စုလုရီ
အပိုင်း (၅၉) အနမ်းတစ်ပွင့်
စုချီက စုလုရီကို ဆွဲကာ ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်၏။
စုလုရီက ရင်ခုန်နေပြီး ဓာတ်လှေကား ခလုတ်ကို ညွှန်ပြကာ "အစ်ကိုကြီး၊ အထပ် မှားနှိပ်ထားတယ်။ ကျွန်တော်တို့ သုံးလွှာမှာ သွားစားရမှာလေ" ဟု ပြောလိုက်သည်။
"ဒီအချိန်ကြီး ကန်တင်းမှာ သွားစားလို့ ရပါဦးမလား။ အပြင်မှာ သွားစားမှပဲ ရတော့မှာပေါ့"
စုချီက စုလုရီကို တင်းတင်းကျပ်ကျပ် ကိုင်ထားသဖြင့် စုလုရီက မလှုပ်ရဲပေ။
"ဘုန်း"
ဓာတ်လှေကားတံခါး ပိတ်သွားပြီးနောက် တိတ်ဆိတ်သွားကာ လေထု အခြေအနေမှာလည်း အေးစက်လာတော့သည်။
ကားပါကင် အထပ်သို့ ရောက်သောအခါ ဓာတ်လှေကားတံခါး ပွင့်လာပြီး နှစ်ယောက်သား ဓာတ်လှေကားထဲမှ ထွက်လာခဲ့ကြ၏။
မြေအောက် ကားပါကင်၌ မှိန်ပြပြ အလင်းရောင်သာ ထွန်းထားပြီး နှစ်ယောက်သား ကားပေါ်သို့ တက်ထိုင်လိုက်ကြသည်။
ထိုအခါ စုချီက စုလုရီ၏ မျက်နှာ အနီးသို့ ကပ်လာသဖြင့် စုလုရီက စုချီ နမ်းတော့မည်ကို စိုးရိမ်ကာ နှုတ်ခမ်းကို စိထားလိုက်၏။
စုလုရီ၏ အပြုအမူကြောင့် စုချီက ပြုံးသွားကာ စုလုရီ၏ ပါးကို ဆွဲညှစ်လိုက်သည်။
ထိုအခါ စိထားသော နှုတ်ခမ်းမှာ ပွင့်လာသဖြင့် အနားသို့ ထပ်ကပ်လိုက်သောအခါ "နမ်းလို့ မရဘူးနော်၊ အစ်ကိုကြီး" ဟု စုလုရီက ပြောလိုက်၏။
"မင်း ငါ့ကို ငြင်းရဲတယ်ပေါ့၊ ဟုတ်လား"
"မဟုတ်ပါဘူး။ ကျွန်တော်တို့က အခု တွဲနေကြတာမှ မဟုတ်တာ။ စဉ်းစားနေတုန်းပဲလေ"
စုလုရီ၏ စကားကို စုချီက ပြန်မပြောသဖြင့် စုလုရီက စိတ်ရှုပ်သွားကာ "အစ်ကိုကြီး" ဟု ခေါ်လိုက်သည်။
ထိုအခါ စုချီက တိတ်ဆိတ်နေရာမှ လှည့်လာပြီး စုလုရီကို သိုင်းဖက်လိုက်၏။
ထို့နောက် စုချီက စုလုရီ၏ နား အနီးသို့ ကပ်လာကာ "ငါ့ကို ဖက်ခွင့်တော့ ပေး" ဟု ပြောလိုက်သည်။
စုလုရီက ရင်ခုန်သံ မြန်လာသော်လည်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး ထိန်းလိုက်၏။
သို့သော် လှုပ်ရှားလာသော စုချီ၏ လျှာကိုမူ လျစ်လျူ မရှုနိုင်တော့ပေ။
"မင်း မကြိုက်ရင် ငါ့ကို တွန်းထုတ်လိုက်လို့ ရတယ်"
စုချီက စကားကို ထိုသို့ပြောလိုက်သော်လည်း စုလုရီ အတွက်မူ တွန်းထုတ်ရန် မလွယ်ကူပေ။
ထို့ကြောင့် စုချီ၏ ကျောကုန်းကိုသာ ဖက်ထားရင်း မလှုပ်မယှက် ငြိမ်နေလိုက်သည်။
...
