CHAPTER 23
- သူခိုးလူမိ -
သုံးယောက်သား ဒုံးပျံတွေလို ဓာတ်လှေကားထဲ ဝင်ပြေးခဲ့ကြသည်။ တင်၊ ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်း ပိတ်ကာ အပေါ်ပြန်တတ်သွားခဲ့၏။
သူ့ဘေးက နှစ်ယောက်ကတော့ ပြန်ပေးဆွဲခံလာရတာကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ "ဘာလုပ်တာလဲ ဟ"
"ငါ ကျိုးချင်းချန် ပြောတဲ့ ဆရာကြီးကို တွေ့လိုက်တယ်"
ကျိုးချင်းချန် "ဝေါင်း...ငါ သွားကြည့်လိုက်ဦးမယ်"
စုလုရီ လန့်သွားကာ "သွားကြည့်မနေနဲ့၊ အဲ့တာ ငါ့အစ်ကိုကြီး"
"... ..." နှစ်ယောက်က စက္ကန့်ပိုင်းလောက် အေးခဲသွားပြီး "ဘာ"
အခန်းထဲတွင်...
သူတို့ သုံးယောက် တြိဂံပုံ စားပွဲခုံမှာ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ စုလုရီက မှောင်မည်းနေတဲ့ မျက်နှာနဲ့ "အစည်းအဝေးပွဲ ပထမအချီ စတင်ပါပြီ"
ကျိုးချင်းချန် သည်းသွားပြီး "ငါတော့ မမြင်ရတဲ့သံလိုက်စက်ကွင်းတွေ ဖွင့်ပြီး စိတ်နဲ့ မင်း အစ်ကိုကြီးကို ပြန်ပို့လိုက်တာပဲ ပိုကောင်းမယ် ထင်တယ်"
စုလုရီ : မင်း နားမလည်ပါဘူးကွာ။ သူက ဘာမထီကွ။ "ငါ့ အစ်ကိုကြီးက လူရော စိတ်ရော ကြံ့ခိုင်ပြီး အဆိပ်ပါ ပြီးတယ်"
စွင်းဟဲ့ယွီနဲ့ ကျိုးချင်းချန်တို့ နှစ်ယောက် ချီးကျူးလိုက်ကြသည်။ "စုချီကတော့ စုချီပါပဲ"
စွင်းဟဲ့ယွီက သူ့ကို ဖြောင်းဖျလာသည်။ "တကယ်တော့ မင်း ဘာမှ ကြောက်နေစရာ မလိုပါဘူး။ သူနဲ့တွေ့ရင် အလည်လာတယ်လို့ ပြောလိုက်ပေါ့"
စုလုရီက ဝမ်းနည်းစွာ ပြုံးလိုက်ပြီး "အစ်ကိုကြီးက သူ ဘန်းယမ်းမြို့ကို သွားမှာပြောတုန်းက ငါ့ပုံစံက
အေးဆေးကြီး၊ သူ မျက်လုံးတစ်ချက် ခပ်ခါရှိသေး။ ငါက သူ့အရှေ့ရောက်နေပြီဆို ဘာဖြစ်သွားမလဲ"
စွင်းဟဲ့ယွီ နားလည်လိုက်ပါသည်။ "မင်းက ကိုယ့်သေတွင်းကိုယ် တူးတဲ့နေရာမှာ သိပ်တော်တာပဲ"
စုလုရီ ငိုချင်လာပြီ။
သူတို့သုံးယောက်မှာ အခန်းပြင်လေး ထွက်ရဖို့အရေး ခါးပိုက်နှိုက်တွေလို ခိုးကြောင်ခိုးဝှက်လုပ်နေရသည်။
စုလုရီကတော့ သတိထားရလွန်းလို့ ထိုနှစ်ယောက်ကို မီးသတ်ပေါက်ကနေ ဆွဲချမိတော့မလို့။
မီးပျပျလင်းနေသော ကော်ရစ်တာမှာ သုံးယောက်တာနံရံကပ်ကာစမ်းတဝါးဝါးနဲ့ လျှောက်နေကြ၏။
အစိမ်းရောင် လုံခြုံရေး အချက်ပြမီးက စွင်းဟဲ့ယွီမျက်လုံးမှာ လာဟပ်နေ၏။ ပြီးတော့ သူ တိုးတိုးလေးပြောလိုက်သည်။
"ကျိုးချင်းချန်၊ မင်းက ဘာကိစ္စ အခန်းကို ဆယ့်ရှစ်ထပ်မြောက်မှာ တက်ငှားတာတုန်း"
ကျိုးချင်းချန်က နံရံကနေ တစ်ရွတ်တိုက် လျှောချကာ "ပြောင်းချင်လည်း ပြောင်းလေ"
"မသိရင် မြေမြိုနေသလိုပဲ"
"... ..."
