စုလုရီ
အပိုင်း (၇၆) စကားစစ်ထိုးခြင်း
"တော်တော် များများကတော့ ညီအစ်ကိုတွေ ဆင်တူ ဝတ်လာတယ်လို့ပဲ ထင်မှာပါ" ဟု စုလုရီက တွေးပြီး "အစ်ကိုကြီး အတွေးများနေပြီ ထင်တယ်" ဟု ပြောလိုက်သည်။
စုချီက စုလုရီကို ကြည့်ကာ ဝတ်စုံကို ကမ်းပေးလိုက်ပြီး "ရော့၊ လဲဝတ်လိုက်" ဟု ပြောလိုက်၏။
"ဒါဆို အစ်ကိုကြီး အရင် ထွက်သွားလေ"
ဝတ်စုံမှာ အနက်ရောင် ဝတ်စုံဖြစ်ပြီး အရည်အသွေး ကောင်းမွန်သော ဝတ်စုံကောင်း တစ်ခု ဖြစ်သည်။
စုလုရီက အဝတ်လဲပြီးသောအခါ စုချီ၏ အခန်းတံခါးကို သွားခေါက်ပြီး "အစ်ကိုကြီး၊ ဝင်လာလို့ရလား" ဟု မေးလိုက်သည်။
"ဝင်လာခဲ့"
စုလုရီက တံခါးကို ဖွင့်ပြီး ဝင်လိုက်သောအခါ တောင့်တင်းသန်မာသော ခန္ဓာကိုယ်နှင့် တည်ကြည်ခန့်ညားသော စုချီက အင်္ကျီလက် ကြယ်သီး တပ်နေသည်ကို ရင်သပ်ရှုမောစွာ မြင်လိုက်ရသည်။
"အဝတ်အစား လဲပြီးပြီလား"
"အင်း"
ဝတ်စုံဆင်တူ ဝတ်ထားကြသော်လည်း စုလုရီ၏ စိတ်ထဲ၌ စုချီက ပို၍ ကြည့်ကောင်းနေသည်ဟု ထင်နေ၏။
စုလုရီက စုချီက အမြင်ကောင်းသည်ဟု တွေးနေချိန်၌ စုချီက အပြာရင့်ရောင် နက်တိုင်ကို ထိုးပေးကာ "ငါ့ကို ကူဝတ်ပေးဦး" ဟု ပြောလိုက်သည်။
"အင်း၊ အစ်ကိုကြီး" ဟု ပြောပြီး စုလုရီက စုချီ ရှေ့သို့ တိုးကာ နက်တိုင်ကို ဝတ်ပေးရန် ပြင်လိုက်သည်။
သို့သော် အရပ် ကွာခြားမှုကြောင့် စုလုရီက ခြေဖျား ထောက်ကာ စုချီ၏ လည်ပင်းကို နက်တိုင်
စွပ်ပေးလိုက်ရင်းဖြင့် အရှိန်လွန်ကာ နမ်းမိသွားတော့၏။
စုလုရီက လန့်သွားပြီး ကြောင်နေချိန်၌ စုချီက "ဆက်လုပ်လေ" ဟု ဆက်ပြောလာသဖြင့် ရှက်ရှက်နှင့် မြန်မြန် လုပ်ပေးလိုက်သည်။
စုချီ ဝတ်စုံ လဲပြီးသွားသောအခါ နှစ်ယောက်သား အခန်းထဲမှ ထွက်ပြီး အောက်ထပ်သို့ ဆင်းလာကြသည်။
အောက်ထပ်တွင် စုကျန်းချန်နှင့် စုယွီတို့က အဆင်သင့်ဖြစ်နေပြီ ဖြစ်ရာ စုကျန်းချန်က "အစ်ကိုကြီးတို့က ပြင်ဆင်တာ နှေးလိုက်တာ" ဟု ပြောလိုက်၏။
"မြန်မြန် လုပ်ရအောင် ပါတီပွဲ ရှေ့ဆုံးတန်းကို နေရာ သွားဦးမလို့လား" ဟု စုချီက ပြန်ပြောလိုက်သဖြင့် စုကျန်းချန်က ထပ်မပြောတော့ချေ။
ညီအစ်ကို လေးယောက်လုံး အပြင်သွားကြမည် ဖြစ်သဖြင့် စုကျစ်ထုံနှင့် ယုရှင်းရန်တို့က ဧည့်ခန်းထဲတွင် နှုတ်ဆက်ရန်အတွက် ထိုင်စောင့်နေကြသည်။
