စုလုရီ
အပိုင်း (၅၁) ပျော့ပျောင်းမှု
စုလုရီကို ကိုင်ထားသော စုချီ၏ လက်များက မြဲမြံကာ မျက်လုံးများက အဓိပ္ပာယ်လေးနက်နေသည်။
စုလုရီက စုချီ၏ မျက်ဝန်းများကို ကြည့်ကာ အနည်းငယ် ကြောင်သွား၏။
ထို့နောက် အနည်းငယ် စဉ်းစားလိုက်ကာ "ကျွန်တော့်ကိုပါ ခေါ်သွားမလို့လား" ဟု မေးလိုက်သည်။
"အင်း" ဟု စုချီက စုလုရီကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"အဲ့ဒါဆို ကျွန်တော် ပြန်တော့မယ် အစ်ကိုကြီး"
စုချီ၏ လက်များက တဖြည်းဖြည်း အားလျော့သွားကာ "သွားပြီး ပစ္စည်းတွေ ပြန်သိမ်းလိုက်။ ငါ ရှောင်ချင့်ကို လေယာဉ်လက်မှတ် ကြိုဝယ်ခိုင်းလိုက်မယ်" ဟု ပြောလိုက်သည်။
စုလုရီက ခေါင်းညိတ်ကာ သူ၏ အခန်းသို့ အမြန် ပြန်သွားလိုက်၏။
...
အခန်းထဲသို့ ပြန်ရောက်သောအခါ စုလုရီက ဝရံတာ တံခါးကို မြန်မြန် လော့ချကာ လိုက်ကာ ဆွဲလိုက်ပြီး တံခါး၌ မှီနေလိုက်သည်။
ထို့နောက် စုချီ၏ အကြည့်များကို ပြန်တွေးကာ ထိတ်လန့်သွား၏။
ထို့နောက် ထပ်တလဲလဲ ပြန်စဉ်းစားကာ စိတ်ကို လျှော့ချလိုက်သည်။
"အစ်ကိုကြီးက အဲ့လို မဖြစ်နိုင်ပါဘူး။ စည်းမကျော်ဖို့ကိုတောင် အမြဲတမ်း သတိပေးနေတဲ့ဟာကို အစ်ကိုကြီးမှာ အဲ့လိုအတွေးမျိုး ဘယ်လိုလုပ်ပြီး ရှိမှာလဲ"
နှလုံးခုန်နှုန်း အနည်းငယ် ငြိမ်သက်သွားပြီးနောက် စုလုရီက သူ၏ လက်နှစ်ဘက်ကို ရင်ဘတ်၌ ကပ်ကာ သီချင်း ညည်းလိုက်သည်။
သူ၏ စိတ်ထဲရှိ အတွေးများကို ရှင်းထုတ်ပြီး အဝတ်အစားများကို စတင် ထုတ်ပိုးလိုက်၏။
...
နောက်တစ်နေ့ မနက် မနက်စာ စားသော အချိန်တွင် စုကျစ်ထုံက "သူဌေး၊ လေယာဉ် ဘယ်အချိန်လဲ။ ရှောင်လင်းကို လိုက်ပို့ခိုင်းလိုက်မယ်" ဟု စုချိီကို ပြောလိုက်သည်။
"နေ့လည်စာ စားပြီးရင် သွားမယ်၊ အဖေ"
စုချီက ထိုသို့ ပြောပြီးနောက် စုလုရီကို ကြည့်ကာ "သူ့ကိုပါ ခေါ်သွားမယ် အဖေ" ဟု ပြောလိုက်၏။
ထိုအခါ စုကျစ်ထုံက အံ့ဩသွားပြီး "သားငယ်လေးရော၊ လိုက်သွားမှာလား" ဟု စုလုရီကို မေးလိုက်သည်။
ယုရှင်းရန်ကလည်း စုလုရီကို ကြည့်ကာ "စီးပွားရေး ကိစ္စ ဆွေးနွေးနေတဲ့ အချိန်မှာ အမှား လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ သားငယ်လေးရယ်။ မလိုက်သွားပါနဲ့လား" ဟု စိတ်ပူစွာ ပြောလိုက်၏။