ခဏကြာသောအခါ စုချီက စုလုရီထံမှ ခွာသွားပြီး မကျေနပ်သေးသည့် ပုံစံဖြင့် စုလုရီကို ကြည့်လိုက်၏။
စုလုရီကမူ သူ၏ လည်ပင်းကို အုပ်ထားရင်း စိတ်လှုပ်ရှားနေသည်။
စုချီက ထပ်နမ်းမည် အလုပ်တွင် စုလုရီ၏ ဗိုက်မှ အသံမည်လာသဖြင့် "မင်း ဗိုက်ဆာနေပြီမလား။ငါလည်း ဗိုက်ဆာနေပြီ သွားကြမယ်" ဟု ပြောကာ ကားကို စတင် မောင်းထွက်လိုက်သည်။
ထို့နောက် အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်ရှေ့တွင် ကားကိုရပ်လိုက်၏။
စုလုရီက ကားခါးပတ်ကို ဖြုတ်ရင်း ဆိုင်ရှေ့မှ ကြော်ညာ ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။
ထို့နောက် "အစ်ကိုကြီး၊ ဒီဆိုင်က နည်းနည်းလေးပဲ ထည့်ပေးတာကို၊ အစ်ကိုကြီး ဝလို့လား" ဟု မေးလိုက်၏။
"ငါ မင်းကို ဘယ်တုန်းက ဗိုက်မဝအောင် ထားဖူးလို့လဲ" ဟု စုချီက ပြောရင်း စုလုရီ၏ အင်္ကျီကော်လံကို ဆွဲထောင်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ အစ်ကိုကြီး"
"နီနေတယ်။ ဖုံးထား"
"ဟင်၊ နီနေပြီလား"
စုလုရီက လည်ပင်းကို အုပ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။
နှစ်ယောက်သား ဆိုင်ထဲသို့ ဝင်သွားကြပြီး စားပွဲ၌ ထိုင်ကာ စားမည့် ဟင်းလျာများကို ပွဲကြီးမှာလိုက်ကြ၏။
ခဏကြာပြီးနောက် ဟင်းလျာများ လာချသောအခါ စုလုရီက စတင် စားသောက်လိုက်ပြီး "ဒီဆိုင်က ကောင်းသားပဲ အစ်ကိုကြီး။ နောက်တစ်ခါ ဒီဆိုင်မှာ အမြဲလာစားရမယ်" ဟု ပြောလိုက်သည်။
"အင်း၊ မင်း ကြိုက်ရင် ငါ ခေါ်လာပေးမယ်"
"ဪ၊ ဒါနဲ့၊ ယူနန်တောင်ပိုင်းကိုရော ဘယ်နေ့ပြန်မှာလဲ"
"နောက် နှစ်ရက်နေမှ"
"ကုမ္ပဏီမှာ ဘာကိစ္စရှိသေးလို့လဲ၊ အစ်ကိုကြီး"
"ဘာလဲ။ မင်းက ငါနဲ့ နှစ်ယောက်တည်း နေရတာ အဆင်မပြေ ဖြစ်နေလို့လား"
"မဟုတ်ပါဘူး၊ အဲ့လို"
...
စားသောက် ပြီးသွားသောအခါ စုချီက ဘေလ်ရှင်းရန် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
ထိုအချိန်၌ စုလုရီ၏ ဖုန်းသို့ စာတစ်စောင် ဝင်လာခဲ့သည်။
စာပို့သူမှာ ကျိုးချင်းချန် ဖြစ်သည်။
ကျိုးချင်းချန် : "မင်း ဘယ်နေ့ထိ အားသေးလဲ။ ဘယ်တော့ပြန်မှာလဲ"
စုလုရီ : "နောက်နှစ်ရက်နေရင် ယူနန်တောင်ပိုင်းကို ပြန်တော့မှာ။ ဘာကိစ္စရှိလို့လဲ"
ကျိုးချင်းချန် : "ဟင်၊ ပြန်တော့မှာလား။ ငါ မင်းကို တွေ့ပြီး အရေးတကြီး ပြောစရာရှိလို့"
စုလုရီ : "ဒီကပဲ ပြောလေ"
ကျိုးချင်းချန် : "မရဘူး။ လူ ကိုယ်တိုင်တွေ့ပြီး ပြောမှရမှာ"
စုလုရီ : "ဒါဆိုလည်း မနက်ဖြန် တွေ့ကြမယ်လေ"
ကျိုးချင်းချန် : "အင်း၊ ဟုတ်ပြီ။ ဘာကိစ္စပဲဖြစ်ဖြစ် မင်းက ငါ့ သူငယ်ချင်းပဲ သိလား"
စုလုရီ : "..."
