Chapter 17

6.8K 881 10
                                    

CHAPTER 17
- ညီအကိုလိုလို ပြိုင်ဖက်လိုလို -


ဘာကြီး ... သူ အဲ့လိုမလုပ်တာ ကောင်းကင်ရော၊ မြေကြီးရော သိ၏။

သူ ဘယ်အရာက ပိုင်ဆိုင်ကြောင်း ပြမိ (အီစီကလီလုပ်မိ) မှန်း နားမလည်ပါ၊ ပြီးတော့ အဲ့တာက ဆန်ကိတ်နဲ့ရော ဘာတွေများသက်ဆိုင်နေလို့လဲ။

"ဘယ်သူက အီစီကလီလုပ်နေတာလဲ" စုလုရီက သူ့ကို လက်ချောင်းနဲ့ ထပ်ထိုးချင်လာပြီ။

စုချီက သူ့ လက်ချောင်းတွေကို ကြည့်လိုက်ရင်း "ငြင်းဦးမှာလား" လို့ ပြောလိုက်သည်။

"..." စုလုရီ တွန့်ဆုတ်နေပြီးမှ လက်တွေကို ပြန်ရုတ်သိမ်းလိုက်၏။ ဒါကို အီစီကလီလုပ်တယ် ခေါ်တာလား။

စုချီကတော့ သူတကယ်ပဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာ ဆုံးဖြတ်
နေပုံနှင့် သူ့ကို ငုံ့ကြည့်နေသည်။

စုလုရီက ချက်ချင်း မတ်မတ်ရပ်လိုက်ပြီး လက်ကိုသူ့နောက်သို့ ပစ်လိုက်၏။ သူက စုချီရဲ့
အဖြေရှာနေတဲ့ မျက်တန်းတွေနဲ့စုံကာ သူ့ရဲ့ဖြူစင်မှုကို သက်သေပြလိုက်သည်။

သူ ဝတ်ထားတဲ့ အဖြူရောင်အင်္ကျီကပဲ စုချီရဲ့ဖုန်တတ်နေတဲ့ အမှတ်တရတွေကို သွားဆွသလိုဖြစ်
သွားတာများလားလို့ စုလုရီ သိချင်မိ၏။

အဲ့အချိန်တုန်းက စုချီက သူ့အား ယောင်္ကျားတွေကို သဘောကျတာလားလို့ မေးခဲ့တယ်လေ။ အဲ့တာကြောင့်များ သူ့ကို တမင် အီစီကလီ လုပ်တယ် ထင်နေတာလား။

"မဟုတ်ဘူးနော်"

စုချီက အကြည့်တွေကို ပြန်ရုတ်သိမ်းသွားပြီး ပုံမှန်မျက်နှာ အမူအရာသို့ ပြန်ရောက်သွားခဲ့၏။ စုလုရီ
စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့ခြေလှမ်းတွေနောက် လိုက်ခဲ့သည်။ "သေချာပေါက်မဟုတ်ဘူး"

"ကောင်းတယ်" စုချီက သူ့ကို ဆုံးမလာသည်။ "နောက်ကို သူများတွေ‌ အရှေ့ အဲ့လိုမလုပ်နဲ့။ လူတွေ အထင်လွဲဖို့ လွယ်တယ်။ နားလည်လား"

စုလုရီကတော့ ကြက်သွန်ဖြူ ထောင်းသလို ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။ "ကျွန်တော် နားလည်ပါပြီ"

တကယ်တော့ သူ နားမလည်ပါ။ သူများ အရှေ့မှာ မလုပ်ရဘူးဆို နှစ်ယောက်ထဲ ရှိချိန်ရော။

သူတို့နှစ်ယောက် ဘေးချင်းရပ်ကနေ ခပ်ခွာခွာလျှောက်လာခဲ့ကြ၏။ စုချီက ရုတ်တရက်ကြီး ပြောလာသည်။
"ငါတို့က ညီအစ်ကိုရင်းတွေ မဟုတ်ဘူးဆိုတာ မင်းနားလည်တယ် မဟုတ်လား"

"ဟုတ်" ဒါတွေ ဘာလို့ ရုတ်တရက် ပြောလာလဲ စုလုရီ နားမလည်ပါ။

"အဲ့တော့ မင်း ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး သူများအထင်လွဲအောင် လုပ်တာ မကောင်းဘူးလေ"

