Chapter 31

5.3K 653 0
                                    

စုလုရီ
အပိုင်း (၃၁) အမှတ်အသား


စုလုရီက လန့်သွားကာ အိပ်ယာပေါ်မှ ဖြည်းညင်းစွာ ထလိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော်... ..."

စုချီက လက်ကို ချကာ လျှောက်လာလိုက်ပြီး ခုတင် နှစ်လုံး အရှေ့၌ ရပ်လိုက်၏။

"ဒါက ကစားဖို့ အတွက်လား"

"အိပ်ဖို့ အတွက်ပါ"

စုချီက စုလုရီ၏ ဂုတ်ကို ကိုင်ကာ နားနေခန်းမှ အပြင်သို့ ထွက်လာလိုက်သည်။ စုလုရီက ကြက်ပေါက်လေးကဲ့သို့ ယက်ကန် ယက်ကန် ပါသွားလေသည်။

"ကျွန်တော် မနေ့က အစ်ကိုကြီး ဆိုဖာပေါ်မှာ အိပ်နေရတာ တွေ့လို့ အိပ်ယာတစ်ခု ထပ်ထည့်လိုက်တာပါ"

"အစ်ကို (၂) က ခုတင် အကြီးကို မှားဝယ်လိုက်တာ"

"ဪ၊ ညီ (၂) လည်း ဒီကိစ္စမှာ ပါတာလား" ဟု စုချီက စဉ်းစားကာ မေးလိုက်၏။

"မဟုတ်ရင် အလုပ်သမားတွေက ဘယ်လိုလုပ်ပြီး ဝင်လာနိုင်မှာလဲ" ဟု ပြောကာ စုလုရီက သူ၏ အစ်ကို (၂) ကို ရောင်းစားလေတော့သည်။

စိတ်ထဲ၌လည်း "တောင်းပန်ပါတယ် အစ်ကို (၂) ရေ။ ကျွန်တော်တို့က တစ်လှေထဲ စီးနေကြတာပဲ" ဟု ပြောလိုက်၏။

စုချီက စုလုရီ၏ ဂုတ်ကို လွှတ်ပေးလိုက်ကာ ကုတ်အင်္ကျီကို ချွတ်ပြီး ဆိုဖာပေါ်သို့ တင်ထားလိုက်သည်။

"ဒါဆို အစ်ကိုကြီး နေ့လည်ကျရင် လာအိပ်မှာလား"

"ပြင်ထားမှတော့ အိပ်ရတော့မှာပေါ့"

နှစ်ယောက်သား နေ့လည်စာ အတူတူ သွားစားကြ၍ ပြန်လာသောအခါ ရှောင်ချင်က ရုံးခန်းထဲ၌ စောင့်နေ၏။

"ဘာဖြစ်လို့လဲ" ဟု စုချီက မေးလိုက်သောအခါ ရှောင်ချင်က "ဒါရိုက်တာ စု၊ ရှင်းရီအုပ်စုက ဒါရိုက်တာက ပြန်ဆက်သွယ်လာပါတယ်။ သူမနက်ဖြန် အားလို့ အလုပ်ကိစ္စ ပြောကြမလားလို့ မေးပါတယ်"

"ဒါဆို ပြောကြမယ်လေ"

"ဟုတ်ကဲ့၊ ဒါရိုက်တာ စု။ ကျွန်တော် အခုချက်ချင်း ပြန်ဖြေလိုက်ပါ့မယ်"

ရှောင်ချင် ထွက်သွားပြီးနောက် စုလုရီက "အစ်ကိုကြီး၊ မနက်ဖြန် မနက်ကျရင်ရော အပြင်ထွက်ရဦးမှာလား" ဟု မေးလိုက်သည်။

"ဘယ်မှာ ချိန်းမလဲဆိုတာ ကြည့်ရဦးမယ်။ ကုမ္ပဏီမှာ မဟုတ်ရင်တော့ အပြင်သွားရမယ်"

"ကျွန်တော် နေခဲ့ရဦးမှာလား"

စုချီက စုလုရီကို ငုံကြည့်လိုက်ပြီး အတန်ကြာ စဉ်းစားလိုက်ပြီးမှ "မင်းလည်း လိုက်ခဲ့" ဟု ပြောလိုက်၏။

စုလုရီက ထိုစကားကို ကြားလိုက်သောအခါ ပျော်သွားတော့သည်။

"ကျွန်တော်တို့ အိပ်ကြမလား၊ အစ်ကိုကြီး"

