စုလုရီ
အပိုင်း (၄၆) နှစ်သစ်ကူး
စုကျစ်ထုံ၏ အသံက လှေကားမှ ထွက်လာခဲ့သည်။
"သားတို့၊ မပြီးကြသေးဘူးလား"
စုချီက ဇစ်ကို ဖြုတ်ပေးကာ တံခါးဆီသို့ လျှောက်သွားလိုက်၏။
စုလုရီက ကုတ်အင်္ကျီကို ချွတ်ကာ အိပ်ယာပေါ်သို့ ပစ်တင်လိုက်ပြီး စုချီအနောက်မှ လိုက်သွားလိုက်သည်။
ထိုအခါ တစ်ဖက်အခန်းမှ စုကျန်းချန် ထွက်လာသည်နှင့် ဆုံကာ "အစ်ကိုကြီးတို့ နှစ်ယောက်၊ ဘာလို့ တံခါးကနေ အတူတူ ထွက်လာကြတာလဲ" ဟု အံ့ဩစွာ မေးလိုက်၏။
စုလုရီက ပြောမည့်ဟန် ပြင်လိုက်သော်လည်း စုချီက "တံခါးက မထွက်လာလို့ မီးခိုးခေါင်တိုင်က ထွက်လာရမှာလား" ဟု ပြောလိုက်သဖြင့် စုကျန်းချန် ထပ်မပြောနိုင်တော့ပေ။
သုံးယောက်သား အောက်သို့ ဆင်းလာသောအခါ စုကျစ်ထုံနှင့် ယုရှင်းရန်က စောင့်နေကြပြီး "သားတို့၊ ကြက်ပေါင်းဆိုင်ကို သွားကြမယ်။ အဲ့က မှိုဟင်းရည်က အရမ်းလတ်ဆတ်တယ်" ဟု ပြောလိုက်သည်။
ထိုဆိုင်မှာ စုအိမ်တော်နှင့် မဝေးသဖြင့် ကားဖြင့် သွားလျှင် ဆယ်မိနစ်ခန့်သာ ကြာ၏။
ဆိုင်သို့ ရောက်သောအခါ စုကျန်းချန်က ပွဲကြီး တစ်ပွဲမှာပြီး မီနူးကို ဘေးသို့ ကမ်းပေးလိုက်သည်။
စုချီ လက်ထဲ၌ ရှိသော မီနူးကို စုလုရီက ဝင်ဖတ်ပြီး "ကျွန်တော်က တို့ဖူးကင်နဲ့ ဆန်ခေါက်ဆွဲကြော် စားမယ်" ဟု ပြောလိုက်၏။
စုချီက ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကို စားရန် ပြောသော်လည်း စုလုရီက နားမထောင်သဖြင့် လက်လျှော့ကာ တို့ဖူးကင်နှင့် ဆန်ခေါက်ဆွဲကြော်ကိုသာ မှာပေးလိုက်ရသည်။
ထို့နောက် စုမိသားစု အကြိုက် အရန် ဟင်းပွဲများကိုလည်း စုချီက ထပ်မှာကာ စားပွဲထိုးကို မီနူးကတ်လှမ်းပေးလိုက်၏။
အစားအသောက်များ ရောက်လာသောအခါ စုလုရီက ခေါင်းကိုငုံ့ကာ စားတော့သည်။
စုကျစ်ထုံက နာရီကို ကြည့်ကာ အချိန်မှာ နေ့လည် (၂) နာရီရှိနေပြီ ဖြစ်သဖြင့် "သား (၃) တောင် ရောက်တော့မယ်။ လေယာဉ်က (၃) နာရီ ဆိုက်မှာဆိုတော့ ဒရိုက်ဘာ လင်းကို သွားကြိုခိုင်းရမယ်" ဟု ပြောလိုက်၏။
နေ့လည်စာ စားပြီးနောက် အိမ်သို့ ပြန်လာကြသောအခါ ဒရိုက်ဘာ လင်း ပြန်ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ယုရှင်းရန်က "အိုး၊ သား (၃) ပြန်ရောက်နေပြီ ထင်တယ်" ဟု ဆိုကာ အပေါ်ထပ်သို့ အပြေးအလွှား တက်သွားသည်။
ဒုတိယထပ်သို့ ရောက်သောအခါ စုယွီ၏ အခန်းတံခါးမှာ ပွင့်နေပြီး အထုတ်များဖြည်နေသည်ကို တွေ့လိုက်ရ၏။
ယုရှင်းရန်က တံခါးအဝသို့ လျှောက်သွားပြီး "သား (၃) ရေ" ဟု ခေါ်လိုက်သောအခါ စုယွီက ချက်ချင်း လှည့်ကြည့်ပြီး "အမေ၊ အဖေ" ဟု ခေါ်ကာ ပြေးဖက်တော့သည်။
စုကျစ်ထုံက စုယွီကို ကြည့်ကာ "စားပြီးပြီလား၊ သား (၃)" ဟု မေးလိုက်၏။
"ဟုတ်၊ သား စားလာခဲ့ပြီးပြီ၊ အဖေ"
စုကျစ်ထုံနှင့် ယုရှင်းရန်တို့က စကား အနည်းငယ် ပြောပြီးနောက် အနားယူရန် တတိယအထပ်သို့ တက်သွားကြသည်။
