Chapter 81

3.2K 311 0
                                    

စုလုရီ
အပိုင်း (၈၁) တစ်နေ့တည်း တစ်ချိန်တည်း


အိမ်သို့ပြန်ရောက်သောအခါ ည (၉) နာရီ ကျော်နေပြီ ဖြစ်သည်။

စုကျစ်ထုံက မအိပ်သေးဘဲ ဧည့်ခန်းထဲတွင် တီဗီကြည့်ရင်း စုလုရီတို့ကို စောင့်နေခဲ့၏။

စုလုရီက ဒဏ်ရာရထားသဖြင့် ထော့နဲ့ ထော့နဲ့ဖြင့် စုချီ၏ အင်္ကျီစကို ဆွဲပြီး အခန်းဆီသို့ တရွေ့ရွေ့ သွားနေရာ စုကျစ်ထုံက လှည့်ကြည့်ပြီး မသင်္ကာဖြစ်သွားသည်။

"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ"

စုကျစ်ထုံ၏ အသံကြောင့် စုချီက "အဖေ" ဟု ခေါ်ပြီး ပြန်လှည့်လာရာ စုလုရီကလည်း အင်္ကျီစကို ဆွဲထားသဖြင့် စုချီက ကြားထဲတွင် တန်းလန်းကြီး ဖြစ်နေတော့၏။

နှစ်ယောက်သား ဆွဲလား ရမ်းလား ဖြစ်နေသည်ကို
ကြည့်ပြီး စုကျစ်ထုံက "နှစ်ယောက်သား ခွဲရတော့မယ်ဆိုလို့ ကပ်ပြနေတာလား" ဟု ရွဲ့ကာ မေးလိုက်သည်။

ယုရှင်းရန်နှင့် စုကျန်းချန်တို့ မရှိကြသဖြင့် စုကျစ်ထုံက ဖုံးကွယ် မနေတော့ဘဲ ပေါ်တင်မေးမြန်းလိုက်ခြင်း ဖြစ်၏။

စုလုရီက စုချီ၏ အင်္ကျီစကို လွှတ်လိုက်ကာ "သားတို့က အဲ့လိုမဟုတ်ပါဘူး ပါးပါးရယ်" ဟု ပြန်ပြောလိုက်သည်။

"ဒါဆိုဘာလဲ။ မင်းတို့က ချိန်းတွေ့နေကြတာ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် လေ့လာနေကြတာလား"

"ခွေးလေးကို ချစ်သလိုမျိုး ချစ်တာ" ဟု စုချီက ဝင်ဖြေလိုက်သဖြင့် စုကျစ်ထုံမှာ ဆွံ့အသွားတော့သည်။

နှစ်ယောက်ကြား ညပ်နေသော စုလုရီကမူ တစ်ခွန်းမှ ဝင်မပြောရဲဘဲ ကျောက်ရုပ်ကဲ့သို့ စုချီ၏ ဘေးနားတွင် ရပ်နေတော့၏။

စုကျစ်ထုံနှင့် စုချီတို့ စကားရည်လုကြပြီးနောက် စုကျစ်ထုံက စုချီကို မနိုင်တော့မှန်း သိသဖြင့် လက်လျှော့ကာ စုလုရီကို လှမ်းခေါ်လိုက်သည်။

"ရှောင်ရီ၊ အဖေနဲ့ ခဏလိုက်ခဲ့ဦး"

"ဘာလို့လဲ ပါးပါး" ဟု စုလုရီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အဖေ၊ ဘာလို့ ဒီနေရာမှာ မပြောတာလဲ" ဟု စုချီက ဝင်ပြောလိုက်သဖြင့် စုကျစ်ထုံက "ငါ ရှောင်ရီကို ကုမ္ပဏီ ကိစ္စ ပြောမလို့။ မင်းက နားထောင်ပြီး ဘာလုပ်မလို့လဲ။ တကယ် ရှောင်ရီ့ဆီမှာ လက်ထောက် သွားလုပ်မလို့လား" ဟု ပြန်မေးလိုက်သည်။

စုကျစ်ထုံက စုလုရီကို တတိယထပ် စာဖတ်ခန်းထဲသို့ ခေါ်သွားပြီး စုချီက ဒုတိယထပ်ရှိ သူ၏ အခန်းဝတွင် ကျန်ရစ်ခဲ့၏။

စုလုရီက စုချီကို လှည့်ကြည့်၊ လှည့်ကြည့် လုပ်နေရင်း လှေကား တက်နေသဖြင့် စုကျစ်ထုံက စိတ်မ
ရှည်ဖြစ်ကာ "အိမ်မှာ စက်လှေကား တက်ပေးရမလား ရှောင်ရီ" ဟု ရွဲ့ကာ ပြောလိုက်သည်။

"..."

