကားများကြောင့် စုလုရီ ကြောင်သွားသည်။
သူ၏ ရှည်လျားသော ကျောရိုးက မြင့်မားလွန်းသော မြှောက်ပင့်စကားကြောင့် အနည်းငယ် ကွေးညွတ်သွား၏။
စကားအနည်းငယ် ပြောဆိုကြပြီးနောက် ဌာနမှူးချန်က စုချီထံ ခွင့်တောင်းကာ ထွက်လာခဲ့သည်။
စုလုရီက နောက်သို့ သုံးလှမ်းပြန်ဆုတ်လိုက်ပြီး ရှေ့သို့ ပြန်လှမ်းရန် ပြင်နေလိုက်သည်။
တံခါးဖွင့်လာသောအခါ ရှေ့သို့ လှမ်းနေသည့် အနေအထားဖြင့် အခုမှ ရောက်လာသည့် ပုံစံမျိုးဖြစ်အောင် ဖန်တီးလိုက်၏။
စုလုရီက အလျင်အမြန် ထွက်သွားရန် ကြိုးပမ်းနေသော ဌာနမှူး ချန်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
တံခါးမှ ဝင်သွားပြီး စုချီ၏ စားပွဲသို့ လျှောက်သွားကာ စာရွက်စာတမ်းကို လှမ်းပေးလိုက်၏။
စုလုရီ - "အစ်ကိုကြီး၊ ဒီမှာ ..."
စုချီ - "ငါ့ကို ဒါရိုက်တာ စုလို့ မခေါ်တော့ဘူးလား"
စုလုရီ - "အခု ပြောင်းခေါ်လိုက်ရမလားဟင်"
စုလုရီက ခံစားချက်ကောင်းနေသဖြင့် "အစ်ကိုကြီး" ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။
စုချီက သူ့ကို ကာကွယ်ပြီး ပြောဆိုပေးလိုက်သဖြင့် သူဌေးအစား အစ်ကိုကြီးဟုပင် မြင်နေတော့၏။
စုချီ - "မင်း သဘောအတိုင်းပဲ"
စုလုရီ - "ဒါဆို တခြားသူတွေ အရှေ့မှာ ဒါရိုက်တာ စုလို့ ခေါ်ပြီး နှစ်ယောက်တည်း ရှိတဲ့ အချိန်ကျရင် အစ်ကိုကြီးလို့ ခေါ်မယ်နော်"
စုချီ - "အဲ့ဒါဆို မင်း ငါ့ကို ဒါရိုက်တာ စုလို့ ခေါ်ဖို့ အခွင့်အရေးတောင် ရှိပါ့မလား"
စုလုရီက နှင်းတောထဲတွင် ပုန်းနေရသကဲ့သို့ ခံစားရသွားကာ နှုတ်ဆိတ်သွားတော့သည်။
ညနေ (၅) နာရီတိုင်အောင် အလုပ်များနေကြပြီး အလုပ်ဆင်းချိန် ရောက်နေပြီ ဖြစ်သော်လည်း စုချီက အလုပ်လုပ်စရာ ကျန်နေသေးသဖြင့် စားပွဲ၌ ထိုင်ကာ အလုပ်လုပ်နေသေး၏။
စုလုရီက စားပွဲသို့ လျှောက်လာကာ "အစ်ကိုကြီး၊ မပြီးသေးဘူးလား" ဟု မေးလိုက်သည်။
စုချီ - "မင်း အိမ်ပြန်ချင်နေပြီလား"
စုလုရီ - "မဟုတ်ပါဘူး။ ကျွန်တော် အစ်ကိုကြီးကို အားနာလို့ပါ"
စုလုရီက ထိုင်ခုံကို စုချီအနားသို့ ဆွဲယူလိုက်ပြီး စုချီအလုပ်လုပ်နေသည်ကို ထိုင်ကြည့်နေလိုက်သည်။
ထို့နောက် အတွင်းရေးမှူး ချင်က အလုပ်ဆင်းရန် ခွင့်ပြုချက် လာတောင်းခဲ့၏။
စုချီက ရှောင်ချင်ကို အရင်ဆုံး အလုပ်ဆင်းခိုင်းလိုက်သည်။
စုလုရီကလည်း လက်ဝှေ့ယမ်းကာ "မနက်ဖြန် တွေ့ကြမယ်နော် ရှောင်ချင်" ဟု နှုတ်ဆက်လိုက်၏။
ရှောင်ချင်က ပြန်နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ရှောင်ချင် ထွက်သွားပြီးနောက် စုချီက "ငါ့ ရုံးခန်းကို မှန်အကြည်နဲ့ ကာထားပေးရမလား" ဟု ပြောလိုက်သည်။