စုချိီက နားနေခန်းထဲသို့ ဝင်သွားကာ စုလုရီ၏ အိပ်ယာကို ပြင်ဆင်ပေးလိုက်သည်။

စုလုရီက စောင်အတွင်းသို့ ဝင်လှဲလိုက်ကာ ... "ကျွန်တော် အိပ်ပြီနော်။ အစ်ကိုကြီးလည်း မြန်မြန် အိပ်ဦး" ဟု ပြောလိုက်၏။

နားချိန်မှာ ကုန်တော့မည် ဖြစ်သဖြင့် စုလုရီ လောနေခြင်း ဖြစ်သည်။

စုချီက သူ၏ ကုတင်ဆီသို့ အေးဆေးစွာ လျှောက်လိုက်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်၏။

သူတို့ နှစ်ယောက်ကြားရှိ အကွာအဝေးမှာ သုံးပေခန့်သာ ရှိသည်။

ခဏကြာသောအခါ စုချီ၏ ခန္ဓာကိုယ်မှာ နှင်းများ အရည်ပျော်သွားသကဲ့သို့ ပြေလျော့သွားလေ၏။

စုလုရီ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြင့် နိုးလာသောအခါ နူးညံ့ပြီး တောင့်တင်းနေသည့် အရာကို စမ်းမိနေသဖြင့် အံ့ဩနေသည်။

"စုလုရီ၊ မင်း ဘယ်ကို လာထိနေတာလဲ"

အေးစက်စက် အသံကို ကြားလိုက်ရသောအခါ လန့်သွားပြီး မျက်လုံးကျယ်သွားခဲ့သည်။

သေချာ ကြည့်လိုက်သောအခါ စုလုရီ၏ ခေါင်းက စုချီ၏ ဗိုက်ပေါ်၌ ရောက်နေလေ၏။

စုလုရီက အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး "အစ်ကိုကြီး ဗိုက် ကြွက်သားတွေက မိုက်လိုက်တာ" ဟုလည်း ပြောလိုက်သည်။

"သွေးကြောဖွင့်‌တဲ့ တရုတ်တိုင်းရင်းဆေးတွေတောင် မင်းလောက် မကောင်းဘူး" ဟု စုချီက ရွဲ့ပြောလိုက်၏။

"ကျွန်တော်တို့ နောက်ဆို စည်းခြားပြီး အိပ်မှ ရမယ်ထင်တယ်" ဟု စုလုရီက အကြံပေးလိုက်သည်။

တစ်ရေး အိပ်ပြီးနောက် အလုပ်များကို ဆက်လုပ်ခဲ့ကြ၏။

ရုံးဆင်းခါနီး အချိန်၌ ကောင်းကင်ကြီး တစ်ခုလုံး မဲမှောင်လာတော့သည်။

မိုးရွာတော့မည် ဖြစ်၏။

စုလုရီက ပြတင်းပေါက်ဆီသို့ လျှောက်ကြည့်လိုက်သောအခါ ဝန်ထမ်းများ ရုံးဆင်းနေသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး၊ အခုက အလုပ်ဆင်းဖို့ (၁၀) မိနစ်တောင် လိုသေးတဲ့ဟာကို ဘာလို့ ရုံးဆင်းသွားကြတာလဲ ဟင်"

"မိုးရွာတော့မှာ မို့လို့ စောစော ဆင်းခိုင်းလိုက်တာ"

စုလုရီက စုချီကဲ့သို့ သူဌေးမှာ ရှားပါးသည်ဟု တွေးလိုက်ပြီး "အစ်ကိုကြီးက အရမ်းကောင်းတဲ့ သူဌေးပဲ" ဟု ပြောလိုက်၏။

စုချီက ကွန်ပြူတာကို ပိတ်လိုက်ပြီး စားပွဲခုံကို သော့ခတ်လိုက်သည်။

"လျှောက်မြှောက်မနေနဲ့"

ကုမ္ပဏီမှ ထွက်လာသောအခါ မိုးများ သည်းထန်စွာ ရွာသွန်းလာတော့၏။

စုချီက ကားမောင်းပြီး စုလုရီက ဖုန်းကို ကြည့်နေသည်။

"ကားပေါ်မှာ ဖုန်းမသုံးနဲ့။ ခေါင်းမူးလိမ့်မယ်"

"ကျွန်တော် အဲ့လောက် မပျော့ပါဘူး အစ်ကိုကြီးကလည်း"

မီးပွိုင့်တွင် ရပ်လိုက်သောအခါ စုချီက စုလုရီ၏ လည်ပင်းကို လက်မဖြင့် ဖိကိုင်လိုက်၏။ ထိုအခါ စုလုရီ၏ လည်ပင်း၌ အနီရောင် အမှတ်အသားကြီး ပေါ်သွားတော့သည်။

