Chapter 48

4.7K 550 0
                                    

စုလုရီ
အပိုင်း (၄၈) ထူးခြားသော အကူအညီ


"အစ်ကိုကြီးက ကြည့်ကောင်းလိုက်တာ"

စုချီက ဗိုက်ကို နှိပ်ပေးနေရင်း ရပ်လိုက်ကာ "စုလုရီ" ဟု ခေါ်လိုက်သည်။

"နျဲ့ယီဟုကို ပြောချင်တာတွေ လာပြောမနေနဲ့နော်"

"မဟုတ်ပါဘူး။ အစ်ကိုကြီးက တကယ် ကြည့်ကောင်းတယ်"

"ဟင်း"

စုချီက ငါးမိနစ်၊ ခြောက်မိနစ်ခန့် ထပ်နှိပ်ပေးပြီးနောက် စုလုရီက ထထိုင်ကာ စုချီကို နှုတ်ဆက်လိုက်၏။

"ဂွတ်နိုက်နော် အစ်ကိုကြီး"

စုချီက ဝရံတာ တံခါးကို ပိတ်ပြီး "ဂွတ်နိုက်" ဟု ပြန်ပြောလိုက်သည်။

စုလုရီက သူ၏ အခန်းထဲသို့ ပြန်ရောက်သောအခါ တစ်ချိုးတည်း အိပ်ပျော်သွားတော့၏။

နောက်တစ်နေ့ မနက် နိုးလာသောအခါ စုလုရီက အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်ထပ်၌ စုကျစ်ထုံနှင့် ယုရှင်းရန်တို့က မနက်စာ စားနှင့်နေပြီ ဖြစ်၏။

"မောနင်း၊ မားမားနဲ့ ပါးပါး"

စုလုရီက စားပွဲ၌ ဝင်ထိုင်လိုက်ပြီး မားဝူက မနက်စာ လာချပေးသည်။

"ပါးပါးနဲ့ မားမားက မနက် (၇) နာရီထဲက နိုးနေလို့ လမ်းတောင် ထွက်လျှောက်ပြီးပြီ သားငယ်လေး"

"ဝိုး၊ မားမားနဲ့ ပါးပါးက ကျန်းမာရေး ကောင်းလိုက်တာ"

မနက်စာက ဆန်ပြုတ်ဖြစ်သဖြင့် စုချီက "များများစား။ အစာအိမ်အတွက် ကောင်းတယ်" ဟု စုလုရီကို ပြောလိုက်၏။

"သားငယ်လေး အစာမကြေ ဖြစ်နေတာလား။ အဲ့ဒါဆို မီးဖိုခန်းထဲမှာ ပျားရည် သွားသောက်လိုက်နော်။ မားမားနဲ့ ပါးပါးလည်း မနက်က သောက်ပြီးပြီ"

စုလုရီက "ဟုတ်ကဲ့ မားမား" ဟု ပြောကာ မီးဖိုခန်းထဲသို့ ဝင်သွားပြီး ပျားရည် သွားသောက်ရန် ပြင်လိုက်သည်။

ထို့နောက် မနေ့ညက စုချီ နှိပ်ပေးခဲ့သည်ကို သတိရသွားကာ စုချီအတွက်ပါ တစ်ခွက် ပိုပြင်ပေးလိုက်၏။

ထို့နောက် ထမင်းစားခန်းသို့ ပြန်ဝင်သွားကာ ... "အစ်ကိုကြီးအတွက်" ဟု ပြောပြီး ပျားရည်ခွက်ကို လှမ်းပေးလိုက်သည်။

ထိုအခါ စုကျန်းချန်နှင့် စုယွီတို့က ထမင်းစားခန်းအတွင်းသို့ ဝင်လာသဖြင့် "ညီလေး၊ အစ်ကို (၃) အတွက်ရော" ဟု စုယွီက မေးလိုက်သည်။

"အင်း၊ လုပ်ပေးမယ်နော်။ အစ်ကို (၂) ရော ..."