စာဖတ်ခန်းထဲသို့ ရောက်သောအခါ စုကျစ်ထုံက ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး စုလုရီကို ထိုင်ခိုင်းလိုက်ရာ စုလုရီက ယောက္ခမ ရှေ့တွင် ထိုင်သကဲ့သို့ ယဉ်ယဉ်ကျေးကျေးဖြင့် ပေါင်ပေါ်လက်တင်ကာ ထိုင်ချလိုက်သည်။

ဤသည်ကို စုကျစ်ထုံက ကြည့်ပြီး အပေါက်ဆိုးသည့် ယောက္ခမ ပုံစံ ဖမ်းခြင်းမှာ အောင်မြင်သွားပြီဟု တွေးကာ ကျေနပ်သွားတော့၏။

"ဘာတွေ စိတ်လှုပ်ရှားနေတာလဲ ရှောင်ရီ။ အဖေက ကုမ္ပဏီ ကိစ္စ ပြောမလို့ပါလို့ ပြောထားတယ်မလား။ သူဌေးက သားကို အိမ်ထောင်စု စာရင်း အကြောင်း ပြောထားပြီးပြီမလား"

"ဟုတ်ကဲ့ ပါးပါး"

"မင်းရော အဖေက တစ်ကိုယ်ကောင်းဆန်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်လို့ ထင်လား"

"မထင်ပါဘူး ပါးပါး။ ပါးပါးနဲ့ မားမားက သားအတွက် ကောင်းတာကို လုပ်ပေးမယ်ဆိုတာ သိပါတယ်"

"မင်း နားလည်လို့ တော်သေးတာပေါ့။ အခု သားက အရွယ် ရောက်နေပြီဆိုတော့ ကိုယ်ပိုင် အလုပ် လုပ်သင့်နေပြီ။ အစကတော့ သားကို အိမ်ထောင်ပြုပြီး အလုပ်စဖို့ ကူညီပေးမယ်လို့ တွေးထားတာ။ ခုအိမ်ထောင်ပြုမယ့် ကိစ္စက မလွယ်တော့ အလုပ်ကို အရင်စကြတာပေါ့"

"ဟုတ် ဟုတ်"

"ကုမ္ပဏီခွဲကို မင်း နာမည်နဲ့ လွှဲပြောင်းပေးဖို့အတွက် အရင်ဆုံး မင်းကို အိမ်ထောင်စုထဲက ခွဲထုတ်ထားတဲ့ အကြောင်းကို ကြေညာရမယ်။ လာမယ့် ရက်အတွင်း အဲ့ဒါကို ကြေညာဖို့ ပါတီပွဲ လုပ်မယ်"

"ဟုတ်၊ ကျေးဇူးပါ ပါးပါး"

"ကျေးဇူးတင်တယ်ဆိုရင် အဖေ့ကို စိတ်တိုအောင် မလုပ်နဲ့ ကြားလား။ အဖေ့ ရှေ့မှာ ဆင်ဆင်ခြင်ခြင်နေကြ"

"ဟုတ်ကဲ့ ပါးပါး။ နောက်ဆို သားတို့ ပါးပါး မမြင်အောင် နေပါ့မယ်"

စုကျစ်ထုံက ကုမ္ပဏီ အကြောင်း အနည်းငယ် ရှင်းပြပ်ြီးနောက် ညဥ့်နက်လာပြီ ဖြစ်သဖြင့် စုလုရီကို သွားအိပ်ခိုင်းလိုက်တော့သည်။

စုလုရီ အောက်ထပ်သို့ ဆင်းလာသောအခါ စုချီက တံခါးဝတွင် စောင့်နေပြီး "အဖေ မင်းကို ဘာတွေပြောနေတာလဲ" ဟု ဆီးကြိုကာ မေးလိုက်သည်။

"ကုမ္ပဏီ အကြောင်း ပြောတာ အစ်ကိုကြီး"