"မပျော့ဘူးဆို ဒီမှာ ကြည့်လိုက်လေ"

"ကျွန်တော့် အရေပြားကပဲ ထိခိုက်လွယ်တာပါ။ အတွင်းအင်္ဂါတွေကတော့ ကြံ့ခိုင်ပါတယ်"

စုလုရီက ကပ်သီးကပ်သပ် ပြန်ပြောလိုက်၏။

ရုံးဆင်းချိန် ဖြစ်သဖြင့် ကားပိတ်နေသည် ဖြစ်ရာ နှစ်ယောက်သား အိမ်ကို ညနေ (၆) နာရီခွဲ အချိန်မှ ပြန်ရောက်ခဲ့ကြသည်။

ကားဂိုဒေါင်မှာ အိမ်အဝင်ပေါက်နှင့် အလှမ်းဝေးသဖြင့် စုချီက ထီးကို ထုတ်ကာ ဆောင်းလိုက်၏။

စုလုရီကိုလည်း ထီးထဲသို့ ဆွဲခေါ်ကာ နှစ်ယောက်သား အိမ်သို့ လျှောက်လာခဲ့ကြသည်။

ထီးတစ်ချောင်းတည်းကို ယောက်ျားနှစ်ယောက် ဆောင်းနေရသည် ဖြစ်သောကြောင့် မလုံပေ။

စုချီ၏ ပုခုံးမှာ ရေများစိုရွှဲနေပြီ ဖြစ်သောကြောင့် စုလုရီက စုချီ၏ ခါးကို ဆွဲကပ်လိုက်သည်။

"အစ်ကိုကြီး၊ ပုခုံးတွေ ရေစိုနေပြီ"

စုချီက စိုက်ကြည့်လိုက်ပြီး ဘာမျှ ပြန်မပြောချေ။

အိမ်ထဲသို့ ရောက်သောအခါ ဝူမက ဟင်းပွဲများကိုပင် စားပွဲပေါ်၌ ပြင်ဆင်ထားပြီးနေပြီ ဖြစ်၏။

ယုရှင်းရန်က သူတို့နှစ်ယောက်ကို တွေ့သောအခါ "သားတို့၊ အပေါ်မြန်မြန် တက်ပြီး အဝတ်အစား အရင်သွားလဲလိုက်ကြ။ အအေးမိမယ်" ဟု ပြောလိုက်သည်။

စုလုရီနှင့် စုချီတို့က အပေါ်ထပ်သို့ တက်လိုက်သောအခါ အဝတ်အစား လဲပြီး၍ ထွက်လာသော စုကျန်းချန်နှင့် လှေကား၌ ဆုံသွားကြ၏။

သုံးယောက်သား ဘာမှ မပြောဘဲ လှေကား၌ ရပ်ကာ အတန်ကြာ စိုက်ကြည့်နေကြသည်။

ထို့ကြောင့် စုကျစ်ထုံက "သားတို့၊ ဘာလုပ်နေတာလဲ။ မြန်မြန်လုပ်ကြလေ။ ခေါက်ဆွဲတွေ ပွကုန်တော့မယ်" ဟု ပြောကာ လူစု ခွဲလိုက်၏။

ညစာ စားပြီးနောက် စုချီက ရေချိုးရန်အတွက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

စုလုရီက စုကျန်းချန်နောက်မှ အပေါ်သို့ တက်လိုက်သွားကာ ပြောပြသင့်သည်ဟု ခံစားမိသဖြင့် ... "အစ်ကို (၂)၊ ကျွန်တော်..."

ထိုအချိန်၌ စုကျန်းချန်ကလည်း "မင်း အခန်းထဲကို လိုက်ခဲ့မလား" ဟု တစ်ပြိုင်နက် ပြောလိုက်သည်။

"ဟင်"

စုကျန်းချန်က အနည်းငယ် ရှက်သွားဟန်ဖြင့် "ငါ ပြောတာက ငါ လောင်ဟန်ဆောင်းကို အခန်းထဲ ပြန်ရွှေ့ထားလို့ မင်း ကြည့်ချင်လားဆိုပြီး မေးမလို့။ ဒါနဲ့ မင်း ခုနက ဘာပြောလိုက်တာလဲ" ဟု မေးလိုက်၏။

"ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် လောင်ဟန်ဆောင်းကို မတွေ့လို့ မေးကြည့်မလို့ပါ" ဟု စုလုရီက စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

