စုလုရီ
အပိုင်း (၆၁) ထိတွေ့မှု
စုလုရီက ရေချိုးကန်ထဲသို့ အလျင်အမြန် ဝင်ကာ ရေစိမ်လိုက်သည်။
ထို့နောက် ရေစိမ်ရင်း စုချီ၏ အကြောင်းများကို တွေးလိုက်၏။
"အစ်ကိုကြီးက အမြဲတမ်း ဒီပုံစံပဲ။ ဖွင့်ပြောတုန်းကလည်း ဒီလိုပုံစံပဲ။ ပွင့်လင်းပြီး တည်ငြိမ်လွန်းတယ်။ ပြီးတော့ အစ်ကိုကြီးက စိတ်ဖတ်နိုင်တာ မဟုတ်ဘဲ မျက်လုံးကို ကြည့်ပြီး ပြောနိုင်တာပဲ"
စုချီ၏ ဆွဲဆောင်မှုရှိသော ပုံစံများကို တွေးရင်း ရင်ခုန်သံ မြန်လာသဖြင့် စုချီကို ကြိုက်မိနေကြောင်းကို သိရှိသွားသည်။
"အိုး၊ တော်ပြီ"
ရေချိုးကန်ထဲတွင် မိနစ် လေးဆယ်ကြာ စိမ်ပြီးနောက် စုလုရီက ရေချိုးကန်ထဲမှ ထွက်လာကာ မှန်
အရှေ့တွင် ရပ်ပြီး ဆံပင်အား လေမှုတ်လိုက်၏။
ဆံပင် လေမှုတ်ရင်းဖြင့် စုချီကို ကြိုက်နေမိပြီ ဖြစ်ကြောင်းကိုလည်း လက်ခံလိုက်လေသည်။
သို့သော် သူ၏ စိတ်ထဲတွင် စုချီနှင့် သူ၏ အကြောင်းကို အခြားသူများ သိသွားပါက ဖြစ်လာမည့် အကျိုးဆက်များကိုပါ တွေးရင်း ရင်မောနေသည်။
"ချလောက် ..."
ဆံပင် လေမှုတ်စက် ပိတ်လိုက်ပြီးနောက် စုလုရီက စုချီကို လက်ခံရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် ယူနန် တောင်ပိုင်းသို့ မပြန်ခင်တွင် အဖြေ ပြန်ပေးမည်ဟု စဉ်းစားကာ အိပ်ယာ ဝင်လိုက်၏။
နောက်တစ်နေ့ မနက်သို့ ရောက်သောအခါ စုလုရီက အိပ်ယာ စောစောထပြီး စုချီအတွက် မနက်စာ ပြင်ပေးရန် မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။
မီးဖိုခန်းထဲတွင် အိမ်အကူများက စုလုရီတို့အတွက်
မနက်စာ ပြင်ပေးနေကြပြီး စုလုရီကို တွေ့သောအခါ နှုတ်ဆက်လိုက်ကြသည်။
"ဒီနေ့ မနက်စာက ဘာလဲ"
"သခင်လေးတို့ လေယာဉ် စီးရမှာမို့ အစာကြေလွယ်အောင်လို့ ဆန်ပြုတ် ပြုတ်ထားပါတယ်၊ သခင်လေး"
"..."