စုလုရီက နားမလည်သည့်ပုံစံဖြင့် "ဘာလို့လဲ" ဟုမေးလိုက်၏။
စုချီက "ရှောင်ချင် ပြန်သွားတာကို ကြည့်လို့ရအောင်လို့လေ" ဟု ရွဲ့ကာ ပြန်ပြောလိုက်သည်။
အလုပ်ဆင်းသည့် အချိန်မှ နာရီဝက်ခန့်သာ ကျော်သွားခဲ့၍ ညနေ (၅) နာရီခွဲအချိန်၌ အတူတူ အလုပ်ဆင်းခဲ့ကြသည်။
အလုပ်ဆင်းချိန် ဖြစ်သဖြင့် ဓာတ်လှေကား၌ လူများ ပြည့်ကျပ်နေ၏။
ကားဖြင့်လာသော သူများကလည်း မြေအောက် ကားပါကင်အထိ တူတူဆင်းလာခဲ့ကြသည်။
စုလုရီက စုချီအနောက်သို့ လိုက်ကာ လူအများ၏ ရှေ့၌ပင် စုချီ၏ ကားရှေ့ခန်း၌ ဝင်ထိုင်လိုက်သဖြင့် အားလုံး အံ့ဩသွားကြလေသည်။
"ထူးခြားတဲ့ ဆက်ဆံရေးမျိုး ဖြစ်မယ် ထင်တယ်" ဟုလည်း တွေးလိုက်ကြသည်။
စုလုရီ - "မနက်ဖြန်တော့ ကျွန်တော် နာမည်ကြီးပြီ ထင်တယ် အစ်ကိုကြီး"
"အဲ့ဒါ ပိုမကောင်းဘူးလား" စုချီက စတီယာရင်ကို လှည့်ပြီး ပြောလိုက်သည်။
ထို့နောက် ကားပါကင်မှ မောင်းထွက်လာလိုက်၏။
အိမ်သို့ ညစာစားချိန်အမှီ ပြန်ရောက်ခဲ့ကြသည်။
စုချီက အဝတ်အစားလဲရန် အပေါ်ထပ်သို့ တက်သွား၏။
စုကျစ်ထုံက ဆိုဖာပေါ်၌ ထိုင်နေရင်း စုလုရီကို လှမ်းခေါ်လိုက်သည်။
"ဒီနေ့ အလုပ်မှာ ဘယ်လိုလဲ သားငယ်။ ပင်ပန်းလား"
စုလုရီ - "ကျွန်တော် မပင်ပန်းပါဘူး ပါးပါး။ လုပ်ဖော်ကိုင်ဖက်တွေက နွေးထွေးကြပါတယ်"
စုချီက လှေကားပေါ်သို့ တက်နေရင်း နောက်သို့ ပြန်လှည့်မကြည့်ဘဲ "ငါ မင်းကို နွေးထွေးမှုကို ခံစားစေချင်လို့ အလုပ်ခေါ်သွားတာ မဟုတ်ဘူးနော်" ဟုပြောလိုက်သည်။
စုလုရီက ငြိမ်ကျသွားသဖြင့် စုကျစ်ထုံက ကူညီသည့်အနေဖြင့် ထပ်မေးလိုက်၏။
"အလုပ်ကိစ္စတွေကရော ဘယ်လိုလဲ။ အလုပ်တွေ အရမ်းများလား"
စုလုရီ - " မများပါဘူး ပါးပါး။ အစ်ကိုကြီးက ဂရုစိုက်ပြီး ကူညီပေးပါတယ်"
စုကျစ်ထုံ - "မင်း အစ်ကိုကြီးဆီက သင်ယူနော်။ ကြားလား သားငယ်လေး"
စုလုရီ - "ဟုတ်ကဲ့ ပါးပါး"
မူလဝတ္ထု၌ စုကျစ်ထုံက သူ့ကို နောက် (၂) နှစ်နေလျှင် ကုမ္ပဏီအသစ်ကို လက်လွှဲပေးမည် ဖြစ်သည်။
ထို့ကြောင့် စုလုရီက စုမိသားစုကို မထိခိုက်စေရန်အတွက် ကြိုးစားရမည် ဖြစ်၏။
စုကျစ်ထုံက "သွားတော့ သွားတော့။ အပေါ်တက်ပြီး အဝတ်အစား သွားလဲတော့။ ပြီးရင် ထမင်းစားကြမယ်" ဟု ပြောလိုက်သည်။
အဝတ်အစားလဲပြီး ပြန်ထွက်လာချိန်၌ စုလုရီက စုကျန်းချန်နှင့် တွေ့၏။
စုကျန်းချန်က အောက်ထပ်သို့ ဆင်းရန် ပြင်နေပြီး စုလုရီကို တွေ့သောအခါ ရပ်စောင့်နေသည်။
စုလုရီက ရှေ့သို့ နှစ်လှမ်းတိုးသွားပြီး "အစ်ကို (၂)" ဟု ခေါ်လိုက်၏။
"အင်း..."