အဲ့အခါမှ စုချီ သူ့ကို ဘာရှင်းပြချင်နေမှန်း နားလည်သွားတော့၏။

စုလုရီ လန့်သွားခဲ့သလို နည်းနည်းလည်း ရင်ထဲထိသွားတယ် ပြောရမည်၊ စုချီက သူ့ ခံစားချက်တွေကို ဂရုစိုက်စ ပြုလာပြီလေ။ သူ့ရဲ့ ပြီးခဲ့တဲ့ ကြိုးစားမှုတွေက နောက်ဆုံးတော့ အရာထင်လာခဲ့ပြီ။

စုလုရီက ရုတ်တရက် လက်တွေကို မြှောက်လိုက်ကာ ကတိပေးလိုက်၏ "ကျွန်တော် အစ်ကိုကြီး စကား နားထောင်ပါ့မယ်။ နောက် အဲ့လို မလုပ်တော့ပါဘူး"

စုချီ စိတ်ပြေသွားသည်။ အဲ့လို စကားနည်းနည်းလောက် ပြောပြီးတာနဲ့ သူတို့နှစ်ယောက် ခန်းမ ဖက်သို့ ပြန်လာခဲ့ကြသည်။ "ပြီးတော့ ကျွန်တော်တတိယ အစ်ကိုကြီးကိုလည်း စကားပြောကြည့်ပါဦးမယ်"

စုလုရီ အခု စိတ်ရင်းနဲ့ ကျေနပ်ကာ စိတ်သက်သာရာရသွား၏။ "ကောင်းပါတယ်..." တတိယ အစ်ကိုကြီးရဲ့သူ့အပေါ် အာရုံစိုက်မှုက ကြီးမားလွန်းသည်လေ။

သူတို့ အခန်းကို ပြန်ရောက်တော့ စုချီက ရေချိုးရန်ရေချိုးခန်းထဲသို့ ဝင်သွားခဲ့၏။  စုလုရီကတော့
အင်္ကျီကို ချွတ်ကာ ဘယ်နားထားရမှန်း မသိတာနဲ့ဖက်ထားမိသည်။

စုချီကို သည်အတိုင်း ပြန်ပေးလိုက်ဖို့ကလည်း မသင့်တော်ဘူးလို့ထင်မိပြီး အဝတ်လျှော်စက်ထဲလည်း သည်အတိုင်း ပစ်မထည့်ရဲပေ။ ဝထ္ထုထဲမှာဆို ဥက္ကဌတွေရဲ့အဝတ်စားတွေက လက်နဲ့လျှော်တာလေ။

စုလုရီ အရင်ဆုံး ဆိုဖာပေါ် တင်ထားလိုက်သည်။

ညရောက်လေ အေးလေမလို့ သူ့ အိပ်ခန်းထဲဝင်က အပေါ်ဝတ် ပါးပါးလေး တစ်ထည် ဝတ်ထားလိုက်သည်။
သူ ဧည့်ခန်းထဲ ပြန်ရောက်ရောက်ချင်းမှာပဲ တံခါးခေါက်သံ ကြားလိုက်ရ၏။

တံခါး ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် စုယွီက အပြင်ကနေ အထဲကို တိုးဝင်လာသည်။

စုယွီရဲ့ဆံပင်တွေက ရေတွေ စက်လက်ကျနေတုန်းပင်။ စုလုရီ မျက်နှာကိုတောင် အနည်းငယ် လာစင်သေး၏။
"တတိယ အစ်ကိုကြီး၊ ဒီကို ဘာလာလုပ်တာလဲ"

"အခုလေးတင် ရေချိုးပြီးလို့ မင်းကို လာရှာတာ" စုယွီက အရှေ့ဆံပင်တွေ ဖုံးနေတဲ့ မျက်လုံးတွေကို
ကျဥ်းမြောင်းလိုက်ပြီး "တတိယ အစ်ကိုကြီးကို ဆံပင်ခြောက်အောင် လုပ်ပေးလေ"

စုလုရီ သူ့ နှုတ်ခမ်းတွေကို စိလိုက်ကာ အဝေးကနေသက်ပြင်းချလိုက်၏။

စုယွီရဲ့ မျက်ဝန်းတွေ ကျဥ်းမြောင်းသွားပြီး ... "လေမှုတ်စက်နဲ့ ရသလို သဘက်နဲ့လည်း အဆင်ပြေတာပဲ။ အစ်ကိုကြီးက ချေးမများပါဘူး"

စုလုရီက စုချီရဲ့သတိပေးမှုကို သတိရကာ "အစ်ကိုကြီးက ကြိုက်မှာ မဟုတ်ဘူး။ တတိယ အစ်ကိုကြီးကို လေမှုတ်စက် ရှာပေးမယ်"

