စုလုရီ
အပိုင်း (၅၈) နွေးထွေးမှု
စုလုရီ ကားထဲသို့ ရောက်သွားသောအခါ အနွေးဓာတ်ကို ခံစားလိုက်ရပြီး သက်တောင့်သက်သာ ရှိသွားသည်။
စုချီက ကားကို စတင်ထွက်ခွာလာပြီး "ကျိုးချင်းချန်က မင်းကို ဘာတွေ ပြောနေတာလဲ။ အကြာကြီးပဲ" ဟု စုလုရီကို မေးလိုက်၏။
"သူ့ အိမ်မှာ နှစ်ကုန်ရင် ပါတီပွဲလုပ်မှာမို့လို့ ကျွန်တော်တို့ကို ဖိတ်နေတာ"
"မင်း သွားမှာလား"
"အင်း၊ သွားရမှာပေါ့" ဟု စုလုရီက ပြောပြီးနောက် စုချီ ဘက်သို့ လှည့်ကာ "အစ်ကိုကြီးရော" ဟု ထပ်မေးလိုက်သည်။
စုချီက အပူချိန်ကို ထပ်မြှင့်လိုက်ပြီး "ကြည့်ရတာ မင်းရဲ့ ဦးနှောက်က အခုထိ အရည် မပျော်သေးဘူးထင်တယ်" ဟု ပြောလိုက်၏။
"..."
"အစ်ကိုကြီးက ဒီလို နေရာတွေကို စိတ်မဝင်စားဘူးလို့ ထင်နေတာ။ အစ်ကိုကြီးက ပါတီပွဲတွေကို သိပ်မတက်ဘူး မလား"
"မင်း သွားမှတော့ ငါ တစ်ယောက်တည်း အိမ်မှာ ဘာလုပ်နေရမှာလဲ"
ထိုအခါ စုလုရီက ခဏ စဉ်းစားလိုက်ပြီး စုချီ၏ စကားမှာ မှန်ကြောင်း လက်ခံလိုက်၏။
...
နှစ်ယောက်သား အိမ်သို့ ပြန်ရောက်သောအခါ ည (၁၀) နာရီ ထိုးနေပြီ ဖြစ်သည်။
ထိုအချိန်တွင် အလုပ်သမားများလည်း ပြန်သွားပြီ ဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာ၌ အန္တရာယ် မဖြစ်စေရန် မီးများ ထွန်းထားလေသည်။
စုချီက စုလုရီ၏ လက်ကိုဆွဲပြီး "ပြုတ်မကျစေနဲ့နော်၊ လမ်းကို သေချာ ကြည့်လျှောက်" ဟု သတိပေးလိုက်သည်။
ထို့နောက် "ငါ မင်း ခြေချော်ကျသွားမှာ စိုးလို့" ဟု ပြောပြီး စုချီက စုလုရီ၏ နောက်မှ လိုက်လျှောက်လိုက်၏။
စုလုရီက စုချီ၏ ရှေ့မှ သက်တောင့်သက်သာဖြင့် အိမ်ထဲသို့ ရောက်ရှိလာသည်။
အိမ်ထဲသို့ ရောက်သောအခါ အပူပေးစက်ကို ဖွင့်လိုက်ပြီး စုလုရီက ရေချိုးရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ရေချိုးပြီးသောအခါ နွေးနွေးထွေးထွေး ဖြစ်စေရန် စုလုရီက အောက်ထပ်သို့ ဆင်းလာပြီး နွားနို့ကို အစေခံအား နွှေးခိုင်းလိုက်၏။
ထို့နောက် စုချီအတွက်ပါ တစ်ခွက်ယူပြီး စုချီ၏ အခန်းသို့ သွားပို့လိုက်သည်။
စုချီ၏ အခန်းရှေ့သို့ ရောက်သောအခါ "အစ်ကိုကြီး" ဟု အော်ခေါ်လိုက်သည်။
စုချီက ဆံပင်ရေ တစ်ဝက်ခြောက်၊ အင်္ကျီကြယ်သီး နှစ်လုံး မတပ်ရသေးသည့် အနေအထားဖြင့် တံခါးဖွင့်လာပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။
စုလုရီက နွားနို့ခွက်ကို ကမ်းပေးကာ "အစ်ကိုကြီး၊ တံခါး လာဖွင့်တာ နောက်ကျတယ်နော်။ ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
"ငါ ဒီနေ့ အရက်တွေ သောက်ထားလို့ ရေချိုးလိုက်တာ။ ပြီးတော့ အဝတ်လဲနေတုန်း မင်း ရောက်လာတာပဲ။ လာလေ၊ အထဲဝင်ပြီး ထိုင်"
"ရပါတယ်။ မဝင်ထိုင်တော့ဘူး"
"ကြောက်လို့လား။ ငါ မင်းကို အတင်းအကျပ် မခိုင်းပါဘူး"
"မဟုတ်ပါဘူး။ အစ်ကိုကြီးက ကျွန်တော့် အပေါ် အ
မြဲ လေးလေးစားစားနဲ့ ဆက်ဆံတာကို သိပါတယ်"
"မင်း သိရင် ပြီးတာပဲ။ နွားနို့ သောက်ပြီးရင် မင်း အခန်း မင်း ပြန်တော့"
"အင်း"
...