သူတို့သုံးယောက် စုချီနဲ့ မတွေ့အောင် ရှောင်ကွင်းထွက်လာနိုင်ပြီး ရှေးဟောင်းလက်ရာ လမ်းထဲဝင်ပြေးကာ အသက်ဝဝရှူလိုက်၏။ စုလုရီက အပြစ်မကင်းသလို ခံစားရတာကြောင့် သူတို့နှစ်ယောက်ကို
ပိန်းဥဖက်ထုပ် နွားနို့စွတ်ပြုတ် ဝယ်တိုက်လိုက်ပြီး သူတို့ စားရင်း လမ်းလျှောက်ခဲ့ကြသည်။
ပိန်းဥဖက်ထုတ် စားပြီး နောက်မှာတော့ သူတို့သုံးယောက်လုံး လန်းဆန်းသွားခဲ့ကြ၏။
စွင်းဟဲ့ယွီက ပန်းကန်ကို လွှင့်ပစ်ကာ လက်သုတ်လိုက်သည်။ ခုနက သူ့စတိုင်လည်း မရှိတော့ပါ။
"ကိုယ်စားလှယ်တွေ သွားတွေ့ဖို့ တက္ကစီ စီးသွားရအောင်"
သူတို့ လက်ဖက်ရည်ဆိုင်မှာပဲ ချိန်းဆိုလိုက်ကြသည်။ ဘန်းယမ်းမြို့မှာ လက်ဖက်ရည်ဆိုင်တွေက မြို့အနှံ့မှာ ပြန့်ကျဲနေ၏။ ဒီကလူ အတော်များများက သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ ထိုင်တာပဲ ဖြစ်ဖြစ်၊ စီးပွားရေးအတွက် ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ သည်လက်ဖက်ရည်ဆိုင်တွေမှာပဲ ထိုင်ကြသည်။
ဘန်းယမ်းမြို့ 'ခွန်' ဝိုင်ရဲ့အကြီးဆုံး ကိုယ်စားလှယ်ဆို "ဝူ" ပဲ။ သူက အသက်လေးဆယ်ရှိပြီး အနည်းငယ် တောင့်တင်းသည်။ သူတို့ အုပ်စုကသီးသန့်ခန်း ယူကာ သစ်ကြံပိုးခေါက် လက်ဖက်ရည်အိုးကို မှာ၍ တစ်ယောက်ချင်းဆီအနည်းငယ် ငှဲ့သောက်ကြ၏။
ကျိုးချင်းချန်ကတော့ သည်အကြောင်းတွေ ဘာမှ မသိတာကြောင့် ရောက်တာနဲ့ ထိုင်ခုံနောက်မှီမှာ သူ့စတိုင်အတိုင်း ထိုင်နေပြီး စွင်းဟဲ့ယွီနဲ့ စုလုရီကတော့ အသေးစိတ် ဆွေးနွေးဖို့လုပ်ရသည်။
ကိုယ်စားလှယ် ဝူ : " 'ခွန်' ဝိုင်ရဲ့ပထမဆုံးအသုတ်က ပုလင်း ၆၈၀ လောက် ရောင်းရတယ်။ လက်ရှိမှာတော့ နာမည်ကြီးမလာဘူး။ တခြားတံဆိပ်တွေလောက်တောင် လူသိ မများဘူးပေါ့"
ကျိုးချင်းချန်က ဖုန်းကစားနေကာ စွင်းဟဲ့ယီက မေးတညိတ်ညိတ် လုပ်နေပြီး စုလုရီကတော့ရေနွေးကြမ်း ငုံနေလိုက်၏။