စုလုရီက တံခါးဝ၌ ရပ်ကာ "ကျွန်တော် ထည့်လာတာတွေ မှန်ရဲ့လား၊ အစ်ကို (၃)" ဟု မေးလိုက်၏။
"မှန်တယ်။ ညီလေးက အစ်ကို (၃) အကြောင်းကို အရမ်းသိတာပဲ"
"အဲ့ဒါဆို တော်သေးတာပေါ့"
စုလုရီက စုယွီ ပြောခဲ့ဖူးသည့် ပုံစံငယ် အကြောင်းကို သိချင်နေသဖြင့် အခန်းထဲ၌ ရပ်နေကာ ထွက်မသွားသေးပေ။
စုလုရီ ထွက်မသွားသေးသဖြင့် စုချီကလည်း ရပ်စောင့်နေ၏။
စုကျန်းချန်က အိပ်ချင်နေသော်လည်း ညီအစ်ကို သုံးယောက် တစ်စုတည်း ရှိနေကြသဖြင့် သူ၏ အခန်းသို့ မပြန်သေးဘဲ ရပ်စောင့်နေလိုက်သည်။
စုချီနှင့် စုကျန်းချန်တို့က တံခါးပေါက်၌ ပိတ်ရပ်နေကြသဖြင့် "အစ်ကိုကြီးနဲ့ အစ်ကို (၂)၊ ဘာရပ်လုပ်နေကြတာလဲ" ဟု စုယွီက မေးလိုက်၏။
"ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်းပဲ" ဟု စုချီက ပြန်ပြောလိုက်သည်။
ထိုအခါ စုလုရီကလည်း အနောက်သို့ လှည့်ကြည့်ကာ "ဟုတ်သားပဲ။ အစ်ကိုကြီးက ဒီမှာ ဘာရပ်လုပ်
နေတာလဲ" ဟု မေးလိုက်၏။
"မင်းကရော ဘာရပ်လုပ်နေတာလဲ" ဟု ပြောပြီး စုချီက မျက်ခုံးကို ပင့်ကာ စုလုရီကို ကြည့်လိုက်သည်။
စုယွီက မောင်းထုတ်သည့် အမူအရာ လုပ်ပြကာ "ကဲ၊ ဟုတ်ပြီ။ အကုန်လုံး ကိုယ့်အခန်း ကိုယ်ပြန်ကြတော့။ အဲ့လောက်တောင် ကျွန်တော့်ကို လွမ်းနေတယ် ဆိုရင်လည်း ညနေကျမှပဲ အလွမ်းသယ်ကြတော့။ အခု အိပ်ချင်ပြီ" ဟု ဆိုကာ အကုန်လုံးကို မောင်းထုတ်ပြီး တံခါးကို ပိတ်လိုက်၏။
ထို့ကြောင့် စုလုရီက သူ၏ အခန်းကို ပြန်သွားကာ အထုတ်များကို ဖြည်လိုက်သည်။
အထုတ် ဖြည်နေစဉ်၌ စုချီက ဝရံတာတံခါးမှ ရောက်လာကာ "တံခါး လော့မချထားလို့ ငါ ဝင်လာခဲ့မယ်နော်" ဟု ပြောပြီး ဝင်လာခဲ့၏။
"အင်း"
စုလုရီက များပြားလွန်းသော အထုတ်များကို ဖြည်ရင်း အလုပ်များနေသည်။
"မင်း မပြီးသေးဘူးလား"
"အင်း"
စုလုရီက သူ့အခန်းသို့ စုချီလာသည့် အကြောင်းကို မေးမည် လုပ်လိုက်သော်လည်း စုချီက အထုတ်ကို ကူဖြည်ပေးနေသဖြင့် မမေးတော့ဘဲ ထားလိုက်သည်။
စုချီ၏ အကူအညီဖြင့် အထုတ် ဖြည်သည့် အလုပ်မှာ အလျင်အမြန် ပြီးသွားတော့၏။
စုချီက အထုတ် ဖြည်ပြီးနောက် "မင်း ညီ (၃) နဲ့ ဘာလုပ်စရာ ရှိလို့လဲ" ဟု စုလုရီကို မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ပုံစံငယ်ကို ကြည့်ချင်လို့ပါ"
"ဒါဆိုလည်း ပြီးတာပဲ၊ အိပ်တော့"
စုချီက ထိုသို့ပြောပြီး ဝရံတာ တံခါးမှ သူ၏ အခန်းသို့ ပြန်သွား၏။
နေ့လည်ခင်း အိပ်ကြပြီးနောက် အားအင် ပြန်ပြည့်လာကာ စု မိသားစုက ညစာ ထွက်စားကြသည်။
ဆိုင်သို့ ရောက်သောအခါ အစားအသောက်များကို မှာပြီး စကားပြောရင်း စောင့်နေလိုက်ကြ၏။
အစားအသောက်များ ရောက်လာသောအခါ စုလုရီက ထုံးစံအတိုင်း ပန်းကန်နှင့် မျက်နှာအပ်ကာ စားနေသည်။