နောက်နှစ်ရက် ကြာပြီးနောက် စုကျစ်ထုံက ဖုန်းထပ်ခေါ်ကာ "ဘယ်တော့ ပြန်လာမှာလဲ သားတို့" ဟု မေးပြန်သည်။
စုချီက အလုပ်ရှိသေးသည်ဟု ဆိုကာ အလုပ်ပြီးမှ ပြန်လာမည် ဖြစ်ကြောင်း ပြန်ပြောလိုက်၏။
နှစ်ယောက်သား စုကျစ်ထုံနှင့် စကားအနည်းငယ် ပြောကြပြီးနောက် ဖုန်းချလိုက်ကြသည်။
...
နှစ်ကုန် အစည်းအဝေးပွဲနှင့် ဝန်ထမ်း အသစ် ခန့်အပ်သည့်နေ့မှာ တစ်ရက်တည်း ဖြစ်နေသဖြင့် စုချီက HR ဌာနကိုသာ ဝန်ထမ်းအသစ် ခန့်အပ်သည့် ကိစ္စကို လွှဲထားလိုက်သည်။
အိမ်မှ ထွက်လာပြီး လမ်းပေါ်သို့ ရောက်သောအခါ စုချီက ဝတ်စုံအပြည့် ဝတ်လာသော စုလုရီကို ကြည့်ရင်း "ဝန်ထမ်းအသစ် ခန့်တာကို မင်း အဲ့လောက်တောင် စိတ်ဝင်စားနေတာလား" ဟု မေးလိုက်သည်။
"ကုမ္ပဏီရဲ့ အနာဂတ်အတွက် ဝန်ထမ်း အသစ်တွေကို ဂရုတစိုက် ကြည့်ချင်တာပါ အစ်ကိုကြီးရဲ့"
"ဝန်ထမ်းအသစ် ခန့်တာ HR ဌာနကို ငါ လွှဲပေးထားတာ။ မင်း ကြည့်ချင်တယ်ဆိုရင် ငါ သူတို့ကို လှမ်းပြောပြီး နေရာ တစ်နေရာ စီစဉ်ခိုင်းထားလိုက်မယ်"
"အင်း ၊ ကျေးဇူးပဲ အစ်ကိုကြီး"
စုလုရီက ယခင်ဘဝ၌ အလုပ် သုံး၊ လေးခု လိုက်လျှောက်ဖူးသဖြင့် ယခုတစ်ခေါက် စစ်ဆေးသူ နေရာမှ ထိုင်ရမည်ကို တွေးကာ ကျေနပ်သွားသည်။
"ဒီအခွင့်အရေးမျိုးက ရှားတယ်။ သေချာကြည့်ပြီး
အတွေ့အကြုံ ယူရမယ်" ဟု စိတ်ထဲတွင်လည်း တွေးလိုက်သည်။
စုချီ မောင်းလာသော ကားမှာ ကားပါကင် အတွင်းသို့ ဝင်ရောက်လာပြီး နေရာတွင် ရပ်ကာ နှစ်ယောက်သား ကားပေါ်မှ ဆင်းလိုက်ကြ၏။
"ငါ ၂ လွှာမှာပဲ နေခဲ့မယ်။ မင်း အပေါ်ဆုံး အထပ်ထိ သွားပြီး ရှောင်ချင့်ကို လိုက်ပို့ခိုင်းလိုက်"
"အစ်ကိုကြီး၊ ရှောင်ချင့်ကို မှာထားပြီးပြီလား"
"မင်း သူ့ကို ပြောပြီး လိုက်ပို့ခိုင်းလိုက်"
စကားအနည်းငယ် ပြောပြီးနောက် ဓာတ်လှေကားတံခါး ပွင့်လာကာ စုချီက ထွက်သွားတော့သည်။