စုကျန်းချန်က ပြန်ထူးလိုက်ပြီး "မင်း အစ်ကိုကြီးရဲ့ လက်ထောက် လုပ်ရတာဆိုတော့ သူ မင်းကို ဘာတွေ လုပ်ခိုင်းလဲ" ဟု မေးလိုက်သည်။
စုလုရီ - "စာရွက်စာတမ်းတွေ ပြင်ပေးပြီး ရှောင်ချင်ကို ကူညီရတယ်"
စုကျန်းချန် -"ဪ၊ လက်ဖက်ရည်ဖျော်ပေးတာတို့ ၊ ရေခပ်ပေးရတာတို့ မလုပ်ရဘူးလား"
စုလုရီ - "မလုပ်ရဘူး။ ကျွန်တော် ခေါင်းပေါ်ကို မှောက်ချမိမှာ စိုးလို့ ထင်တယ်"
စုကျန်းချန် - "အဲ့လိုဆို ကောင်းတာပေါ့"
စုလုရီက စုကျန်းချန် သူ့ကို ဂရုစိုက်နေသည်ကို တွေးမိလိုက်ပြီး ကိစ္စတစ်ခုကို မေးလိုက်သည်။
စုလုရီ - "အစ်ကို (၂)၊ ပြဿနာတစ်ခု ရှိနေတာ ဘယ်လိုလုပ်ရမလဲ"
စုကျန်းချန် - "ဘာပြဿနာလဲ"
စုလုရီ - "အစ်ကိုကြီးရဲ့ နားနေခန်းထဲမှာ အိပ်ယာကတစ်ခုပဲရှိတယ်။ ကျွန်တော်က အဲ့မှာ အိပ်လိုက်တော့ အစ်ကိုကြီးက ဆိုဖာပေါ်မှာ အိပ်နေရတယ်။ အစ်ကိုကြီးက ကျွန်တော်နဲ့ အတူတူ မအိပ်ချင်ဘူး"
စုကျန်းချန်က စိတ်လှုပ်ရှားသွားသည့် အသံဖြင့် ... "မင်းတို့ အတူတူ မအိပ်သင့်ဘူးလေ" ဟု ပြောလိုက်ပြီးနောက် လေသံလျှော့ချကာ " အိပ်ယာနောက်တစ်ခု မြန်မြန် ထားလိုက်" ဟု ပြောလိုက်သည်။
စုလုရီက လက်နှစ်ဖက်ကို ရိုက်လိုက်ပြီး "ဟုတ်တယ်။ အဲ့ဒါ အကြံကောင်းပဲ" ဟု ပြောလိုက်၏။
စုကျန်းချန်က သူ၏ ဖုန်းကို အလျင်အမြန်ထုတ်ကာ ဖုန်းဆက်လိုက်ပြီး "အစ်ကိုကြီးအတွက် အိပ်ယာ မှာချင်လို့" ဟု ပြောလိုက်သည်။
စုလုရီက "အစ်ကိုကြီးက ဘယ်လိုဖြေရှင်းရမလဲဆိုတာ တကယ်သိတာပဲ" ဟု ချီးမွမ်းလိုက်၏။
နှစ်ယောက်သား လှေကားမှ ဆင်းလာပြီးနောက် ထမင်းစားခန်းသို့ အတူတူ သွားလိုက်ကြသည်။
ထမင်းစားပွဲ၌ စုကျစ်ထုံက စုချီနှင့် အလုပ်ကိစ္စများကို ပြောနေကြ၏။
ယုရှင်းရန်က ဝူမကို ဟင်းရည်ထည့်ရန် ခိုင်းနေသည်။
စုလုရီ - "ဒီနေ့ ဘာဟင်းရည်သောက်ရမှာလဲ မားမား"
ယုရှင်းရန် - "ပဲကတ္တီပါနဲ့ ပန်းပွင့်ဟင်းရည် သောက်ရမှာ။ အဲ့ဒါက အသားအရည် လှတယ်" ဟု ပြုံးကာ ပြောလိုက်သည်။
စုကျန်းချန် - "ယောက်ျားကြီးတွေက လှပြီး ဘာလုပ်ရမှာလဲ။ အမေပဲ များများသောက်ပါ"
ယုရှင်းရန် -"ရှောင်ရီလေးကို ကြည့်ပါလား။ ဘယ်လောက်တောင် ထိန်းသိမ်းထားလဲ"
စုလုရီက မည်သည့် ထိန်းသိမ်းမှုကိုမျှ မလုပ်ထားပေ။ သူ၏ ရေချိုးခန်း၌ အလှကုန်ပစ္စည်း အများအပြား ရှိနေသော်လည်း တစ်ခါတစ်ရံမှ သုံး၏။