ကျိုးချင်းချန်၏ စကားကြောင့် စုလုရီက စိတ်ရှုပ်သွားကာ "အရင် ခန္ဓာကိုယ်ပိုင်ရှင်က ကျိုးချင်းချန်ကို ဘာတွေ လုပ်ထားခဲ့တာပါလိမ့်" ဟု တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချင်းအရာအား ငွေရှင်းပြီး၍ ပြန်လှည့်လာသော စုချီက မြင်သွားကာ "ဘာဖြစ်လို့လဲ။ မင်းဘယ်သူနဲ့ ပြောနေတာလဲ" ဟု မေးလိုက်သည်။
"ကျိုးချင်းချန် နဲ့ပါ"
"ဒါဆို ဘာလို့ အဲ့ မျက်နှာကြီး ဖြစ်နေတာလဲ"
"ကျိုးချင်းချန်က ကျွန်တော့်ကို တွေ့ကြမယ် ပြောလို့"
"ဘာကိစ္စလဲ"
"ကျွန်တော်လည်း မသိဘူး။ ကြည့်ရတာ ကျွန်တော် ကျိုးချင်းချန်ကို တစ်ခုခု မကောင်းတာ လုပ်ထားမိတယ်ထင်တယ်"
...
နောက်တစ်နေ့ မနက်သို့ ရောက်သောအခါ စုလုရီက ကျိုးချင်းချန်နှင့် ချိန်းထားသော နေရာသို့ သွားရန် ပြင်ဆင်ပြီး အိမ်အပြင်သို့ ထွက်လာလိုက်သည်။
ထိုအခါ စုချီကပါ လိုက်ထွက်လာသဖြင့် "ရတယ် အစ်ကိုကြီး။ ကျွန်တော့်ဘာသာ ကား ငှားသွားမယ်။မဟုတ်ရင် အစ်ကိုကြီး ကျွန်တော့်ကို ထိုင်စောင့်နေရတာနဲ့ ပျင်းနေလိမ့်မယ်" ဟု ပြောလိုက်၏။
"ဒီအတိုင်း အိမ်မှာ နေလည်း ပျင်းနေရမှာပဲ"
စုချီက တားမရသဖြင့် စုလုရီက ထပ်မပြောတော့ဘဲ လက်ခံလိုက်သည်။
စုလုရီက မနက်ဖြန် လေယာဉ် စီးရမည် ဖြစ်သဖြင့် ကျိုးချင်းချန်က စုလုရီ၏ အိမ်အနီးရှိ ကော်ဖီဆိုင်တွင်သာ ချိန်းသဖြင့် အိမ်မှ မိနစ် (၂၀) ခန့်သာ မောင်းလိုက်ရ၏။
ကော်ဖီဆိုင်သို့ ရောက်သောအခါ စုလုရီက ကားပေါ်မှ ဆင်းကာ ဆိုင်ထဲသို့ ဝင်သွားသည်။
ထိုအခါ စုချီကပါ ဆိုင်ထဲသို့ လိုက်ဝင်လာသဖြင့် စုလုရီက အံ့သြသွားကာ "အစ်ကိုကြီး၊ ဘာလုပ်မလို့လဲ။ ကျိုးချင်းချန်က ကျွန်တော်နဲ့ နှစ်ယောက်တည်းပဲ တွေ့ချင်တာလို့ ပြောထားတယ်။ အစ်ကိုကြီး လိုက်လာလို့ ဘယ်ဖြစ်မလဲ" ဟု ပြောလိုက်သည်။
"ကျိုးချင်းချန်က ငါ ရှိနေတာ မကြိုက်ဘူးဆိုရင် ငါ ထထွက်သွားပေးမယ်" ဟု စုချီက ပြန်ပြောပြီး လိုက်လာလေ၏။
...…….................................
.........................................
အပိုင်း (၅၉) ပြီးပါပြီ။