စုလုရီက စုချီအတွက် အသည်းပုံ ဖော်ပေးမည့် အစီအစဉ်မှာ ပျက်သွားသဖြင့် အနည်းငယ် စိတ်ညစ်သွား၏။
သို့သော် မီးဖိုခန်းထဲတွင် ဝေ့ဝဲကြည့်လိုက်သောအခါ ကြက်ဥပြုတ်များကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်သွားတော့သည်။
အိမ်အကူများက မနက်စာကို ထမင်း စားပွဲပေါ်တွင် ပြင်ပေးလိုက်ကြ၏။
ထိုအခါ စုလုရီက စုချီ၏ နေရာတွင် ဝင်ထိုင်ကာ ကြက်ဥကို အသည်းပုံ ပုံစံ လှီးရန် ကြိုးပမ်းလိုက်သည်။
သို့သော် ပုံပျက်သွားသဖြင့် ပျက်သွားသော ကြက်ဥကို စုလုရီက ကောက်စားလိုက်၏။
ဤသည်ကို မြင်လိုက်သော စုချီက စုလုရီ အနားသို့ လျှောက်လာကာ "မင်း စားချင်ရင်လည်း ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး စားလေ" ဟု ပြောလိုက်သည်။
စုချီ၏ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် စုလုရီက မော့ကြည့်လိုက်ရာ စားနေသော ကြက်ဥပင် နင်သွားတော့၏။
"မဟုတ်ဘူး၊ စားချင်လို့ မဟုတ်ဘူး။ ပုံဖော်ပေးမလို့"
စုလုရီက စိတ်ထဲမှ ပြောဆိုနေသော်လည်း ပါးစပ်ထဲတွင် ကြက်ဥများ ပြည့်နေသဖြင့် ပြန် မပြောနိုင်ဘဲ မျက်လုံး ကလယ်လယ်ဖြင့်သာ စုချီကို ပြန်ကြည့်နေလိုက်တော့သည်။
"မင်း ဘယ်ဟာ စားချင်တာလဲ။ ယူသွားပြီး ကိုယ့်
နေရာမှာကိုယ် ထိုင်စား"
"..."
စုချီ၏ စကားကြောင့် စုလုရီ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုမှာ ရှုံးနိမ့်သွားတော့၏။
နှစ်ယောက်သား မနက်စာ စားကြပြီးနောက် အထုပ်အပိုးများ ပြင်ကာ လေဆိပ်သွားရန်အတွက် တက္ကစီ ခေါ်လိုက်ကြသည်။
စုလုရီက အပြင်ဘက်တွင် အေးမည်ကို ကြောက်ပြီး လည်စည်း ပုဝါအရှည်ကို ပတ်လာခဲ့၏။
အိမ်အပြင်ဘက်တွင် တက္ကစီ စောင့်ရင်း စုလုရီက အဖြေပေးရန် ထပ်မံ ကြိုးစားလိုက်သည့် အချိန်တွင် လေပြင်းတစ်ချက် ဝေ့လိုက်သဖြင့် စုလုရီ၏ ပုဝါက စုချီ၏ လည်ပင်းပေါ်သို့ သွားပတ်လေသည်။
"နွေးတယ် မလား အစ်ကိုကြီး၊ ဟီးဟီး"
စုလုရီက ရှက်ရှက်နှင့် ဖြီးပြကာ ဒုတိယအကြိမ် ကျ
ရှုံးမှုကြောင့် ငြိမ်သက်သွား၏။
လေဆိပ်သို့ ရောက်သောအခါ စုချီက စုကျစ်ထုံထံ လေယာဉ် နံပါတ်နှင့် လေယာဉ် ဆိုက်မည့် အချိန်ကို ပို့ပေးလိုက်သည်။
စုကျစ်ထုံ : "အေး အေး၊ သူဌေးရေ။ လေယာဉ် ဆိုက်မယ့် အချိန်ကျရင် ဒရိုက်ဘာ လင်းကို လာကြိုခိုင်းလိုက်မယ်"
စုချီ : "ကျေးဇူးပါ၊ အဖေ"
စုကျစ်ထုံတို့ထံ စုချီနှင့် အခြေအနေကို ထုတ်ပြောလိုက်ပါက ဖြစ်လာမည့် အခြေအနေကို တွေးပြီး စုလုရီက တုံ့ဆိုင်းသွားသော်လည်း အဖြေပေးမည်ဟုသာ ဆုံးဖြတ်လိုက်သည်။
လေယာဉ်ပေါ်သို့ ရောက်သောအခါ အထူးတန်း နှစ်ယောက်တွဲ ခုံတွင် ထိုင်ရပြီး စုလုရီက ပြတင်းပေါက် ဘေးတွင် ထိုင်လိုက်၏။