စုချီက ဆန်ပြုတ်ကို ဇွန်းအပြည့် ခတ်လိုက်ရင်း "ကျွန်တော်က သူ့ကို အတူ ခေါ်သွားချင်လို့" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
"သားကြီးက ခေါ်သွားချင်တာလား" ဟု စုကျစ်ထုံက ထပ်မေးလိုက်သဖြင့် စုလုရီက "သားက အစ်ကိုကြီးရဲ့ လက်ထောက်ဖြစ်နေလို့ လိုက်သွားမလို့ပါ" ဟု ဝင်ပြောလိုက်၏။
ထိုအခါမှ စုကျစ်ထုံနှင့် ယုရှင်းရန်တို့က လက်ခံပြီး ထပ်မပြောကြတော့ပေ။
မနက်စာ စားပြီးနောက် စုလုရီက အပေါ်သို့ တက်ကာ ပစ္စည်းများ သိမ်းရန် ပြင်လိုက်သောအခါ စုယွီက သူ၏ အနောက်မှ လိုက်လာခဲ့သည်။
"ညီလေးနဲ့ အစ်ကိုကြီးက ဘယ်လောက် ကြာမှာလဲ"
"အစ်ကိုကြီး ပြောတာတော့ သုံးရက်၊ ငါးရက် လောက်တဲ့။ အဲ့လိုမှ မဟုတ်ရင် လကုန်လောက်မှ ပြန်လာလို့ ရမယ်တဲ့"
"အိုး၊ အဆင်ပြေသွားတာပေါ့။ ဒါဆို လကုန်မှ ပြန်တွေ့ကြမယ်နော်" ဟု စုယွီက စုလုရီ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်၏။
"မဟုတ်ဘူး၊ အစ်ကို (၃)။ အလုပ်ကိစ္စ အဆင်ပြေရင် သုံးရက်နေရင် ပြန်တွေ့ရမှာ"
"အင်း အင်း၊ ဟုတ်တာပေါ့"
...
နေ့လည်သို့ ရောက်သောအခါ စုချီနှင့် စုလုရီတို့က ကားထဲသို့ ခရီးဆောင်အိတ်ကို ထည့်ကာ လေဆိပ်သို့ ထွက်လာခဲ့ကြသည်။
ဒရိုက်ဘာ လင်းက လိုက်ပို့ပြီး လေဆိပ်သို့ တစ်နာရီခန့်သာ မောင်းရ၏။
စုချီနှင့် စုလုရီတို့က အထူးတန်းတွင် လိုက်ပါ စီးနင်းလိုက်ကြပြီး စုလုရီက နှစ်ယောက်တွဲ ခုံ၏ အတွင်း၌ ထိုင်ကာ စုချီက အပြင်ဘက်၌ ထိုင်လိုက်သည်။
လေယာဉ် စတင် ပျံသန်းသော အချိန်တွင် စုလုရီက စုချီ၏ လက်ကို ကိုင်ရန် စုချီဘက်သို့ လှည့်လိုက်ရာ စုချီက သူ၏ လက်ကို လာကိုင်သည်ကို တွေ့လိုက်ရ၏။
စုချီက လေယာဉ် တည်ငြိမ်သွားသည့် အချိန်အထိ စုလုရီ၏ လက်ကို တင်းကျပ်စွာ ကိုင်ထားပေးလိုက်သည်။
လေယာဉ် ဆိုက်သောအခါ နှစ်ယောက်သား တက္ကစီစီးပြီး အိမ်သို့ ပြန်လာခဲ့ကြ၏။
နေရာ နှစ်ခု၏ အပူချိန် ကွာခြားချက်မှာ (၂၀) ဒီဂရီခန့် ကွာခြားနေသဖြင့် စုလုရီက ကားပေါ်သို့ အိတ်တင်ရင်း ခိုက်ခိုက်တုန်နေသည်။
စုချီက ကားပေါ်သို့ အနောက်မှ လိုက်တက်ကာ "အေးနေတာလား" ဟု စုလုရီကို မေးလိုက်၏။