စုကျစ်ထုံက လှေကားမှ စုချီနှင့် စုလုရီတို့ ဝတ်စုံဆင်တူ ဝတ်ပြီး ဆင်းလာသည်ကို မြင်လိုက်သောအခါ "တော်တော် အတင့်ရဲ့တဲ့ဟာတွေပါလား။ ငါ့ ရှေ့မှာတောင် ဝတ်စုံဆင်တူ ဝတ်လာရဲသေးတယ်။ တွေ့ကြသေးတာပေါ့ကွာ" ဟု တွေးပြီး "သူဌေးနဲ့ ရှောင်ရီက ဆင်တူ ဝတ်လာတာ ဆိုတော့ သား (၂) နဲ့ သား(၃) လည်း သူတို့နဲ့ ဆင်တူဖြစ်အောင် သွားလဲလိုက်ပါလား။ ညီအစ်ကိုတွေ ဆင်တူ ဖြစ်သွားတာပေါ့" ဟု ပြောလိုက်၏။
"ရှင်ကလည်း အဲ့လောက်အထိ မလိုပါဘူး။ ညီအစ်ကိုတွေ ဆင်တူ ဝတ်သွားရအောင် ထုတ်ကုန် ကြေညာနေတာမှ မဟုတ်တာ" ဟု ယုရှင်းရန်က ဝင်ဟန့်လိုက်သဖြင့် စုကျစ်ထုံက ဆက်မပြောနိုင်တော့ပေ။
ထိုအခါ စုလုရီက "ပါးပါး၊ ဆင်တူ ဝတ်စေချင်ရင် သားတို့ အကုန်လုံးအတွက် ညအိပ်ဝတ်စုံ ဆင်တူဝယ်လိုက်မယ်လေ" ဟု ထပြောလိုက်သဖြင့် စုကျစ်ထုံက ပို၍ ဝမ်းနည်းသွားတော့သည်။
သူ၏ ဆိုးသွမ်းသော ယောက္ခမ ပုံစံ ဖန်တီးမှုမှာ တစ်ဖန်ကျ ရှုံးသွားပြန်ပြီ ဖြစ်၏။
ပါတီပွဲသို့ ဒရိုက်ဘာ လင်းက လိုက်ပို့ပြီး စုလုရီက စုချီ ဘေးတွင် ထိုင်ကာ ကျိုးချင်းချန်တို့ကို အကြောင်းကြားလိုက်သည်။
စုလုရီ : "ငါတို့ထွက်လာပြီနော်။ ဒါနဲ့ ဒီနေ့ မင်းဧည့်သည် ဘယ်နှစ်ယောက် ဖိတ်ထားတာလဲ"
ကျိုးချင်းချန် : "အယောက် တစ်ရာလောက်"
စုလုရီ : "..."
ထိုအချိန်တွင် စုချီက နားအနားကို ကပ်ကာ "ဘာတွေ ပြောနေတာလဲ" ဟု ကပ်ပြောလိုက်သဖြင့် စုလုရီက တုန်ရီသွားတော့၏။
ကျိုးချင်းချန်၏ ခြံဝင်းထဲတွင် ကိုယ်ပိုင် ကားများ အများအပြား ရပ်နေကြရာ စုချီတို့က ဖြည်းဖြည်းချင်း တန်းစီပြီး ခြံထဲသို့ ဝင်သွားကြသည်။
ထို့နောက် ကားပေါ်မှ ဆင်းကာ အိမ်တံခါးဝသို့ လျှောက်လာခဲ့ကြ၏။
အိမ်တံခါးဝတွင် ဧည့်သည်များကို ဧည့်ခံနေသော စွင်းယွဲ့နှင့် စွင်းဟဲ့ယွီတို့က စုလုရီတို့ကို တွေ့သွားသဖြင့် "စုလုရီ" ဟု လှမ်းခေါ်ကာ အနားသို့ ရောက်လာကြသည်။
"ကျိုးချင်းချန်က အပေါ်မှာ ဧည့်သည်တွေကို ဧည့်ခံနေရလို့ ငါတို့ အပေါ်ထပ် တက်သွားကြမယ် လာ..." ဟု စွင်းဟဲ့ယွီက စုလုရီတို့ကို ဧည့်ခံလိုက်၏။
ခြောက်ယောက်သား အပေါ်ထပ်ရှိ အက ခန်းမတွင် ထိုင်စရာ နေရာရှာ ထိုင်ကြပြီးနောက် ကျိုးချင်းချန်က စင်ပေါ်သို့ တက်ကာ အဖွင့် မိန့်ခွန်း ပြောကြားတော့သည်။