ကိုယ်စားလှယ်၊ဝူက စိတ်ပျက်နေပုံ "ကျွန်တော်တို့ကြော်ငြာပြီး ပြန်လည်ပြင်ဆင်တာတွေလည်း လုပ်ပေမယ့် ရောင်းမကောင်းဘူး။ ကျွန်တော်က စျေးလျှော့ဖို့ ပြောတော့ ခဏ လျှော့ပေမယ့် စျေးကွက်ပွင့်တာနဲ့ တန်းတင်တာပဲ"
စုလုရီက စွင်းဟဲ့ယွီဆီကို မေးခွန်းပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး "မင်း ဘယ်လိုထင်လဲ"
စုလုရီက သူ့လက်ဖက်ရည်ခွက်ကို ချကာ "စျေးလျှော့စရာ မလိုပါဘူး" သူက ကိုယ်စားလှယ် ဝူကိုမေးလိုက်၏။
"ဆိုင်တွေမှာ တစ်နေ့ရောင်းအား ဘယ်လောက်လဲ"
"ဆယ်ပုလင်း အောက်"
စုလုရီက သူ နားလည်ပြီဆိုသည့် သဘောနှင့် ခေါင်းညိတ်ပြလိုက်သည်။ "အဲ့တာဆို တစ်နေ့ကို
ဘူးနှစ်ဆယ်ပဲ တင်သွင်းပေါ့။ ထပ် မရောင်းရတော့ဘူး"
ကိုယ်စားလှယ် ဝူကတော့ သဘောမပေါက်တဲ့ပုံဖြင့် "... ဘာကြီးလဲ"
သူတို့တွေ လက်ဖက်ရည်ဆိုင်ကနေ ထွက်လာခဲ့ကြပြီး ကိုယ်စားလှယ် ဝူ ထွက်ခွာသွားတာကို စုလုရီကြည့်နေလိုက်၏။
ကျိုးချင်းချန်က ထိုလူထွက်သွားတော့ "သူက မင်းကို ဘယ်လို စောက်ရူးသူဌေးပါလိမ့်ဆိုတဲ့ အကြည့်နဲ့ ကြည့်သွားတာ"
စုလုရီက သဘောတူဟန် ခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့်လည်း သူ ငါပြောတဲ့အတိုင်းပဲ လုပ်လိမ့်မယ်"
ကျိုးချင်းချန်က သက်ပြင်းချပြီး "ငါလည်း မင်းတို့ဟာတွေ နားမလည်တာနဲ့ ဝင်မရှုပ်ချင်လို့ ဂိမ်းပဲ
ကစားနေလိုက်တာ"
စွင်းဟဲ့ယွီကတော့ ကျိုးချင်းချန်ထက်စာရင်အနည်းငယ် နားလည်သည်လေ။
"မပူပါနဲ့။ မင်း ငွေမဆုံးပါဘူး"
ကျိုးချင်းချန်က သူ့ကို ဘာလို့လဲ မေးခဲ့၏။ ဒါပေမယ့် စွင်းဟဲ့ယွီကတော့ တဝက်တပျက် နားလည်နေတဲ့ပုံ၊ သူပဲ ဇဝေဇဝါရုပ်နဲ့။
စုလုရီလည်း မရှင်းပြပါ။ သူက ရှုထောင့်အမှားနဲ့ဝယ်လိုအား ဆာလောင်မှု စျေးကွက်ကို အသုံးပြုချင်တာ။
ဒါပေမယ့် ပြဿနာရှင်းဖို့ဆို သူတို့...