စုချီက စုလုရီကို "ဆေးလိမ်းပေးမယ်" ဟု ပြောပြီး အခန်းထဲသို့ ဆွဲခေါ်လိုက်၏။

စုလုရီက စုချီ ဆေးလိမ်းပေးမည်ကို ရှက်သဖြင့် အိပ်ယာပေါ်တွင် ထိုင်ချကာ "ရတယ် အစ်ကိုကြီး။ ဆေးလိမ်းဖို့ မလိုပါဘူး" ဟု ပြောလိုက်သည်။

"မင်း အခြေအနေကို ငါ ကြည့်မှ ရမယ်။ စုချီ၏ ခေါင်းမာမှုကြောင့် စုလုရီက တိတ်ဆိတ်ကာ ဘောင်းဘီ ချွတ်ပေးလိုက်ရသည်။

"အား...အစ်ကိုကြီး၊ ဖြည်းဖြည်း"

ဆေးလိမ်း ပြီးသောအခါ အိပ်ချိန်ရောက်နေပြီ ဖြစ်သဖြင့် စုလုရီက စုကျန်းချန်ကို ပြန်ရောက်ကတည်းက မတွေ့မိသောကြောင့် "အစ်ကို (၂) ရော၊ မရှိဘူးလား" ဟု မေးလိုက်သည်။

"အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်။ မနက်ကျမှ ပြန်လာလိမ့်မယ်"

"ကျွန်တော်လည်း နောက်ဆို ခရီးတွေ သွားပြီး အစ်ကိုကြီးနဲ့ ခွဲရရင် ဘယ်လိုလုပ်မလဲ"

"မရဘူး။ ငါ မင်းကို ငါနဲ့ အကြာကြီး ခွဲသွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး"

.....

နောက်ရက်များတွင် စုမိသားစုတစ်စုလုံး အလုပ်ရှုပ်နေကြသည်။

ပါတီပွဲကို နှစ်ရက်၊ သုံးရက်နေလျှင် ကျင်းပတော့မည် ဖြစ်သဖြင့် ဘေးခြံကို ရှင်းလင်းနေကြ၏။

စုလုရီနှင့် စုချီကမူ ကုမ္ပဏီ ပြဿနာကို ဖြေရှင်းရန် အတွက် အချိန်ပိုဆင်းကာ အလုပ်များနေကြသည်။

စုမိသားစုကို မကျေနပ်သည့် အဖွဲ့အစည်းများကလည်း စုမိသားစု ပြုတ်ကျရေးအတွက် တိုက်ခိုက်နေကြရာ ထိုအချိန်တွင် စုမိသားစုက ပါတီပွဲ ဖိတ်ကြားလိုက်သဖြင့် အားလုံး အံ့ဩသွားကြသည်။

စုမိသားစု၏ သတင်းမှာ ပျံ့နှံ့နေသဖြင့် အဝေးတွင်ရှိနေသော လွီချင်းလင်းကပါ သတင်းကြားလိုက်သောကြောင့် စုလုရီကို လှမ်းမေးတော့သည်။

"အစ်ကို လုရီ၊ ဘာတွေဖြစ်နေကြတာလဲ။ စုမိသားစု
မှာ ပြဿနာ တက်နေတယ်လို့ လူတွေ ပြောနေကြတာ ကြားတယ်။ အခု ပြဿနာတက်နေတဲ့ ကြားက ပါတီပွဲ လုပ်မလို့ဆို။ နောက်ဆုံး ပါတီပွဲလား"

စုလုရီက သူနှင့် သူ့ အစ်ကိုကြီး ချစ်ကြိုက်သည့် ကိစ္စဖြင့် ကုမ္ပဏီ ပြဿနာ တက်နေသည့် ကိစ္စကို ပြောပြရန် ပြောမထွက်သည့်အပြင် ပါတီပွဲ ကျင်းပရသည့် အကြောင်းမှာလည်း သူ့ကို အိမ်ထောင်စု စာရင်းမှ ထုတ်ထားသည့် အကြောင်းကို ကြေညာမည်ဟု မပြောပြလိုသဖြင့် "နေမဝင်ခင် ကျင်းပမယ့် ပါတီပွဲပါ" ဟု ပြောကာ စကားစဖြတ်လိုက်တော့သည်။

"..."