စုယွီက ရုတ်တရက် လက်မောင်းတွေကို မြှောက်ကာ အနားကို တိုးလာခဲ့သည်။

သူတို့က ဧည့်ခန်းဝမှာ ရပ်နေကြတာမို့ ကျဥ်းကျပ်တဲ့ နေရာမှာ ခေါင်းပေါ်က အလှဆင် မီးလုံးလေးတစ်လုံးသာရှိ၏။
စုလုရီတစ်ယောက် သူ့ရဲ့ဖနောင့်က လော့ကာအစွန်းနဲ့ ထိမိသွားသည်။ စုယွီက လော့ကာပေါ် လက်တစ်ဖက်တင်ကာ သူ့ကို ဧည့်ခန်းဖက် ထွက်မပြေးနိုင်အောင် ညှပ်ထား၏။

"ငါ့ စိတ်ထဲ ဘာလို့ မင်းနဲ့ အစ်ကိုကြီး တအားရင်းနှီးတယ်လို့ ခံစားနေရတာလဲ" စုယွီက သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်လာခဲ့သည်။

စုလုရီက စုယွီရဲ့မျက်ခုံးကနေ နှာဖျားအထိ ရေစက် စီးကျသွားတာကို တွေ့လိုက်ရသည်။ စကားတွေကအမြဲတမ်း စနောက်တဲ့ စကားတွေ ဆိုပေမယ့် သေချာကြည့်ရင် အဓိပ္ပာယ်တွေ အများကြီးပါ၏။

စုလုရီက ခေါင်းကို နည်းနည်းမော့လိုက်ပြီး "နေ့တိုင်း နိုးလာရင် ပထမဆုံးတွေ့ရတာ အစ်ကိုကြီးပဲဟာ"

စုယွီကတော့ သူ ဖြစ်နေတာတွေကို ရှင်းမပြတတ်လောက်အောင်ကို ရင်းနှီးနေတယ် ခံစားရ၏။

စုလုရီ "ကြက်ပေါက် ဇာတ်လမ်းပဲဟာ"

**စုလုရီက 'သူက အသိုက်ထဲက ကြက်ပေါက်ဆို စုချီက ကြက်မကြီး' လို့ ပြောချင်တာပါ**

စုယွီ "..." ဟုတ်မှာပါ။

သူတို့နှစ်ယောက် နီးနီးကပ်ကပ် ရပ်နေတုန်း ရေချိုးခန်းတံခါးက ပွင့်လာခဲ့သည်။

တံခါးပွင့်လာခဲ့ပြီးနောက် စုချီက‌ ရေချိုးသဘက်ကို ပုခုံးပေါ်တင်ကာ ထွက်လာခဲ့၏။ စုယွီက ရေချိုးခန်းဖက်ကို လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ စုချီကလည်း လှမ်းကြည့်လာခဲ့၏။ သူတို့အနေအထားကို ကြည့်ပြီး မျက်နှာတင်းတင်းနဲ့ သူတို့ဖက်ကို လျှောက်လာခဲ့သည်။

စုလုရီက လန့်ဖြန့်ပြီး ဗလုံးဗထွေးတွေ စပြောတော့၏။ အဲ့မှာ စုချီလည်း ခေါင်းမသုတ်ရသေးတာကို တွေ့လိုက်သည်။ နေရာကျဥ်းကျဥ်းလေးက လူသုံးယောက်နဲ့ပြည့်သွားပြီး လေထုကထူထပ်နေ၏။

စုယွီက ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားသည်။

"ငါနဲ့ လိုက်ခဲ့" စုချီက ပြောပြီး သူ့ အခန်းထဲ ပြန်လျှောက်သွား၏။

စုယွီက ကျစ်ခနဲ မြည်တွန်တောက်တီးကာ သူ့နောက်ကို လိုက်သွားတော့သည်။

ထို လူနှစ်ယောက် ထွက်သွားတော့မှ လေထုကပြန်လည် တည်ငြိမ်သွားပြီး သူလည်း စိတ်သက်သာ
သွားတော့၏။ သူ ဆိုဖာဆီကို ပြန်လျှောက်သွားကာ ကိတ်လုံးလေးလို မှီချပစ်လိုက်သည်။

ကြောက်လိုက်တာ....ကြောက်လို့ သေတော့မယ်။ သေတော့မယ်တောင် ထင်တာ။

အခန်းထဲမှာတော့ အမျိုးသားနှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသည်။