သူ ကျိုးချင်းချန်ကို ချစ်မြတ်နိုးစွာ လှမ်းကြည့်လိုက်သည်။
ကျိုးချင်းချန်ကတော့ သူ့ အကြည့်တွေကြောင့် အမွှေးနှုတ်ခံရတော့မလို လန့်သွားခဲ့၏။
နေ့လည်မှာတော့ သူတို့သုံးယောက် ဘန်းယမ်းမြို့က 'ခွန်' ဝိုင်ရောင်းတဲ့ ဆိုင်တွေကို လှည့်ပတ်ကြည့်ခဲ့ကြသည်။
အခြေအနေကတော့ ကိုယ်စားလှယ် ဝူ ပြောသလိုပင်။ ဘာမှတော့ မလှုပ်ရှားရသေးပေမယ့် 'လင်း' ဝိုင်ရဲ့ ကျော်ကြားမှုနဲ့တော့ အဆင်ပြေနေတာပဲ။ အဲ့တော့ ရေသေတော့ မဟုတ်သေးဘူးပေါ့။
စုလုရီ နားလည်လိုက်သည်။ ပြီးတော့ သည်အတွက် သူ စိတ်သိပ်မပူပါ။ အလည်သွားရင်းနဲ့တောင် စုချီရဲ့လှုပ်ရှားမှုကို လေ့လာဖို့ စိတ်ရှိနိုင်ခဲ့သေးတာပဲ။
(စုလုရီ) : "အစ်ကိုကြီး ဘယ်မှာလဲ။ ကြည့်ရအောင်"
(စုချီ) : "ဘာလုပ်မလို့လဲ"
(စုလုရီ) : "အစ်ကိုကြီး အဆင်ပြေရဲ့လား။ စိတ်ပူလို့လေ"
(စုချီ) : "မပူပါနဲ့၊ သည့်ထက် ဆိုးတာတောင် ကြုံပြီးပြီ"
"... ..." စုလုရီ ထပ်ပြီး စောင်းပြောသလို ခံစားလိုက်ရသည်။
ဒါပေမယ့်လည်း စုချီက သူ့ကို ပုံတွေ ပို့လာ၏။ ကြည့်ရတာ ရှုပ်ထွေးနေတာပဲ၊ ဖွံ့ဖြိုးဆဲနေရာတွေထင်သည်။
စုလုရီက သူတို့နှစ်ယောက် ရှစ် ဝင်ရိုးစွန်းလောက် ဝေးတာ သိပြီး စိတ်အေးသွားရသည်။
နေ့လည် လေးနာရီ၊ ငါးနာရီလောက် အရောက်မှာတော့ သူတို့ဆိုင်တွေကို လည်ပတ်တာ ပြီးစီးသွားခဲ့သည်။
ဘန်းယမ်းကို လာရတဲ့ သူတို့ စီးပွားရေးကိစ္စကပြီးစီးခါနီးပြီး ကျန်တဲ့ရက်တွေကတော့ နားရုံပင်။
ညစာကိုတော့ ရှေးဟောင်းလမ်းက စီးပွားရေးစင်တာမှာပဲ စားခဲ့ကြ၏။
စုလုရီက သူ အသုံးမကျတဲ့သူ မဟုတ်မှန် သက်သေပြရန် မိသားစုတွေဆီသို့ ဓာတ်ပုံပို့လိုက်သည်။
စွင်းဟဲ့ယွီက သူ့ကို သတိပေးလိုက၏။ "ထူးခြားတဲ့ဟာတွေ မပါသွားစေနဲ့နော်။ တော်ကြာ မင်း ဘန်းယမ်းမှာဆိုတာ သိသွားကြလိမ့်မယ်"
စုလုရီ သတိကပ်လိုက်သည်။ "မေးလာရင် အတု လုပ်ထားတာလို့ ပြောလိုက်မယ်"
စွင်းဟဲ့ယွီ "... ..."