စုချီနှင့် စုလုရီတို့၏ သတင်းမှာ ဟိုးလေး တစ်ကျော်ကျော် ဖြစ်နေပြီ ဖြစ်သဖြင့် စုကျစ်ထုံထံသို့ပါ သတင်းပေါက်သွားရာ စုကျစ်ထုံက အပြင်လူများထက် ယုရှင်းရန်ကို ရှင်းပြရန် ပိုကြောက်နေခဲ့သည်။

ပြဿနာ တက်နေစဉ်တွင် စုမိသားစု၏ လက်ရှိသူဌေးက ဘာမှမလုပ်ဘဲ သူဌေးဟောင်းက ပါတီပွဲ လုပ်ရန် ပြင်ဆင်နေသဖြင့် အပြင်လူများ၏ အမြင်တွင် ထူးဆန်းနေခဲ့၏။

စုလုရီက နေ့လည်စာ စားရင်း စုချီနှင့် ကောလဟာလများ အကြောင်းကို ဖတ်နေရာ ရှောင်ချီအကြောင်းပါ ပါလာလေသည်။

"စုမိသားစုရဲ့ အတွင်းရေးမှူး ရုံးမတက်တာ (၅) ရက်လောက် ရှိပြီဆိုတော့ အလုပ် ပြောင်းသွားတာများလားတဲ့"

"ဟုတ်တယ်နော် အစ်ကိုကြီး၊ ရှောင်ချင်ကို မတွေ့ရတာ ကြာနေပြီ"

စုလုရီက ကောလဟာလအတိုင်း ရှောင်ချင်ကို မတွေ့ရသည်မှာ အချိန်ကြာနေပြီ ဖြစ်သဖြင့် စုချီကိုမေးလိုက်ချိန်တွင် အခန်းတံခါး ခေါက်သံ ထွက်လာခဲ့သည်။

"ဝင်ခဲ့"

ဝင်လာခဲ့သူမှာ ရှောင်ချင် ဖြစ်၍ စုချီ ခိုင်းထားသည့် အလုပ် အကြောင်းကို လာတင်ပြခြင်း ဖြစ်သည်။


ရှောင်ချင်က နေ့လည်နားချိန်အတွင်း လာမရှာတတ်သူ ဖြစ်သဖြင့် ယခု ရောက်လာသည်မှာ အလွန် အရေးကြီးသော အလုပ်ကိစ္စ ဖြစ်မည်ဟု စုလုရီက ထင်မှတ်လိုက်သည်။

ရှောင်ချင်က စုချီကို အလုပ်အကြောင်း မိနစ် လေးဆယ်ကြာ တင်ပြအပြီးတွင် စုချီက ဖိုင်ကို ကိုင်ပြီး "ဒီအတောအတွင်း တော်တော် ပင်ပန်းသွားပြီ။ မင်း ဒီလအတွက် လစာ နှစ်‌ဆ ရမယ်" ဟု ပြောလိုက်၏။

"အဲ့လောက်ထိ ချီးမွမ်းစရာ မလိုပါဘူး ဒါရိုက်တာ စု ခင်ဗျ။ ဒါနဲ့ လစာက တကယ် နှစ်ဆပေးမှာလား"

"တကယ် ပေးမှာ"

ရှောင်ချင်၏ ပြောစကားကြောင့် ဘေးတွင် နားထောင်နေသော စုလုရီက ဆွံ့အသွားတော့သည်။

ရှောင်ချင် ပြန်ထွက်သွားသောအခါ စုလုရီက "ခုနက ပြိုင်ဘက်တွေ အကြောင်းကို နောက် သုံးရက်နေရင် ချပြမယ်လို့ ပြောနေတာ ကြားတယ်  အစ်ကိုကြီး" ဟု မေးလိုက်၏။

"ဟုတ်တယ်"

"ဘာလို့ နောက် သုံးရက်နေမှလဲ။ အဲ့နေ့က ပါတီပွဲလုပ်မယ့် နေ့ကြီးမလား"

"ဟုတ်တယ်လေ။ တစ်နေ့တည်း တစ်ချိန်တည်းမှာ သူတို့ရဲ့ မျက်နှာတွေ ဘယ်လို ဖြစ်သွားမလဲဆိုတာ မြင်ချင်လို့"

"..."


...…….................................
.........................................


အပိုင်း (၈၁) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now