စုချီ၏ ခေါင်းပေါ်ကရေစက်တွေက သဘက်ပေါ်ကျကာ ရေကွက်တွေတောင် ထင်နေသည်။
တစ်ချို့ရေကွက်တွေကတော့ ပုခုံးပေါ်ကျကာ အင်္ကျီမှာ သွားကွက်နေ၏။

"တတိယ ညီလေး၊ ညီလေး ကစားရတာ ကြိုက်တာသိတယ်။ မလုပ်နဲ့လို့လည်း မတားဖူးဘူး။ ဒါပေမယ့် လုပ်သင့်တဲ့သူနဲ့ မလုပ်သင့်တဲ့သူကိုတော့ ခွဲခြားသင့်တယ်"

"ကျွန်တော် ဘာလုပ်လို့လဲ" စုယွီက သူ့လက်တွေကို အိတ်ထောင်ထဲထည့်လိုက်ကာ ပြတင်းပေါက်ကနေ
ပင်လယ်ကြီးကို ငေးကြည့်နေလိုက်၏။ ပင်လယ်ရေတွေက လှိုင်းထနေပြီး ပင်လယ်နဲ့ ကောင်းကင်ကို ထိတွေ့နေစေသည်။ "ညီအစ်ကို အချင်းချင်းစတာကို ဘာတွေ အတည်ပေါက်ဖြစ်နေတာလဲ၊ အစ်ကိုကြီး"

စုချီက လှောင်လိုက်၏ "ဒါဆို မင်း အင်္ကျီကို အစ်ကိုကြီး ဝတ်ဖို့ ပေးမှာလား"

စုယွီ "..."

စုယွီ ပြောစရာ စကားတွေ ဆွံ့အသွားခဲ့သည်။ သူတိတ်တဆိတ်နဲ့ ပြတင်းပေါက်ကိုသာ ကြည့်နေလိုက်၏။
အခန်းက သူတို့နှစ်ယောက် အသက်ရှူသံတွေနဲ့သာပြည့်နေခဲ့သည်။ ဘယ်သူမှ စကားမစခဲ့ကြ။

အပြင်ဖက်က လှိုင်းပုတ်သံဖွဖွက မှန်ပြတင်းကိုဖြတ်ကာ ကြားနေရသည်။ သူတို့က ငယ်ငယ်လေးကတည်းက ရင်းနှီးတဲ့ ညီအစ်ကိုတွေပါ။ ဘာ စကားမှ မပြောတောင် တစ်ယောက်စိတ်ထဲ ဘာရှိတယ်ဆိုတာ သိနေကြတယ်လေ။

တော်တော်ကြာမှ စုချီက စကားစလာခဲ့သည်။ "တတိယ ညီလေး၊ လူတွေက ပြောင်းလဲတတ်တယ်"

စုယွီ မော့ကြည့်လိုက်တော့ မှင်တွေလို မဲမှောင်နေတဲ့ မျက်တန်းတစ်စုံနဲ့ ဆုံ၏။ သူ့ အစ်ကိုကြီးက
အဖေ့လိုပါပဲ။ အဲ့အချိန် ခဏလေးအတွင်း စုချီဆီမှာ စုကျစ်ထုံလို ဂုဏ်သရေမျိုးကို တွေ့လိုက်ရသည်။

စုချီက ပြောလိုက်၏ "မင်းလည်း ရင့်ကျက်ဖို့အချိန်တန်ပြီ"

......................

အစိကိုနှစ်ယောက် အခန်းထဲက ထွက်လာတော့ စုလုရီက ပြတင်းပေါက်ကြီး အနားက သားမွှေးကော်ဇောပေါ်မှာ လှဲကာ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေ၏။

စုချီ မျက်နှာကတော့ ပုံမှန်ပေမယ့် စုယွီကတော့ခေါင်းငိုက်စိုက်ကျကာ ဘာမှမပြော။ သူ့ပုံစံက အဆူခံထားရတဲ့ အကောင်ကြီးလိုပဲ။

စုချီက "တတိယ ညီလေး၊ ဆံပင်သုတ်လိုက်ဦး" လို့ပြောလိုက်၏။

စုလုရီက ချက်ချင်းရပ်ကာ အိပ်ခန်းထဲက သဘက်နဲ့ လေမှုတ်စက် သွားယူပေးလိုက်သည်။ "တတိယ အစိကိုကြီး ဒီမှာ ဆံပင်ခြောက်အောင် လုပ်ဖို့၊ ငါ့ကိုအငြိုးမထားနဲ့နော်"