စုလုရီက သူ့အပေါ်၌ ကောင်းသော စုချီအပေါ် ကောင်းကောင်း ဆက်ဆံချင်သော်လည်း ခွဲခြားဆက်ဆံသည်ဟု အပြောခံရမည် စိုးသဖြင့် စုယွီတို့ကိုပါ လုပ်ပေးရန် ပြင်လိုက်၏။

စုကျန်းချန်က စုလုရီ မေးသောအခါ မသောက်ချင်သည့် မျက်နှာမျိုး လုပ်နေသဖြင့် စုလုရီက ... "အစ်ကို (၂)၊ မသောက်ချင်ရင်လည်း ရတယ်နော်။ ကျွန်တော် အစ်ကို (၃) အတွက်ပဲ လုပ်လာပေးလိုက်တော့မယ်" ဟု ပြောလိုက်သည်။

ထိုအခါမှ စုကျန်းချန်က "ငါ ဘယ်တုန်းက မသောက်ချင်ဘူးလို့ ပြောလိုက်လို့လဲ" ဟု ပြောလိုက်၏။

မနက်စာ စားပြီးသောအခါ စုချီက အဝတ်အစားလဲပြီး အပြင်သို့ ထွက်ရန် ပြင်နေသည်။

ထိုအချိန်၌ စုလုရီက ဝရံတာတံခါးမှ ရောက်လာကာ "အစ်ကိုကြီး၊ ဘယ်သွားမလို့လဲ" ဟု မေးလိုက်၏။

စုချီက ဆေးဆိုင်သွားမည်ဟု ပြောလိုက်သောအခါ စုလုရီက သူပါ လိုက်ချင်သည်ဟု ပြောပြီး နှစ်ယောက်သား ဆေးဆိုင်သို့ ထွက်လာခဲ့ကြသည်။

ဆေးဆိုင်မှာ အိမ်နှင့် မဝေးသော်လည်း တောင်ကုန်းပေါ်၌ ရှိနေ၏။

စုချီနှင့် စုလုရီက ဆေးဆိုင်သို့ လမ်းလျှောက်ထွက်လာခဲ့ရာ ကုန်းမြင့်သို့ တက်ရသဖြင့် စုလုရီက မောလာသဖြင့် စုချီက ရပ်လိုက်ကာ "မင်းရဲ့ သက်လုံက ဘာလို့ ဒီလောက် အားနည်းနေတာလဲ" ဟု ပြောလိုက်သည်။

ထိုအခါ စုလုရီက "အစ်ကိုကြီးကမှ သက်လုံ အရမ်း ကောင်းလွန်းနေတာ" ဟု ပြန်ပြောလိုက်၏။

"မင်း ထပ်သိသွားပြန်ပြီပေါ့"

စုချီ၏ စကားကြောင့် စုလုရီက ခေါင်းကိုငုံ့ကာ "အင်း" ဟု ပြန်ဖြေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ဆေးဆိုင်သို့ ရောက်ရှိလာကြ၏။

ဆေးဆိုင် ဝန်ထမ်းမှ စုချီတို့ကို ကြိုဆိုပြီး "ဘာအလိုရှိပါသလဲ ခင်ဗျာ" ဟု မေးလိုက်ရာ" စုချီက "ရတယ်။ ကိုယ့်ဘာသာကိုယ် ကြည့်ဝယ်မယ်" ဟု ပြောလိုက်သည်။

စုချီက ဆေးကောင်တာများသို့ လျှောက်သွားပြီး အသုံးပြုနေကျ ဆေးများနှင့် ခေါင်းမူးပျောက်ဆေး နှစ်ကတ်ကို ယူလိုက်၏။

စုလုရီက တွေ့သွားပြီး "အစ်ကိုကြီး၊ ဒီဆေးတွေက ဘာအတွက်လဲ" ဟု မေးလိုက်သည်။

စုချီက ကောင်တာ၌ ငွေရှင်းရင်း "မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် လုရှန်‌ ရေအိုင်ကို သွားကြမှာလေ။ နှစ်တိုင်း သွားနေကြကို မင်း မေ့နေပြီလား" ဟု ပြန်မေးလိုက်၏။

စုလုရီက ပျာပျာသလဲ ဖြစ်သွားကာ "ဒီနှစ်က လာတဲ့ရက် မတူတော့ မသွားဖြစ်တော့ဘူး ထင်နေတာ" ဟု ဆင်ခြေပေးကာ ဖြေလိုက်သည်။

စုချီက ဆေးအိတ်ကိုကိုင်ကာ "ပြန်ကြမယ်" ဟု ပြောပြီး ဆေးဆိုင်မှ ထွက်လာခဲ့ကြ၏။

စုလုရီက စုချီ အနောက်သို့ အလျင်အမြန် လိုက်သွားကာ စိတ်ထဲမှ "ငါ နောက်ဆို အပြောအဆို ဆင်‌ခြင်မှ ရတော့မယ်" ဟု တွေးလိုက်သည်။