စုကျန်းချန်က စုလုရီကို လှမ်းကြည့်လိုက်ပြီး "အမေပြောတာနဲ့ သူ့ မျက်နှာတောင် ရဲနေပြီ" ဟု ပြောလိုက်သည်။
စုချီက စကားပြောနေရာမှ လှမ်းကြည့်လိုက်၏။
ယုရှင်းရန်က အနားသို့ ရောက်လာပြီး "ဘာလို့ ရဲလာတာလဲ သားငယ်လေး။ နာလို့လား" ဟု မေးလိုက်သည်။
စုလုရီက မျက်နှာကို ပွတ်လိုက်ပြီး "မနာပါဘူး မားမား" ဟု ဖြေလိုက်၏။
ယုရှင်းရန် - "ဟုတ်ပြီ။ ဟင်းရည်များများ သောက်လိုက်နော်"
နောက်တစ်နေ့၌ စုချီနှင့် စုလုရီတို့ အလုပ်တူတူ သွားခဲ့ကြသည်။
စုချီက ကားမောင်းပြီး စုလုရီက ဘေးတွင်ထိုင်၍ လိုက်လာ၏။
ထို့နောက် စုလုရီက "အစ်ကိုကြီးရဲ့ကားကို ဘယ်သူတွေ လိုက်စီးဖူးသေးလဲ" ဟု မေးလိုက်သည်။
စုချီ - " အဖေတော့ နှစ်ခါ လိုက်စီးဖူးတယ်"
စုလုရီ - "ပြီးတော့ရော"
စုချီ - "ပစ္စည်းတွေ သယ်ဖူးတယ်"
စုလုရီက သူ့အဖေပြီးလျှင် သူက စုချီ၏ ကား၌ လိုက်စီးဖူးသူ ဖြစ်သည်ကို သိလိုက်ရ၏။
ထိုင်ရသည်မှာ အဆင်မပြေသဖြင့် ခုံကို နောက်ဆုတ်လိုက်သည်။
စုချီ - "ငြိမ်ငြိမ်ထိုင်နေလေ"
စုလုရီက ရှက်သွားကာ "အစ်ကိုကြီးက ကျွန်တော့်ကို ကား လိုက်စီးခိုင်းတယ်ဆိုတော့ အရမ်းကြင်နာတတ်တာပဲ"
စုချီ - "မင်း ထရပ်ကားနဲ့ လိုက်ရင်ရော ဘယ်လိုလဲ"
စုလုရီ ပြန်မပြောနိုင်တော့ပေ။
ကုမ္ပဏီသို့ ရောက်သောအခါ စုလုရီက စုချီ အနောက်မှ နေ၍ အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။
လူများက ဓာတ်လှေကား အတွင်းသို့ တစ်သုတ်ပြီး တစ်သုတ် ဝင်လာခဲ့ကြ၏။
မနေ့က သတင်းမှာ ပျံ့သွားပြီဟု ထင်ရသည်။ လူများက စုလုရီကို ကွက်ကြည့် ကွက်ကြည့် ကြည့်နေကြသည်။
အပေါ်ဆုံးထပ်သို့ ရောက်သောအခါ နှစ်ယောက်သား ဓာတ်လှေကားအတွင်းမှ ထွက်လာခဲ့ကြ၏။
အလုပ်လုပ်ရန် အချိန်က မနက် (၉) နာရီ ဖြစ်သည်။
စုလုရီက ကွန်ပြူတာကို ဖွင့်လိုက်ပြီး စုချီကို ကြည့်ကာ အသင့်အနေအထားဖြင့် စောင့်နေ၏။
ကျောင်းသားက ဆရာမ အိမ်စာပေးမည့်အချိန်ကို စောင့်နေသကဲ့သို့ ဖြစ်နေသည်။
စုချီ - "မင်း ဘာလို့ ငါ့ကို ကြည့်နေတာလဲ"
"အစ်ကိုကြီး ကျွန်တော့်ကို အလုပ်ခိုင်းမှာကို စောင့်နေတာ"
စုချီက စုလုရီကို လုပ်ရမည့်အလုပ်များ လုပ်ခိုင်းလိုက်သည်။