"အရမ်း အေးတာပဲ အစ်ကိုကြီးရာ"
ထို့ကြောင့် စုချီက စုလုရီကို သူ၏ လက်မောင်းအောက်တွင် ထည့်ကာ သိုင်းဖက်ထား ပေးလိုက်သည်။
"အိမ် မြန်မြန် ပြန်ကြမယ်"
အိမ်သို့ ပြန်ရောက်ကြသောအခါ နေ့လည် (၃) နာရီ ကျော်နေပြီ ဖြစ်သည်။
ကားပေါ်မှ ဆင်းဆင်းချင်း အနောက်ဘက်ခြံမှ ဆောက်လုပ်ရေး လုပ်နေသည့် အသံများကို စတင်ကြားလိုက်ရသည်။
စုချီက မျက်မှောင်ကို ကြုတ်ကာ စုလုရီနှင့်အတူ အိမ်ထဲသို့ အိတ်သယ်ပြီး ဝင်လာလိုက်သည်။
အိမ်ထဲ၌ ဆူညံသံမှာ အနည်းငယ် သက်သာ၏။
အိမ်တွင် ကျန်ခဲ့သော အစေခံနှစ်ယောက်မှ စုချီတို့ကို တွေ့လိုက်သောအခါ နှုတ်ဆက်ပြီး ကြိုဆိုလိုက်ကြသည်။
စုချီက စုလုရီ၏ အိတ်ကို သယ်ကာ အပေါ်ထပ်သို့ တက်သွားရင်း "အပူပေးစက်တွေ အကုန် ဖွင့်ထားလိုက်" ဟု အမိန့်ပေးလိုက်၏။
"ကျွန်တော့်အတွက်က ယူနန် တောင်ပိုင်းကမှ ပိုအဆင်ပြေတာ ထင်တယ်"
စုလုရီ၏ စကားကြောင့် စုချီက ရပ်တန့်သွားသဖြင့် စုလုရီက စကားကို ပြင်ကာ "ဒါပေမယ့် ယူနန်တောင်ပိုင်းက နေက အစ်ကိုကြီးလောက် စွမ်းအားမကြီးဘူး" ဟု ပြောလိုက်သည်။
စုချီက စုလုရီ၏ အခန်းထဲသို့ ခရီးဆောင် အိတ်ကို လိုက်ပို့လိုက်ပြီး "မင်း အေးတာ ကြောက်ရင် ဒီရက်ပိုင်း အိမ်ထဲမှာပဲနေ" ဟု ပြောလိုက်၏။
စုလုရီက အနည်းငယ် ကြောင်သွားကာ "အစ်ကိုကြီးနောက်ကို လိုက်ခဲ့မယ်လေ" ဟု ပြောလိုက်သဖြင့် စုချီက "မေးရိုက်ပြီးတော့ လိုက်မှာလား" ဟု မေးလိုက်သည်။
...
နှစ်ယောက်သား အပြန်အလှန် ညှိနှိုင်းကြပြီးနောက် စုချီ ကုမ္ပဏီ သွားလျှင် စုလုရီက လိုက်ရမည် ဖြစ်ပြီး အပြင်သွားလျှင် ကုမ္ပဏီ၌ နေခဲ့ရမည်ဟု ဆုံးဖြတ်လိုက်ကြ၏။
သဘောတူညီမှု အပြီးတွင် စုချီက သူ၏ အခန်းသို့ ပြန်ကာ အဝတ်အစားထုတ်ကို ဖြည်လိုက်သည်။
စုလုရီက နေ့လည်ခင်း တစ်ရေးတစ်မော အိပ်ရန် ကြံစည်ထားသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းမှ ဆူညံသံက ဝရံတာတံခါးမှ တစ်ဆင့် အခန်းထဲသို့ ကျယ်လောင်စွာ ဝင်လာသဖြင့် အိပ်၍ မရတော့ပေ။
ထို့ကြောင့် ဝရံတာ တံခါးကို ဖွင့်ပြီး စုချီထံသို့ သွားမည် အလုပ်တွင် ဝရံတာမှာ မဆက်ထားကြောင်းကို တွေ့လိုက်ရ၏။