တတိယမြောက်နေ့၌ စုမိသားစုက လုရှန်အိုင်သို့ ထွက်လာခဲ့ကြ၏။

စုလုရီက ယခင်အတိုင်း ယုန်နားရွက် ကျောပိုးအိတ်ကို လွယ်လာခဲ့သည်။

ကားပေါ်၌ စုချိီနှင့် စုလုရီက အနောက်ဆုံး၌ ထိုင်ကာ စုကျန်းချန်နှင့် စုယွီတို့က အလယ်တန်း၌ ထိုင်ကြသည်။

စုလုရီက သူ၏ ယုန်နားရွက် ကျောပိုးအိတ်ကို စုကျန်းချန်တို့ ဆော့ရန် ပေးထားပြီး အမူးပျောက်ဆေး နှစ်လုံးကို သောက်ကာ အနောက်သို့ မှီပြီး ထိုင်နေလိုက်၏။

လုရှန်ရေအိုင်သို့ သွားရန် တောင်တက်လမ်းကို ဖြတ်ရမည် ဖြစ်သဖြင့် စုလုရီက ကြိုတင်ကာကွယ်သည့် အနေဖြင့် သောက်ထားခြင်း ဖြစ်သည်။

လုရှန်ရေအိုင်မှာ ယူနန်တောင်ပိုင်းနှင့် အခြားစီရင်စု ပြည်နယ်များ ဆုံရာတွင် တည်ရှိ၏။

ရေအိုင်၏ ကမ်းနားမှာ လှပပြီး ရှည်လျားကာ ကျန်သည့် သုံးဘက်၌ တောင်တန်းများက ကာရံထားသည်။

သစ်ပင်များလည်း ထူထပ်ကာ ကမ်းစပ်ရှိ ကျောက်များမှာလည်း ကြည်ပြာရောင် ဖြစ်၏။

ထို့အပြင် လုရှန်ရေအိုင်၌ ချစ်သူများ ကျွန်း၊ ဘီ တောင်စောင်းနှင့် ဆုတောင်းပြည့် သစ်တောကဲ့သို့သော နေရာများလည်း ရှိသဖြင့် အားလပ်ရက်၌ လာရောက်လည်ပတ်သူ များပြားလှသည်။

စုမိသားစုက လုရှန်ရေအိုင်သို့ မနက်စောစော ထွက်
လာသော်လည်း ခရီးသွားကားများ ပြည့်နှက်နေသဖြင့် ရေအိုင်သို့ နေ့လည်ကျော်မှသာ ရောက်ရှိသွား၏။

ယုရှင်းရန်က နေကာမျက်မှန် တပ်ဆင်ကာ ဦးထုပ်ကို ဆောင်းပြီး "သားငယ်လေး၊ မားမားကို ဓာတ်ပုံရိုက်ပေးနော်" ဟု စုလုရီကို လှမ်းပြောလိုက်သည်။

လုရှန်ရေအိုင်မှာ ဓာတ်ပုံရိုက်ရန် အလွန်ကောင်းသော နေရာတစ်ခု ဖြစ်၏။

အထူးသဖြင့် ချစ်သူများ ကျွန်းမှ ကြည့်ပါက ရေအိုင်ကို တောင်တန်းများ ကာရံထားသောကြောင့် ရေအိုင်က အသည်းပုံ ပုံစံဖြစ်နေသည်ကို တွေ့မြင်ရသည်။

စုလုရီက ခေါင်းကိုညိတ်ကာ "ဟုတ်ကဲ့၊ မားမား" ဟုပြောလိုက်၏။

ထို့နောက် ရှေ့သို့ ဆက်သွားရာ တောင်တန်းများကို တွေ့လိုက်ရသဖြင့် စုလုရီက "ဝါး..." ဟု အရှည်ကြီး ဆွဲကာ ထအော်လိုက်သည်။

"မင်း အရင်က မရောက်ဖူးသလို ဘာလို့လုပ်နေတာလဲ"

စုကျန်းချန်၏ စကားကြောင့် စုလုရီ ထိတ်လန့်သွားကာ "ဪ၊ အရင်နှစ်တွေ အတိုင်း လှနေတုန်းမို့လို့ ထအော်မိတာပါ၊ အစ်ကို (၂)" ဟု ဆင်ခြေပေးလိုက်သည်။

အဝင်လမ်းမှ မိနစ် (၂၀) ခန့် လျှောက်လာပြီးသောအခါ နာမည်ကြီးသော ချစ်သူများ ကျွန်းသို့ ရောက်ရှိလာသည်။