ကျိုးချင်းချန်က သူ့ တူကို ပန်းကန်ပေါ်သို့ ခေါက်လိုက်ပြီး "မင်း အစ်ကိုကြီး မနေ့က ဟော့ပေါ့ဆိုင်ကို
မှတ်မိတယ် မဟုတ်ဘူးလား"
"မမှတ်မိလောက်ပါဘူး။ မှတ်မိရင် မနေ့ကတည်းကမေးမှာပေါ့" စုလုရီ သူ့ တူကို ချကာ လက်ပိုက်လိုက်ရင်း ...
"အစ်ကိုကြီးက ငတုံးကောင်ဆို သိပ်ကောင်းမှာပဲ"
စွင်းဟဲ့ယွီနဲ့ ကျိုးချင်းချန်ကတော့ သည်ကောင်လေး အလကား ကြောက်နေတာလို့ပဲ ထင်သည်။
ဘန်းယမ်းရဲ့ ညတွေက ပျော်စရာကောင်းတယ်လို့နာမည်ကြီး၏။ သူတို့သုံးယောက် စီးပွားရေးရော၊
ညစာစားခြင်းအမှုရော ပြီးစီးသွားတာကြောင့် မပြန်ခင် စီးပွားရေးဒေသမှာ နည်းနည်းလောက် အပျော်လေးတွေ ဖန်တီးဖို့ စီစဥ်ခဲ့ကြသည်။
ကျိုးချင်းချန်က ဘားကို သွားကြဖို့ အဆိုပြုပေမယ့် စုလုရီကတော့ ဟိုတစ်ခေါက် ဝိုင်သောက်ပြီးကတည်းက ကြောက်သွားသည်လေ။ သူ ပြင်းထန်စွာ ကန့်ကွက်သည်။ "အစ်ကိုကြီး သိရင် ငါ သေပြီပဲ"
"သူ ဘယ်လိုမှ ဘားကို မသွားပါဘူးကွာ။ သူ မသိအောင်သာ တိတ်တိတ်လေး ခိုးပြန်ရင် သိစရာ အကြောင်းကို မရှိဘူး"
စုလုရီ ခေါင်းထဲက သတိပေးခေါင်းလောင်းတွေရပ်တန့်သွားခဲ့သည်။ "ကျက်သရေ မရှိတာတွေ မပြောစမ်းနဲ့။ တစ်နည်းမဟုတ် တစ်နည်းနဲ့ သိသွားမှာ ကြောက်ပါတယ်ဆိုနေ"
"ဘယ်နည်းလဲ"
"ဆိုရှယ် မီဒီယာတွေကနေလေ"
"... ..." ကျိုးချင်းချန် တကယ်ကို အဲ့နေ့က သူအိမ်ပြန်သွားပြီး ဘာတွေဖြစ်ခဲ့လည်း သိချင်လာပြီ။
စွင်းဟဲ့ယွီက သူ့ ဖုန်းကို ကြည့်လိုက်ပြီး "ဟိုဘက်လမ်းမှာ အမိုးပွင့် ဖျော်ဖြေပွဲရှိတယ်။ သွားနားထောင်ကြမလား"