စုယွီက "မင်း လုပ်ပေး" ဆိုတဲ့ စကားကို နှာတစ်ချက်ရှုံ့ကာ ပြန်မျိုချလိုက်ပြီး ယူလိုက်သည်။

လေမှုတ်စက်က အသံက ဧည့်ခန်းထဲမှာ မြည်ဟီးနေ၏။ စုလုရီက စုချီတစ်ယောက် ဆိုဖာပေါ်က အင်္ကျီကို ကောက်ရန် ကိုယ်ကို ကိုင်းလိုက်တာ မြင်လိုက်သည်။ "အစ်ကိုကြီး ဝတ်မလို့လား။ ကျွန်တော်လျှော်ပြီးမှ ပြန်ပေးမယ်လေ" လို့ အော်ပြောလိုက်၏။

စုချီက မော့ကြည့်ကာ "ဘာလဲ" ဆိုတဲ့ပုံနဲ့ ပါးစပ်လှုပ်ပြသည်။

"ကျွန်တော်..."

စုလုရီ လက်လျှော့လိုက်ကာ ရှေ့ကို နှစ်လှမ်းသုံးလှမ်းတိုးပြီး စုချီ အနားမှာ ကပ်လိုက်၍ "အစ်ကိုကြီး ကျွန်တော်..."

ဒတ်၊ ခလုတ် ပိတ်လိုက်သံနဲ့အတူ လေသံပါ ရပ်သွားခဲ့သည်။

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ စုယွီက သူ့ရဲ့ ခြောက်သွေ့စရှေ့ဆံပင်ကြားကနေ မျက်လုံးတစ်ဖက် ပင့်ကြည့်လာ၏။
သူ့ ပုံစံက စုချီ ရေချိုးခန်းထဲက ထွက်လာသလို အေးစက်မောက်မာနေသည်။ "အဲ့လောက်ကြီး ကပ်ပြီး ဘာလုပ်နေတာလဲ"

စုချီ "... ..."

စုလုရီ "... ..."

စုယွီက စုချီ အနောက်ကို တစ်လှမ်းဆုတ်လိုက်တာ မြင်ပြီး စိတ်ထဲကနေ ကြိတ်ပျော်သွား၏၊ ဟ...
ပြန်ခံရပြီ ဘာတတ်နိုင်သေးလဲ။

သူတို့ သုံးယောက်ကြားက လေထုက ထူးဆန်းနေတာကို ညစာစားကြတော့ စုကျန်းချန် သတိထားမိသည်။
သူက စုလုရီကို ခဏခဏ ကြည့်နေမိ၏။

စုလုရီက ငါးကင်ကို စုချီနဲ့ စုယွီအား တစ်လှည့်ဆီထည့်ပေးကာ သူကတော့ တူမှာ ကပ်နေတဲ့ အရည်လေးကို စုပ်ပြီး အရသာခံနေတုန်း ခေါင်းကိုလှည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေတဲ့ စုကျန်းချန်ကို တွေ့လိုက်ရ၏။

စုလုရီက စုကျန်းချန်ကိုလည်း တစ်ဖက်ထည့်ပေးကာ "ဒုတိယ အစိကိုကြီးလည်း စား"

စုကျန်းချန်က သူ့ကို ထည့်ပေးတဲ့တူကို ကြည့်လိုက်ပြီး သူ့ မျက်ခုံးတွေကို တွန့်ချိုးလိုက်ကာ ...
"မင်း တံတွေးတွေနဲ့"

စုလုရီက ချော့လိုက်၏ "အစ်ကိုကြီးနဲ့ တတိယ အစိကိုကြီးတောင် စားသေးတာပဲ" သူ တစ်ယောက်ထဲကျနေတာပဲ။

သူ့ဟာသူ စားနေတဲ့ စုချီနဲ့ စုယွီ : "... ..."

စုချီက သူ့ တူကို ချလိုက်ပြီး အေးစက်တဲ့ အကြည့်တွေအား စုလုရီနဲ့ စုကျန်းချန်ဆီ ပို့လိုက်သည်။

စုလုရီက မြန်မြန် အပြစ်လွှဲချ၏ "ဒုတိယ အစ်ကိုကြီး မပြောခင်ကအထိ ပျော်ပျော်ကြီး စားနေပြီးတော့"

စုချီ "အဲ့တော့ ငါက အပြစ်လုပ်တဲ့သူကို အပြစ်မတင်ပဲ ထောက်ပြတဲ့သူကို အပြစ်တင်ရမှာလား"

စုလုရီက ပြောင်းလဲလွယ်တယ်လေ "ဒါပေမယ့်လည်း သိသိရက်နဲ့ စားတာပဲ မဟုတ်ဘူးလား"

စုကျစ်ထုံက သူတို့ နှစ်ယောက် ငြင်းခုံနေမှုကို ကြားဖြတ်ကာ "ဘာတွေ ပြောနေကြတာလဲ။ ငှက်သိုက်
တောင် ပျော်ပျော်ကြီး သောက်ကြသေးတယ် မလား။ ဘာလဲ၊ ညီလေးက ငှက်လောက်တောင် မကောင်းဘူးလား"

ကျန်တဲ့ သူတွေ : "... ..."