"ကောင်းကောင်းလုပ်နော်။ တစ်ခုခုဆို ငါ့ကို စာပို့လိုက်"
"တင်း တောင်"
စုချီ၏ စကားအဆုံးတွင် ဓာတ်လှေကား တံခါးပြန်ပိတ်သွားကာ စုလုရီက အပေါ်ဆုံးထပ်သို့ ဆက်တက်သွား၏။
အပေါ်ဆုံးထပ်သို့ ရောက်သောအခါ စုလုရီက ရှောင်ချင့်ထံ လျှောက်သွားပြီး ဝန်ထမ်းအသစ်ရွေးချယ်မည့် နေရာသို့ လိုက်ပို့ခိုင်းလိုက်သည်။
ရှောင်ချင်က စုလုရီကို ဦးဆောင် ခေါ်သွားပြီး အလုပ် ခန့်အပ်မည့် အဆင့်များကို ရှင်းပြလိုက်သည်။
"အလုပ် ခန့်အပ်တဲ့ အဆင့်က (၃) ဆင့် ရှိတယ် လက်ထောက် စု။ ဖောင်ကို စိစစ်ရွေးချယ်တာရယ်၊ လူတွေ့ စစ်ဆေးတာရယ်၊ အုပ်စုဖွဲ့ စစ်ဆေးတာရယ်။ လက်ထောက် စုက ဘယ်တစ်ခုကို ကြည့်ချင်တာလဲ"
"လူတွေ့ စစ်ဆေးတာကို ကြည့်ချင်တယ်"
"ဟုတ်ကဲ့၊ ကျွန်တော် စီစဉ် ပေးမယ်နော်"
နှစ်ယောက်သား ရှစ်လွှာသို့ ရောက်သောအခါ ခန်းမကျယ်၌ အင်တာဗျူး လာရောက် ဖြေဆိုသူ အများအပြားကို တွေ့လိုက်ရသည်။
ဝန်ထမ်းများက "အတွင်းရေးမှူး ချင်နဲ့ လက်ထောက် စု" ဟု ခေါ်ကာ နှုတ်ဆက်သွားသဖြင့် အင်တာဗျူး လာဖြေသူများက နှစ်ယောက်သားကို ဝိုင်းကြည့်ကြတော့၏။
သို့သော် ရှောင်ချင်က တည်ငြိမ်စွာဖြင့် ... "လက်ထောက် စုအတွက် နေရာ တစ်နေရာ ပြင်ပေးလိုက်" ဟု ဝန်ထမ်းများကို ပြောလိုက်သည်။
ထို့နောက် ရှောင်ချင်က HR ဌာနမှူးဆီသို့ သွားကာ စုလုရီ အင်တာဗျူးပွဲတွင် တက်ရောက်မည့် အကြောင်းကို ပြောလိုက်သည်။
ထိုအခါ ဌာနမှူး ချန်က ယခင်တစ်ခေါက်ကဲ့သို့ မဟုတ်ဘဲ " ရတာပေါ့ဗျာ။ လက်ထောက် စုကို ဘယ်သူက ငြင်းရဲမှာလဲ။ ဒါရိုက်တာ စုကို စော်ကားသလို ဖြစ်နေမှာပေါ့" ဟု ပြောပြီး ဝန်ထမ်းများဘက်သို့ လှည့်ကာ "လက်ထောက် စုကို ကောင်းကောင်း ဂရုစိုက်ကြနော်။ သူက ဒါရိုက်တာ စုရဲ့ ညာလက်ရုံးပဲ" ဟု ပြောလိုက်၏။
ထို့ကြောင့် စုလုရီနှင့် ရှောင်ချင်တို့က အနည်းငယ် အံ့ဩသွားလေသည်။
...