အဲ့တာက ပိုလုံခြုံတယ်။ အဲ့တာကြောင့် စုလုရီ သူ့လက်ကို ချက်ချင်းပဲ စိတ်လိုလက်ရ ထောင်လိုက်၏။ ကျိုးချင်းချန်က သူ့ရဲ့ထောင်မတ်နေတဲ့လက်ချောင်းထိပ်တွေကို ကြည့်ကာ "အေးရိုးဘစ်တော်တော် တော်ပုံပဲ"
စုလုရီ "ကျေးဇူး ကျေးဇူး"
စုချီရဲ့ အလုပ်ခရီးက ဘန်းယမ်းရဲ့ဆင်ခြေဖုံးရပ်ကွက်တွေက လုပ်ငန်းစဥ်တွေကို စစ်ဆေးဖို့ဖြစ်၏။
ညစာ စားပြီးတာနဲ့ သူ ဟိုတယ်ကို ပြန်ခဲ့သည်။ ရှစ်နာရီတောင် ထိုးတော့မည်။ မည်းနက်နေတဲ့ ညရဲ့ကောင်းကင်အောက်မှာ ယာဥ်ကြောပိတ်နေတာကြောင့် ဖြေးဖြေးချင်း လိမ့်နေရပြီးနောက် မီးနီနီတွေကလည်း ရှုတ်ရှက်ခတ်နေတဲ့ စီးပွားရေးလမ်းမမှာ ထွန်းလင်းနေ၏။
အတွင်းရေးမှူး ရှောင်ချင်းက ကားမောင်းနေပြီး "မစ္စတာစု၊ ကားပေါ်မှာ အချိန်မဖြုန်းချင်ရင်
လမ်းဆင်းလျှောက်ပြီး အဆောက်ဦးဆီ ပြန်လို့ ရပါတယ် ခင်ဗျ"
"တော်ပြီ၊ အရမ်းဆူညံတယ်"
စုချီက အပြင်က လူအုပ်ကြီးကို ပြတင်းကနေတစ်ဆင့် ကြည့်လိုက်သည်။
အဲ့မှာ လူတွေက အရမ်းကို ဆူညံပျော်ရွှင်နေပြီး စတိတ် စင်ပေါ်မှာတော့ သိပ်နာမည်မရှိတဲ့ အဆိုတော်တစ််ယောက်က သီဆိုကခုန်နေ၏။
ကောင်းကင် မှောင်မှောင်မည်းမည်းထဲမှာမှ လူအုပ်ကြီးကို ဖြတ်ကာ ထင်ရှားမှုတစ်ခုက အလင်းနဲ့မှောင် တစ်လှည့်ဆီ ဖြစ်နေသည်။ နက်မှောင်တဲ့ ဆံပင်ထောင်ထောင်လေးက လေအဝှေ့မှာ အလင်းရောင်ထဲ အလင်းပြန်နေသည် ...
ဟင် ...
စုချီ မတ်မတ် ထိုင်လိုက်သည်။ နက်မှောင်တဲ့ ဆံပင်ထောင်ထောင်လေးက လေအဝှေ့မှာ အလင်းရောင်ထဲ အလင်းပြန်နေတယ်တဲ့လား ...
စုချီ မျက်ဝန်းတွေ ကျဥ်းမြောင်းလိုက်ပြီး သူရုတ်တရက် ပြောလိုက်၏။ "ရပ်၊ ငါ ဒီမှာဆင်းမယ်"
..........................