**ငှက်သိုက်က တရုတ်ပြည်မှာဆို နာမည်ကြီးပါတယ်။ ငှက်သိုက်က ငှက်ရဲ့အန်ဖတ်နဲ့ လုပ်ပြီး
လူတွေရဲ့ကျန်းမာရေးအတွက် မွေးမြူထုတ်လုပ်ကြပါတယ်**

စုကျန်းချန်က နောက်ဆုံးတော့ ငါးဖက်ကို စားလိုက်၏။ သူ မကြိုက်တာတော့ မဟုတ်ပါဘူး၊
သည်အတိုင်း နေရခက်ရုံပါ။ စားပွဲက လေးထောင်အရှည်ဖြစ်ပြီး တစ်ဖက်မှာ လူသုံးယောက်ဆန့်သည်။
စုချီ၊ စုလုရီနဲ့ စုယွီတို့က တစ်တန်းထိုင်ပြီး စုကျန်းချန်ကတော့ သူ မိဘတွေနဲ့အတူ သူတို့ရဲ့မျက်နှာ
ချင်းဆိုင်မှာ ထိုင်၏။

စိတ်ထဲမှာ သူတို့ကြားထဲ မဆိုင်သလိုကြီး ခံစားနေရသည်။

ငါ ရေလေးပဲ သွားချိုးတာပါ။ ဘာတွေဖြစ်ကုန်ကြတာလဲ။

စုလုရီက စုကျန်းချန် ငါးဖက်ကို တစ်လုတ်ထဲ စားလိုက်တာမြင်ပြီး သူ့ တူကို သုံး၍ ပုစွန် ယူပေးလိုက်သည်။
"ဒုတိယ အစ်ကိုကြီး၊ ပုစွန်က အခွံခွာလို့ရတော့ ကျွန်တော့ တံတွေးတွေ မကပ်တော့ဘူးပေါ့"

စုချီက သူ့ အကြံကို သိပြီး "တူက အရည်တွေ လျှက်ဖို့ မကြိုးစားနဲ့" လို့ ပြောလိုက်၏။

ယုရှင်းရန်က ချက်ချင်း သတိပေးလိုက်၏ "ရီလေး၊ သား ပုစွန်စားလို့ မရဘူးနော်"

စုလုရီက စုချီကို မရိုးမသား ကြည့်ကာ တူကို ရေနွေးထဲ နှစ်ဆေးလိုက်ပြီး 'ကျစ်' ခနဲ စုတ်သတ်၍ ...
"ကျေနပ်ပြီလား"

တူက ကြွေထည်အဖြူလေးမှာ သူ့ရဲ့မျက်နှာဖြူဖြူလေးနဲ့ နှုတ်ခမ်းရဲရဲလေးက ထင်ဟပ်နေ၏။
နူးညံ့တဲ့ ပန်းရောင်လျှာလေးက တူထိပ်မှာ ရစ်ပတ်နေပြီး သလင်းကျောက်လို ရေလေးတွေ ထင်
ကျန်နေခဲ့သည်။

စုချီ တစ်ချက်ကြည့်ကာ သတိပေးလိုက်၏။ "မင်းငှက်သိုက်တွေတော့ ကုန်တော့မှာပဲ"

စုလုရီ "..."