"ဒါဆို မင်း ကြည့်ချင်တယ်ပေါ့"

"အင်း"

စုကျန်းချန်၏ အခန်းမှာ ရိုးရှင်းပြီး သပ်ရပ်နေသည်။

ဆိုဖာပေါ်၌ သူပေးထားသော ပန်ဒါရုပ်ကို တွေ့သဖြင့် စုလုရီက သွားကိုင်နေလိုက်၏။

လောင်ဟန်ဆောင်း အပင်ကို လေသာဆောင်၌ ထားထားသဖြင့် ကောင်းစွာ ကြီးထွားနေလေသည်။

စုလုရီက ပန်းအိုးအစွန်းကို ကိုင်လိုက်သဖြင့် သူ၏ လက်၌ မြေကြီးများ ပေသွားတော့၏။

စုကျန်းချန်က သူ့အတွက် တစ်ရှူးယူပေးလိုက်ကာ  "သတိထားကိုင်လေ" ဟု ပြောလိုက်သည်။

"ကျေးဇူး၊ အစ်ကို (၂)"

"အိပ်ယာက ဘယ်လိုလဲ အဆင်ပြေလား"

စုလုရီက အပင်ကို ကြည့်နေရင်း "အိပ်ရတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အရမ်းကြီးနေတယ်" ဟု ရုတ်တရက် ဖြေလိုက်၏။

"ကြီးတယ်၊ ဟုတ်လား"

စုလုရီက သတိပြန်ဝင်လာကာ "နည်းနည်းတော့ ကြီးတယ်။ အစ်ကိုကြီးရဲ့ ကုတင်နဲ့တော့ ကပ်သွားတယ်" ဟု ဖြေလိုက်သည်။

"ကပ်နေတယ်၊ ဟုတ်လား"

"ကျွန်တော်တို့က ခွာပြီး အိပ်ကြတာပါ။ အဲ့ဒါကြောင့် စိတ်မပူပါနဲ့ အစ်ကို (၂) ရဲ့။ ကျွန်တော် အစ်ကိုကြီးကို အနှောင့်အယှက် မပေးပါဘူး"

"အဲ့ဒါက ပြဿနာ မဟုတ်ဘူး။ ထားလိုက်တော့။ ဘာမှ မဟုတ်တော့ဘူး" ဟု စုကျန်းချန်က ဒေါသထွက်ကာ ပြောလိုက်၏။

စုလုရီက စုကျန်းချန် ဘာကြောင့် ဒေါသ ထွက်သွားသည်ကို မသိသဖြင့် "ဘာဖြစ်လို့လဲ၊ အစ်ကို (၂)" ဟုမေးလိုက်သည်။

"ငါ ထားလိုက်တော့လို့ ပြောလိုက်တယ် မလား။ မင်း ရေချိုးရဦးမှာ မလား။ ပြန်တော့"

စုလုရီက လက်မောင်း ယားလာသဖြင့် ကုပ်လိုက်ရာ သူ၏ လည်ပင်းမှာ ပေါ်သွားတော့၏။

စုကျန်းချန်က ရုတ်တရက် သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"အစ်ကို (၂)၊ ဘာဖြစ်လို့ ..."

စုလုရီက ခေါင်းကို မော့ကာ အံ့ဩသွားသော မျက်လုံးများဖြင့် စုကျန်းချန်ကို ကြည့်လိုက်သည်။

"မင်း၊ ဒါ ဘာဖြစ်တာလဲ"

စုလုရီက နားမလည်သေးသဖြင့် "ဘာကလဲ" ဟု မေးလိုက်သည်။

စုကျန်းချန်၏ လက်က စုလုရီ၏ လည်ပင်းပေါ်သို့ မရောက်ခင်မှာပဲ တံခါးဝမှ အသံထွက်လာခဲ့သည်။

"ညီ (၂)"

စုလုရီနှင့် စုကျန်းချန်တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။

သူတို့ ဝင်လာစဉ်ကပင် တံခါး မပိတ်ခဲ့သဖြင့် စုချီက တံခါးဝမှ အထဲသို့ လျှောက်လာပြီး "ညီ (၂)၊ မင်း ဘာလုပ်နေတာလဲ" ဟု မေးလိုက်၏။

စုကျန်းချန်က ရုတ်တရက် လန့်သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်ကာ "ကျွန်တော် အစ်ကိုကြီးကို အရင်မေးရဦးမယ်။ အစ်ကိုကြီး ဘာလုပ်ထားတာလဲ"

...…….................................
.........................................

အပိုင်း (၃၁) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now