နှစ်စဉ် နှစ်တိုင်း ဤနေရာ၌ စုကျစ်ထုံနှင့် ယုရှင်းရန်က ဓာတ်ပုံတွဲရိုက်နေကြ ဖြစ်၏။

စုချီက စုလုရီ အစား ရိုက်ပေးမည်ဟု ဆိုကာ ကင်မရာကို ကောက်ချိန်လိုက်သည်။

ယုရှင်းရန်က စုကျစ်ထုံ၏ ပုခုံးကို မှီကာ တစ်ယောက်နှင့် တစ်ယောက် ခါးကို ဖက်ထားကြပြီး ပြုံးရွှင်စွာ ဓာတ်ပုံ ရိုက်လိုက်ကြ၏။

ဘေးနားမှ ရပ်ကြည့်နေသော စုလုရီက "မားမားနဲ့ ပါးပါးတို့က ချိုမြိန်လိုက်တာ" ဟု စိတ်ထဲမှ တွေးလိုက်သည်။

ယုရှင်းရန်က ဓာတ်ပုံရိုက်ပြီးနောက် မျက်မှန်ကို ပြန်တပ်လိုက်ကာ "သားတို့လည်း ဓာတ်ပုံရိုက်ကြပါလား။ ဒီနေရာက ရှုခင်းက အရမ်းလှတယ်" ဟု ပြောလိုက်၏။

စုကျန်းချန်က ဓာတ်ပုံ ရိုက်ရသည်ကို ဝါသနာ မပါသဖြင့် "ကျွန်တော်တော့ မရိုက်တော့ဘူး အမေ" ဟုပြောလိုက်သည်။

စုယွီက စုလုရီ အနားသို့ ကပ်သွားကာ "အစ်ကို (၃) နဲ့ ဓာတ်ပုံ အတူတူ ရိုက်ကြမလား" ဟု မေးလိုက်၏။

ထိုအခါ စုချီက စုယွီကို စိုက်ကြည့်လိုက်သဖြင့် စုယွီက လက်လျှော့ကာ ထွက်သွားလိုက်သည်။

စုလုရီက ဓာတ်ပုံရိုက်ချင်နေသော်လည်း အများ၏ အရှေ့၌ အထင်လွဲမည့် အလုပ်ကို မလုပ်ချင်သဖြင့် မရိုက်တော့ရန် စဉ်းစားလိုက်၏။

ထိုအခါ စုချီက အနားသို့ လှမ်းလာကာ "ဓာတ်ပုံရိုက်ချင်လို့လား" ဟု မေးလိုက်သည်။

"အင်း..."

စုလုရီက သူတစ်ယောက်တည်းကို ဓာတ်ပုံရိုက်ပေးရန် စုချီကို တောင်းဆိုချင်သော်လည်း အနားတွင် စုံတွဲများသာ ရိုက်နေကြသဖြင့် အနည်းငယ်ရှက်နေကာ မပြောရဲ ဖြစ်နေသည်။

ထိုအခါ စုချီက "လာ၊ တစ်ယောက်ယောက်ကို ငါတို့နှစ်ယောက်အတွက် ဓာတ်ပုံ ရိုက်ခိုင်းလိုက်မယ်" ဟုရုတ်တရက် ထပြောလိုက်၏။

စုလုရီ အသိစိတ် ပြန်ဝင်လာသည့်အချိန်၌ "သုံး၊ နှစ်၊ တစ် လို့ အော်ပြီးရင် ရိုက်ပြီနော်" ဟု ပြောသံကို ကြားလိုက်ရသည်။

စုချီက သူ၏ ပုခုံးကို တင်းကျပ်စွာ ဖက်ထားပြီး "ကင်မရာကို ကြည့်" ဟု ပြောလိုက်၏။

"ချလပ်"

ဓာတ်ပုံ ရိုက်ပြီးသွား၍ ဓာတ်ပုံရိုက်ပေးသော မိန်းကလေးကို ကျေးဇူးတင်စကားပြောကာ ထိုနေရာမှ ထွက်လာခဲ့ကြသည်။

စုချိီက အရှေ့မှနေ၍ ဘောင်းဘီထဲ လက်ထည့်ကာ လျှောက်နေပြီး စုလုရီက စုချီ၏ နောက်မှ လိုက်လာခဲ့၏။

စုချီက ဓာတ်ပုံကို ကြည့်ရင်း ကျေနပ်ကာ စုလုရီအပေါ်၌ စိတ်ခံစားချက်များ ပိုပို များလာသည်ဟုလည်း တွေးလိုက်မိလေသည်။


...…….................................
.........................................


အပိုင်း (၄၈) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now