စုယွီက စုလုရီ အနားသို့ ကပ်ကာ "ညီလေး။ အစ်ကိုကြီး ဗိုက်ပြည့်နေပြီ မို့လို့ ညီလေး စားလိုက်တော့" ဟု ပြောကာ သူ၏ ပန်းကန်ထဲမှ အသားဖတ်ကို စုလုရီ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
ထိုအခါ မျက်နှာချင်းဆိုင်၌ ထိုင်နေသော စုချီက အသား နှစ်ဖက်ကို ယူကာ စုလုရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
စုလုရီက ခဏကြာ စဉ်းစားလိုက်ပြီး "အစ်ကိုကြီးက
ပိုကောင်းတယ်၊ ဟီးဟီး" ဟု ပြောလိုက်၏။
စုကျစ်ထုံနှင့် ယုရှင်းရန်တို့ကမူ ညီအစ်ကိုများ ချစ်ချစ်ခင်ခင် ရှိနေကြသည်ကို ကြည့်ပြီး ပြုံးနေကြသည်။
စုချီ၏ ဘေး၌ ထိုင်နေသော စုကျန်းချန်က သူတို့ သုံးယောက်ကို ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ခဏကြာပြီးမှ တို့ဖူး တစ်ဖက်ကို တူဖြင့် ကောက်ကိုင်ပြီး စုယွီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
"ရော့၊ ညီလေး စား" ဟု စုချီ၏ လေသံအတိုင်း ပြောလိုက်သည်။
ထိုအခါ စုယွီက စုကျန်းချန်ကို နားမလည်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ညစာ စားပြီးသောအခါ ည (၈) နာရီ ကျော်နေပြီ ဖြစ်သည်။
စားသောက်ဆိုင်မှာ ရှေးဟောင်း လမ်းပေါ်တွင် ရှိသဖြင့် လမ်းဘေးဈေးဆိုင်များနှင့် အမှတ်တရ
ပစ္စည်းဆိုင်များဖြင့် စည်ကားနေ၏။
ဤညမှာ နှစ်သစ်ကူး ပွဲတော်ည ဖြစ်သဖြင့် စုမိသားစုက ဈေးတန်း၌ လျှောက်လည်ပြီးမှ အိမ်သို့ ပြန်လာခဲ့ကြသည်။
အိမ်သို့ပြန်ရောက်သောအခါ ည (၁၀) နာရီခွဲခန့် ရှိနေပြီဖြစ်၏။
စုကျစ်ထုံက "မနက်ဖြန် ဦးလေး လွီဆီ သွားလည်မှာနော်။ စောစော ထကြ" ဟု သတိပေးပြီး တတိယထပ်သို့ တက်သွားလိုက်သည်။
စုလုရီက သူ၏ အခန်းသို့ ပြန်ကာ ရေချိုးလိုက်၏။
တစ်နာရီကြာပြီးနောက် လိုက်ကာ ပိတ်ရန် ဝရံတာတံခါးဆီသို့ လျှောက်လိုက်သောအခါ ကောင်းကင်ပေါ်၌ မီးရှူးမီးပန်းများ လွှတ်ဖောက်နေသည့်အသံကို ကြားလိုက်ရသည်။
ထို့ကြောင့် ဝရံတာသို့ ထွက်ကာ မီးရှူးမီးပန်းများကို ရပ်ကြည့်နေလိုက်၏။
ခဏကြာပြီးနောက် စုချီကလည်း သူ၏ အခန်းမှ ဝရံတာသို့ ထွက်လာသည်။
"မင်း မီးရှူးမီးပန်းတွေကို ရပ်ကြည့်နေတာလား"
"အင်း၊ အစ်ကိုကြီး"
စုချီက စုလုရီ၏ အနားသို့ လျှောက်လာကာ "မီးရှုးမီးပန်းတွေက အမြဲတမ်း တစ်ပုံစံထဲပဲကို၊ ဘာထူးဆန်းလို့လဲ" ဟု ပြောလိုက်၏။
ထို့နောက် အိမ်အပြင်ဘက်ရှိ လူအုပ်ထံမှ ကျယ်လောင်သော အသံများ ထွက်လာသည်။
ည (၁၂) နာရီ ထိုးတော့မည် ဖြစ်သဖြင့် လူအုပ်မှ "ငါး" "လေး" "သုံး" "နှစ်" "တစ်" ဟု အော်လိုက်ကြ၏။
နောက်ဆုံး "တစ်" ဟုအော်အပြီးတွင် စုလုရီ၏ နှဖူးပေါ်၌ ခပ်နွေးနွေး အရာတစ်ခုကို ခံစားမိကာ "ပျော်ရွှင်စရာ နှစ်သစ်ပါ" ဟူသော အသံကို ကြားလိုက်ရလေသည်။
...…….................................
.........................................
အပိုင်း (၄၆) ပြီးပါပြီ။