လေယာဉ် စတက်သောအခါ လှိုင်းလူးသွားသဖြင့် လေယာဉ်မှာ အနည်းငယ် ခါယမ်းသွားသည်။
ထို့ကြောင့် စုလုရီက စုချီ၏ လက်ကို ကိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်၏။
လေယာဉ် တည်ငြိမ် သွားသည့်အချိန်၌ လေယာဉ်မယ် တစ်ဦးမှ အစားအသောက် လှည်းကိုတွန်း၍ စုလုရီတို့ထံ လျှောက်လာသည်။
ဤသည်ကို မြင်သွားသော စုလုရီက သူနှင့် စုချီ၏ လက်မှာ ကိုင်ထားဆဲ ဖြစ်နေကြောင်းကို သတိရသွားကာ စုချီ၏ လက်ကို ဖြုတ်ရန် ကြိုးပမ်းတော့၏။
"မင်း ဘာလို့ ထွက်ပြေးနေတာလဲ"
စုချီက စုလုရီ၏ လက်ကို အတင်း ဆုပ်ကိုင်ထားသဖြင့် စုလုရီမှာ လက်ဖြုတ်၍ မရတော့ဘဲ လေယာဉ်မယ်က ရောက်လာတော့သည်။
"လူကြီးမင်းတို့ ရှင့်"
လက်ကိုင်ထားကြသော စုချီတို့ကို မြင်သွားသော လေယာဉ်မယ်က စကားပြောရင်း ခဏရပ်သွားပြီး နောက်မှ "ဘာများ သောက်ကြမလဲ ရှင့်" ဟု ဆက်မေးလိုက်၏။
"သူ့ အတွက်က ကိုလာ။ ကျွန်တော့်အတွက်က ကော်ဖီ တစ်ခွက် ပေးပါ"
"ဟုတ်ကဲ့ ရှင့်၊ ရပါပြီ ရှင့်"
လေယာဉ်မယ်က ကိုလာနှင့် ကော်ဖီကို ချကာ ပြုံးဖြီးဖြီးဖြင့် ထွက်သွားတော့သည်။
"အစ်ကိုကြီးကို ဒီလို မလုပ်ပါနဲ့လို့ ခဏခဏ ပြောထားတဲ့ဟာကို။ အခုတော့ ဟိုမှာ အထင်လွဲသွားပြီ"
"အထင်လွဲစရာ ဘာရှိလို့လဲ"
"..."
စုလုရီက ကိုလာ သောက်ပြီးနောက် စုချီ၏ ပုခုံးပေါ်တွင် မှီကာ အိပ်ပျော်သွား၏။
တစ်နာရီခန့် ကြာသောအခါ လေယာဉ်ဆင်းတော့
မည် ဖြစ်သဖြင့် စုချီက စုလုရီ အနားသို့ ကပ်ကာ "ထတော့" ဟု တိုးတိုးလေး နှိုးလိုက်သည်။
"ဟင်၊ ရောက်တောင် ရောက်နေပြီလား"
ယူနန် မရောက်ခင် အဖြေ ပြန်ပေးမည်ဟု ဆုံးဖြတ်ထားသော စုလုရီက ယူနန်သို့ပင် ရောက်လာပြီ ဖြစ်သဖြင့် အနည်းငယ် စိတ်ပျက်သွား၏။
ထို့နောက် "လေယာဉ် မဆင်းခင် ရအောင် ပြောမယ်ကွာ" ဟု တွေးပြီး စုချီကို ကြည့်ကာ ပြောမထွက်ဖြစ်နေခဲ့သည်။
"အစ်ကိုကြီး....ကျွန်...ကျွန်တော်"
"ရပြီ။ ငါ မင်း ပြောချင်တာကို သိသွားပြီ"
"အစ်ကိုကြီးက စိတ်ကို အရမ်းဖတ်တတ်တာပဲ"
စုချီက စုလုရီ၏ မျက်လုံးများကို ကြည့်ကာ စုလုရီ ပြောချင်နေသော အကြောင်းအရာကို နားလည်သွား၏။
ထိုအချိန်တွင် လေယာဉ်မှာ ဆင်းသက်နေပြီး ယိမ်းခါနေသဖြင့် နှစ်ယောက်သား၏ မျက်နှာမှာလည်း နီးကပ်သွားသည်။
"ဒုန်း"
လေယာဉ် ဘီးအချတွင် အနည်းငယ် အဆင် မပြေဖြစ်သွားသဖြင့် လေယာဉ်မှာ ခါယမ်းသွားကာ စုချီတို့၏ နှုတ်ခမ်းများမှာလည်း ထိတွေ့သွားကြတော့၏။
...…….................................
.........................................
အပိုင်း (၆၁) ပြီးပါပြီ။