စားသောက်ပြီး သူတို့အုပ်စု လမ်းလျှောက်ထွက်ခဲ့ကြသည်။

စုလုရီ အပေါ်ထပ် ဝတ်ထားတာ မြင်လိုက်၏။ နေလည်းအေးပြီး ပင်လယ်လေလည်း သိပ်မတိုက်တာမို့ လမ်းလျှောက်ထွက်ရန် စုကျစ်ထုံက သဘောတူလိုက်သည်။

ခပ်မှောင်မှောင် ဖြစ်နေတဲ့ ကောင်းကင်ကြီးအောက်မှာ ကမ်းခြေက နူးညံ့နေ၏။

လှိုင်းပုတ်သံတွေလည်း ငြိမ်သက်နေသည်။ နေကလည်း ပင်လယ်ရေ မျက်နှာပြင်ပေါ်ကို ရောက်နေပြီ။
နှင်းဆီနီရောင်နဲ့ ရွှေ‌ရောင် ရောစပ်ထားတဲ့ အလင်းတွေကလည်း ကောင်းကင်မှာ ပုံရိပ်ထင်ကာ ပင်လယ်ထဲကို သွန်ချနေသည်။

ယုရှင်းရန်က စုကျစ်ထုံ လက်ကို ချိတ်ကာ အရှေ့ကနေသွားပြီး လေသံတိုးတိုးဖြင့် သူမ သားတွေကိုပြော၏။
"အမေတို့ ရန်ဖြစ်တိုင်း မင်းအဖေက တောင်ပိုင်းကကမ်းခြေကို သွားဖို့ပဲ အမြဲပြောတယ်။ ပထမကတော့ အမေ့ကို ရေထဲတွန်းချမယ် ထင်နေတာ..."

"ဘယ်လိုတောင် ပေါက်ကရ တွေးတာလဲ" စုကျစ်ထုံက ပြောလိုက်သည်။

ယုရှင်းရန် ပြုံးလိုက်၏။ သူမ၏ ဘေးတိုက် မျက်နှာပြင်မှာ နေရဲ့အနီရောင် အလင်းက လာဟပ်နေသည်။
"နောက်မှ နေဝင်ချိန် အတူတူ ကြည့်ဖို့ခေါ်တာမှန်း သိတာ။ အဲ့တုန်းက ကောင်းကင်ကြီးက ငြိမ်သက်နေတာပဲ။ အရမ်းလှတဲ့ နေဝင်ချိန်လည်း မြင်ပြီးရော သူ့ကို လုံးဝ စိတ်မဆိုးတော့ဘူး"

သူမ ဘေးကနေ စုယွီက ထောက်လိုက်သည်။ "အမေ၊ ရှုခင်း လှလို့ စိတ်မဆိုးတော့တာလား။ အဖေ့ကို ချစ်လို့ မဟုတ်ဘူးပေါ့"

စုကျစ်ထုံက "ဟမ်" ခနဲ့ဖြစ်သွားကာ သူ့ကို လှမ်းပြီး ဟောက်လိုက်၏။ "ပေါက်ကရ"

ယုရှင်းရန်က သူမ ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။ စုကျစ်ထုံတောင် သူ့ အပြုံးတွေကို မဖုံးဖိနိုင်တော့ဘူး။
ပုံမှန် တင်းမာနေတဲ့ မျက်နှာက ပြုံးရင် မထင်မှတ်ပဲနူးညံ့တဲ့ခံစားမှုကို ပေး၏။

ယုရှင်းရန် ပြောတာ မှန်သည်လို့ စုလုရီ ခံစားရသည်။ သည်လို နွေးထွေးတဲ့ ညနေခင်း ပင်လယ်လေညှင်းကြားမှာ ဘယ်လိုလူမျိုးက ကြာကြာစိတ်ဆိုးနိုင်မှာလဲ...

စုကျစ်ထုံနဲ့ ယုရှင်းရန်က ထိုင်ဖို့ နေရာရှာကာ သူတို့ရှေ့က ပင်လယ်ကြီးကို ထိုင်ကြည့်ကြ၏။ စုလုရီလည်း အဲ့နေရာမှာပဲ ထိုင်ချကာ သူ အောက်က အဖြူရောင် သဲနုနုပေါ် လက်ထိုးပြီး အသဲပုံရေးဆွဲလိုက်သည်။

သူ့နောက်က စုချီက ငုံ့ကြည့်လိုက်တော့ ခေါင်းမည်းမည်းလေးမှာ ဆံပင်တွေထောင်နေတာကို တွေ့လိုက်ရ၏။
သူ့ရဲ့ဖြူဖွေးတဲ့လည်ပင်းလေးက ကော်လံကနေထွက်နေပြီး အနီရောင်မှဲ့လေးက ထင်ရှားနေသည်။

သည်လို ပုံစံမျိုး ရင်းနှီးနေ၏၏။ ညနေခင်းတစ်ခုရဲ့ ကားထဲမှာ ဖြစ်ခဲ့သလိုမျိုး။

စုလုရီက အသဲပုံရဲ့ဘေးအနားတွေ သတ်နေတုန်း လူတစ်ယောက်က သူ့ဘေးနား ထိုင်ချလာခဲ့သည်။
အရမ်း ရင်းနှီးနေတာကြောင့် လှည့်မကြည့်လည်း စုချီဆိုတာ သူသိ၏။ "အစ်ကိုကြီး"