ကျိုးချင်းချန်၏ ရှည်လျားသော မိန့်ခွန်းကို နားထောင်ရင်း ပျင်းလာသဖြင့် စုလုရီက ဘေးဘီကို ကြည့်လိုက်ရာ နျဲ့ယီဟုကို လှမ်းတွေ့လိုက်ရ၏။
"ဘယ်တွေကို ကြည့်နေတာလဲ" ဟု စုချီ၏ အေးစက်စက် အသံကြောင့် စုလုရီက ထိတ်လန့်
တုန်လှုပ်သွားကာ "ဘယ်မှ မကြည့်ပါဘူး" ဟု လိမ်ပြောလိုက်သည်။
စုချီက စုလုရီ ကြည့်ခဲ့သော နေရာကို လှမ်းကြည့်ပြီး စုလုရီကို နျဲ့ယီဟု လှမ်းကြည့်နေသည်ကို တွေ့လိုက်သဖြင့် စုလုရီ၏ ပုခုံးပေါ်သို့ လက်တင်ကာ ဖက်ထားလိုက်၏။
စုလုရီက ကျိုးချင်းချန်၏ မိန့်ခွန်းများကို စိတ်မပါလက်မပါဖြင့် နားထောင်နေရင်း စုချီက လည်ပင်းကို ညင်ညင်သာသာ ပွတ်သပ်လာသဖြင့် စုလုရီက "အစ်ကိုကြီး" ဟု တိုးတိုးလေး သတိပေးလိုက်သည်။
ကျိုးချင်းချန်က မိန့်ခွန်းပြောပြီးနောက် စင်ပေါ်မှ ဆင်းလာကာ စုလုရီတို့ထံ လျှောက်လာပြီး "စုလုရီနဲ့ စွင်းဟဲ့ယွီ၊ ဘာလုပ်ကြမလဲ ကကြမလား" ဟု မေးလိုက်၏။
စုလုရီက နျဲ့ယီဟု၏ မြင်ကွင်းမှ ရှောင်ရှားချင်နေသဖြင့် "တစ်ခုခု အရင် စားကြမယ်လေ။ မင်း ဘာတွေ ပြင်ထားလဲ" ဟု ကျိုးချင်းချန်ကို လှမ်းမေးလိုက်သည်။
"မင်းက တကယ် စားဖို့ကြီးပဲ" ဟု ပြောပြီး အုပ်စုလိုက် ထပြီး လျှောက်လိုက်ချိန်တွင် လူရိပ်တစ်ခုက ရှေ့မှ ရောက်လာခဲ့၏။
ထိုသူမှာ နျဲ့ယီဟု ဖြစ်ပြီး နျဲ့ယီဟုက စုလုရီကို ကြည့်ပြီး "မတွေ့တာကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။
"အင်း၊ မတွေ့တာကြာပြီ"
"အစ်ကိုတွေနဲ့ လာတာလား။ တကယ်လို့ ဒီနေ့ အားရင် ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါလား"
နျဲ့ယီဟု၏ ပြောစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး အေးစက်လာကာ စုချီက စုလုရီကို လှမ်းဖက်လိုက်၏။
အများ၏ အမြင်တွင် အစ်ကိုကြီးမှ ညီငယ်လေးကို ကာကွယ်ပေးသည့် ပုံစံမျိုး ဖြစ်နေနိုင်သော်လည်း စုချီ၏ မျက်လုံးထဲတွင် ပိုင်ဆိုင်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
ထို့နောက် စုချီက "စုလုရီက ဒီနေ့ မအားဘူး။ ကုမ္ပဏီကို ငါနဲ့ အတူတူ သွားရမှာ" ဟု အေးစက်စက်လေသံဖြင့် နျဲ့ယီဟုကို ပြန်ပြောလိုက်လေ၏။
...…….................................
.........................................
အပိုင်း (၇၆) ပြီးပါပြီ။