အင်တာဗျူးမှာ မနက် (၉) နာရီခွဲတွင် စတင်မည် ဖြစ်သည်။
စုလုရီက အင်တာဗျူးမည့် အခန်းသို့ ဝင်သွားကာ အင်တာဗျူးမည့် သူများကို နှုတ်ဆက်ပြီး ... "ကျွန်တော်လည်း ခဏလောက် ကြည့်မယ်နော်" ဟုပြောလိုက်၏။
စစ်ဆေးသူများက စုလုရီကို ကြိုဆိုကာ ... "လွတ်လွတ်လပ်လပ် နေနော်၊ လက်ထောက် စု" ဟု ပြောလိုက်ကြသည်။
စုလုရီ ထိုင်လိုက်ပြီးနောက် အင်တာဗျူး စတင်ကာ တစ်ယောက်ပြီး တစ်ယောက် မေးခွန်းများကို ဖြေကြ၏။
ပထမ အသုတ်မှာ မိနစ် (၄၀) အကြာတွင် ပြီးသွား၍ စုလုရီက ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ စုချီထံမှ စာရောက်နေကြောင်း တွေ့လိုက်ရသည်။
စုချီ : "ဘယ်လိုလဲ"
စုလုရီ : "ပထမ အသုတ် ပြီးသွားပြီ။ ကျွန်တော်တို့ ကုမ္ပဏီကို လာလျှောက်တဲ့ သူတွေက အရမ်းတော်တာပဲ သိလား၊ အစ်ကိုကြီး။ ကျွန်တော့်ကို ကျွန်တော်တောင် အားမရ ဖြစ်မိတယ်"
စုလုရီ ပို့ပြီး နောက်ထပ် သုံးမိနစ် ကြာသောအခါ စုချီထံမှ ပြန်စာဝင်လာခဲ့သည်။
စုချီ : "တစ်ခုခုဆို ငါ့ကို လှမ်းပြောနော်။ ငါ ပြီးဖို့ တစ်နာရီ လိုသေးတယ်။ ပြီးရင် ငါ မင်းဆီကို လာခဲ့မယ်"
စုချီက အစည်းအဝေး လုပ်နေစဉ်အတွင်း ပြန်စာမြန်မြန် ပို့လိုက်သဖြင့် စုလုရီက အနည်းငယ် အံ့ဩသွားသည်။
မကြာခဏ စာပို့နေပါက အစည်းအဝေးတွင် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် စုလုရီက
ပြန်စာမပို့ဘဲ ထားလိုက်သည်။
နားချိန်မှာ ဆယ်မိနစ် ဖြစ်ပြီး ဒုတိယ အသုတ်ကို မကြာခင် စတင် အင်တာဗျူးတော့မည် ဖြစ်၏။
ဒုတိယ အသုတ်မှာ အနည်းငယ် ကြာမြင့်သွားသဖြင့် ပြီးဆုံးချိန်မှာ နေ့လည် (၁၁) နာရီခွဲ ဖြစ်သည်။
မနက်ပိုင်း အင်တာဗျူးမှာ ပြီးဆုံးသွားပြီ ဖြစ်၏။
စစ်ဆေးသူများက ဖောင်များ ကိုင်ကာ အင်တာဗျူးသည့် အခန်းမှ ထွက်သွားကြသဖြင့် စုလုရီကလည်း လိုက်ထွက်လိုက်သည်။
အပြင်သို့ ရောက်သောအခါ စစ်ဆေးသူများက မလှုပ်မယှက် ကြောင်ကြည့်နေကြသည့် နေရာကို စုလုရီက လှမ်းကြည့်လိုက်သည်။
ထိုအခါ စုလုရီက ထောင်ထောင်မောင်းမောင်းနှင့် ခန့်ညားတည်ကြည်သော မျက်နှာပိုင်ရှင် စုချီကို တွေ့လိုက်ရ၏။
စုချီက စုလုရီကို တွေ့လိုက်သောအခါ စုလုရီထံသို့တည့်တည့်မတ်မတ် လျှောက်လာသဖြင့် လူအများက လမ်းဖယ်ပေးလိုက်ကြသည်။
"ပြီးသွားပြီလား"
"အင်း"
"မင်းတို့က ဆယ်မိနစ်ကျော်လောက် နောက်ကျမှ ပြီးသွားတာပဲ။ အဲ့လိုမှန်း သိရင် ငါ ဖြည်းဖြည်း လာခဲ့တာပေါ့။ ဗိုက်ဆာနေပြီ မလား။ ကဲ လာ၊ နေ့လည်စာ သွားစားကြမယ်"
စုချီက စုလုရီ၏ လက်မောင်းကို သိုင်းဖက်ကာ နေ့လည်စာစားရန် ခေါ်သွားတော့သည်။
စုလုရီကလည်း ရင်ခုန်သံ မြန်နေသည့်ကြားမှ ... "အစ်ကိုကြီး၊ မြန်မြန် လာစရာမှ မလိုတာ။ ကျွန်တော် ထွက်မပြေးပါဘူး" ဟု ကပ်ပြောလိုက်၏။
...…….................................
.........................................
အပိုင်း (၅၈) ပြီးပါပြီ။