စုချီက မနက် (၁၀) နာရီခွဲ၌ ဧည့်သည်နှင့် သွားတွေ့ရမည် ဖြစ်သောကြောင့် ရှောင်ချင်က စုချီ၏ ညွှန်ကြားချက်ကို လာမေးလေ၏။
ထို့နောက် နှစ်ယောက်သား ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းသွားကြသည်။
စုလုရီက မဟော်ဂနီ စားပွဲပေါ်၌ မေးထောက်ရင်း ... "ငါ ကျတော့ရော" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
စုလုရီက ရုံးခန်း၌ တစ်ယောက်တည်း ကျန်ခဲ့ကာ အလုပ်များကို ဆက်လုပ်နေခဲ့၏။
သို့သော် အလုပ်ပြီးသွားသော်လည်း စုချီမှာ ပြန်မလာသေးပေ။
အချိန်ကား (၁၁) နာရီခွဲ ရှိနေပြီ ဖြစ်သည်။ နေ့လည်စာ စားရန် နာရီဝက်သာ လိုတော့သည်။
ထိုအချိန်၌ ဓာတ်လှေကားမှ အသံကို ကြားလိုက်ရ၏။
သူဌေးရုံးခန်းမှာ ဓာတ်လှေကား၏ အဝေး၌ ရှိနေသော်လည်း အပေါ်ဆုံးထပ်တွင် လူမရှိသဖြင့် လှုပ်ရှားသံများကို ကြားနေရသည်။
ထို့ကြောင့် စုလုရီက စုချီ ပြန်လာသည်အထင်နှင့် တံခါးကို ဖွင့်၍ ကြည့်လိုက်ရာ အလုပ်သမားများက အိပ်ယာကို သယ်လာသည်ကို တွေ့လိုက်ရ၏။
စုလုရီ ထိတ်လန့်သွားသည်။ သူ၏ အစ်ကို (၂) ထံမှ လက်ဆောင်ကို သူမေ့သွားခဲ့၏။
စုချီ ဧည့်သည်နှင့် သွားတွေ့နေချိန်၌ စုကျန်းချန်၏ ခွင့်ပြုချက်ဖြင့် ရောက်လာခြင်း ဖြစ်မည် ထင်ရသည်။
အလုပ်သမားများက ကြောင်၍ ကြည့်နေသော စုလုရီကို ကြည့်ကာ "မင်းက ဒီက ဝန်ထမ်းလား။ တံခါးဖွင့်ပေးပါဦး။ အထဲကို ထည့်ချင်လို့" ဟု ပြောလိုက်သည်။
မိနစ်လေးဆယ် ကြာပြီးနောက် အလုပ်သမားများက အိပ်ယာကို ဆင်ပေးပြီး ပြန်သွားကြ၏။
စုလုရီက တံခါးဝမှ အခန်းတွင်းသို့ တိတ်ဆိတ်စွာ ရပ်ကြည့် နေလိုက်သည်။
အိပ်ယာက ကြီးမား၍ စုချီ၏ မူလအိပ်ယာဘေး၌ ရှိနေ၏။
နားနေခန်းအတွင်း၌ ပြည့်ကျပ်ကာ ပြန်ထုတ်ဖို့ ခက်နေသည်။
စုလုရီက အိပ်ယာအကြောင်း စဉ်းစားရင်း ရပ်နေချိန်၌ အနောက်မှ ရုတ်တရက် အသံတစ်ခု ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်သောအခါ စုချီက သူ၏ အနောက်မှနေ၍ တံခါးဘောင်ကို လက်ထောက်ထားပြီး သူ့ကို ငုံ့ကြည့်ကာ "မင်း ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
...…….................................
.........................................
အပိုင်း (၃၀) ပြီးပါပြီ။