ထို့ကြောင့် အခန်း အပြင်သို့ ပြန်ထွက်ကာ စုချီ၏ အခန်းတံခါးကို ခေါက်လိုက်သည်။
"အစ်ကိုကြီး"
ခဏ ကြာပြီးနောက် စုချီက တံခါး လာဖွင့်ပေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"အပြင်မှာ အသံတွေ အရမ်းဆူနေလို့ ဆောက်လုပ်ရေးက ဘယ်တော့လောက် သိမ်းမှာလဲဟင်"
"ညနေ ခြောက်နာရီလောက်ပေါ့။ မင်း အိပ်ချင်လို့လား"
"အစ်ကိုကြီးက ကျွန်တော့်ကို အသိဆုံးပဲ"
အိပ်၍ မရတော့သဖြင့် စုလုရီက ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားကြည့်ရန် ကုတ်အင်္ကျီကို ဝတ်ပြီး ပုဝါ ကောက်ပတ်လိုက်သဖြင့် စုချီက "ဘယ်သွားမလို့လဲ" ဟု လှမ်းမေးလိုက်သည်။
"အလုပ်လုပ်နေတာ သွားကြည့်မလို့"
"မင်း အေးနေဦးမယ်။ ငါပါ လိုက်ခဲ့မယ်"
နှစ်ယောက်သား လှေကားမှ ဆင်းလာကြပြီး အပြင်ဘက်သို့ ထွက်လာလိုက်ကြ၏။
မူလ ပန်းခြံ ရှိသော နေရာ၌ ပန်းခြံကို ဖျက်ကာ ရေကူးကန် ဆောက်ထားခြင်း ဖြစ်သည်။
အိမ်အပြင်သို့ ထွက်လိုက်သောအခါ ကြီးမားသော ရေကူးကန်၌ ပိုက်လိုင်းများ ချိတ်ဆက်ထားပြီး စက်ကြီး၊ စက်ငယ်များဖြင့် အလုပ်သမားများက အလုပ်လုပ်နေကြသည်ကို တွေ့လိုက်ရသည်။
ထို့နောက် အလုပ်သမားများက စုလုရီတို့ကို တွေ့သွားကာ တီးတိုး ပြောဆိုနေကြတော့သည်။
"အဲ့ဒါ သခင်လေး နှစ်ယောက်မလား။ ညီအစ်ကိုတွေ ဖြစ်ပြီး ဘာလို့ ရုပ်က မတူကြတာလဲ"
"ဟေ့၊ စကား များမနေနဲ့ အလုပ်လုပ်တော့"
.....
စုလုရီက စုချီဘက်သို့ လှည့်ကာ ဆူပုတ်နေသည့် မျက်နှာ အမူအရာဖြင့် "အစ်ကိုကြီး၊ ကျွန်တော်တို့ကို မတူဘူးလို့ ပြောနေကြတယ်" ဟု ပြောလိုက်သည်။
"မင်း မကြိုက်ရင်လည်း အိမ်ထဲ ပြန်ဝင်ကြမယ်"
"အင်း၊ ဒီမှာက အရမ်းဆူတော့ ကျွန်တော့် နားတွေ အရမ်း အူလာပြီ"
"အဲ့ဒါဆို မင်းရဲ့ လက်နှစ်ဖက်နဲ့ ကာထားလေ"
"လက်ထုတ်လိုက်ရင် အေးလို့"
"ပျော့လိုက်တာကွာ"
စုချီက ထိုသို့ပြောရင်း စုလုရီ၏ နားနှစ်ဖက်ကို သူ၏ လက်ဖြင့် အုပ်ပေးလိုက်၏။
ထို့နောက် စုလုရီ၏ ကျောသို့ ကပ်ကာ စုလုရီ၏ ခေါင်းပေါ်သို့ မေးတင်လိုက်ပြီး "မင်း ဘာလို့ ဒီလောက်တောင် ပျော့နေရတာလဲ" ဟု မေးလိုက်သည်။
...…….................................
.........................................
အပိုင်း (၅၁) ပြီးပါပြီ။