"အင်း"

အသဲပုံရဲ့နောက်မှာ "စုချီ" ဆိုတဲ့ စာလုံးကိုထည့်လိုက်သည်။

စုချီ ခဏလောက် အသက်ရှူအောင့်လိုက်မိ၏။ သူတံတွေး မျိုချကာ ဆူမလို့ လုပ်နေတုန်း ကောင်လေးက တိုးတိုးပြောလာသည်။
"love ဂီအိုရီု စုချီ"

**ဂီအိုရီုဆိုတာ ချင်မင်းဆက် မန်းချူးပြည်ထောင်စုခေတ်တုန်းက လူမျိုးစု အမည်ပါ**

စုလုရီက ပြောလိုက်ပြီး သူ့ဟာသူ တခိခိရယ်နေ၏။

စုချီ "... ..."

ရယ်သံက စုယွီရဲ့အာရုံကို ဖမ်းမိတာကြောင့် သူ လာကြည့်လိုက်၏။ သူ့ အစ်ကိုကြီးက သူ့ကိုအမူအကျင့်တွေ ပြင်ဖို့ ပြောပေမယ့် သူကတော့ သူ့ဖာသာသူ ပျော်ပါသည်။

အဲ့လိုသာဆို စည်းတွေ ဘောင်တွေ ကြားနေမယ့် အစား လုပ်ချင်တာလုပ်ပြီး အရိုက်ခံလိုက်မှာပေါ့။

စုယွီရဲ့ပုန်ကန်ချင်စိတ်တွေ ထကြွလာပြန်သည်။ သူထိုင်ချလိုက်ပြီး ပုခုံးချင်တိုက်ကာ "ညီလေး၊ တတိယ အစ်ကိုကြီး နာမည်လည်း ထည့်ပေးဦး"

စုလုရီကတော့ "love ဂီအိုရီု" မိသားစုထဲ နောက်တစ်ယောက် ထပ်ထည့်ပေးဖို့ ဝန်မလေးပါဘူး။ သူချက်ချင်းပဲ "စုယွီ" ဆိုတာကို ထည့်ပေးလိုက်ပြီး ထပ်ရယ်ပြန်သည်။

စုချီရဲ့ နှုတ်ခမ်းအစွန်တွေက ကွေးညွတ်သွားကာ "စုလုရီ" ကိုပါ ထပ်ထည့်လိုက်သည်။

စုကျန်းချန်က အစွန်ဆုံးမှာ ရပ်ကာ သူတို့သုံးယောက် အတူတူရှိနေတာကို ကြည့်နေ၏။ သူတို့ကြားထဲ တိုးမပေါက်သလို ရှင်းမပြတတ်တဲ့ မသက်မသာ ခံစားချက်ကြီး ရနေသည်။

ခဏနေတော့ ရယ်ရတာ မောသွားတဲ့ စုလုရီက သူ့လက်က သဲတွေကို ဆေးရန် ပင်လယ်နားကကမ်းစပ်ဆီ သွားလိုက်သည်။ သဲတွေစိုတဲ့နေရာရောက်ရောက်ချင်း လူတစ်ယောက်က သူ့ဘေးနားမှာလာရပ်၏။

စုကျန်းချန်ရဲ့မျက်နှာက နေဝင်ချိန်နဲ့ အလင်းပြန်နေသည်။ သူ့ရဲ့အနေအထားက မတ်နေပြီးသတ္တိအပြည့်၊ သူ့မျက်လုံးတွေက တည်ကြည်နေပေမယ့် ရှက်ရွံ့နေတဲ့အရိပ်ယောင်တွေလည်းထင်ဟပ်နေပြန်သည်။
"စုလုရီ၊ ငါ မင်းကို မမုန်းပါဘူး ဒါပေမယ့် ခွင့်လည်းမလွှတ်ဘူး"

စုလုရီရဲ့ပါးစပ်က "ဆိုတော့"

စုကျန်းချန်က သူ ခုနက ထွက်လာတဲ့ သဲတွေရှိတဲ့နေရာကို လှမ်းကြည့်လိုက်ပြီး ခက်ခက်ခဲခဲနဲ့ ...
"ဒု..ဒုတိယ အစ်ကိုကြီးလည်း ထည့်..ထည့်လိုက်" လို့ ပြောလိုက်၏။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now