စတိတ်ပေါ်က အသံတွေက အဆောက်ဦးတစ်ခုလုံးကို ပျံ့လွင့်နေပြီး မီးလင်းရောင်တွေကတော့
လူအုပ်ကြီး၏ ခေါင်းတွေပေါ်ကို ဖျာကျနေသည်။
စုလုရီက လူအုပ်ကြီးကို သုံးဘက်မြင် ပင်ဘောလုံးလို ဖြတ်သန်းလိုက်၏။ သူ့ ဖုန်းတုန်ခါလာတာမို့ ထုတ်ကာ စာအချို့ ရိုက်လိုက်သည်။
စွင်းဟဲ့ယွီက သူ့ အနားသွားကာ မေးလိုက်၏။ "ဘာလုပ်နေတာလဲ"
စုလုရီက မော့တောင်မကြည့်ပဲ "အစ်ကိုကြီးက ငါကိုယ့်ကိုကိုယ် ဂရုစိုက်ရဲ့လား မေးနေတာ"
"ဘာပြန်ပြောလိုက်လည်း"
"ငါတို့ တောင်လှလှလေးတွေနဲ့ ရေကြည်ကြည်လေးတွေ ကြားမှာ အားပြန်ဖြည့်နေတယ်လို့ ပြောလိုက်တယ်"
စွင်းဟဲ့ယွီက ပတ်ပတ်လည် လိုက်ကြည့်လိုက်၏။ အဆောက်ဦးက မီးရောင်ပျပျ ကြားမှာ လူတွေနဲ့
ရှုပ်ပွဆူညံနေသည်။ "ဘယ်မှာတုန်း မင်းရဲ့ တောင်နဲ့ရေက"
စုလုရီက သူ့ လက်သေးသေးလေးနဲ့ စက်ဝိုင်းပုံ ဝိုင်းပြပြီး "လူတောင်ကြီးနဲ့ လူပင်လယ်ကြီးကို ပြောတာ"
စွင်းဟဲ့ယွီ ချီးကျူးလိုက်၏။ "ဗရမ်းဗတာ ပြောတဲ့နေရာမှာ ဆရာကြီး"
စုလုရီက သူ့ပါးစပ်ကို အသာလေး ပိတ်လိုက်သည်။
စတိတ်စင်ပေါ်မှာ နာမည်ရ သီချင်းတစ်ပုဒ်ဆိုကာ ကခုန်နေကြသည်။ ပရီတ်သတ်တွေက များသောအားဖြင့် လူငယ်တွေဖြစ်တာကြောင့် အကုန်လှုပ်ရမ်းကာ လိုက်ဆိုနေကြ၏။
ဖျောဖြေရေးကို အကြီးကြီးလို့ တစ်ဖတ်သတ်သတ်မှတ်ကာ စုလုရီ လူအုပ်ကြားမှာ ခဏလောက်ပျော်ရွှင်စွာ ကခုန်နေလိုက်သည်။ ဆောင်းရာသီရဲ့အေးစက်မှုတွင် လွင့်ပါးသွားကာ နွေးလာပြီး နဖူးမှာ
ချွေးအနည်းငယ်စို့လာသည်။
စွင်းဟဲ့ယွီကတော့ မခံနိုင်တော့ပါ။ ရှိသမျှအားတွေကုန်သွားသလိုပဲ။ "တစ်နေရာ သွားကြမလား"
စုလုရီလည်း "အေး" လို့ပြောပြီး သူ့ ဖုန်းကို ထုတ်ကာ "ဓာတ်ပုံ အရင်ရိုက်လိုက်ဦးမယ်။ ပြီးရင် သွားမယ်"
ချက်...ချက်...ချက်။ သူ ဖုန်းကို ပျော်ရွှင်စွာ မြှောက်နေတုန်း WECHAT က ပေါ်လာသည်။ စုချီဆီကပဲ။
သူ့ အစ်ကိုကြီး သူ့ကို ခဏခဏ ဆက်သွယ်တာ ဒါပထမဆုံးပဲ။ သူ့ကို လွမ်းနေတာများလား။
(စုချီ) : "ဘာလုပ်နေတာလဲ"
(စုလုရီ) : "လေ့ကျင့်ခန်း လုပ်နေတာ"
(စုချီ) : "ဘာလေ့ကျင့်ခန်းလဲ"
စုလုရီက သူ့လက်တွေကို မြှောက်ကာ ခုန်ပြီး ဓာတ်ပုံ ထပ်ရိုက်လိုက်သည်။ သူပြန်ကျတော့ ဘယ်ညာ နှစ်ဖက်က လူအုပ်ကြီး တိုးတာ ခံလိုက်ရသည်။
(စုလုရီ) : "အကြောလျှော့၊ ခုန်၊ ဘယ်ညာလှုပ်"
(စုချီ) : "ဟုတ်လား။ အားရစရာပဲ"
စုလုရီက သူ့ အစ်ကိုကြီး ထူးဆန်းနေတာ ခံစားမိပေမယ့် ဘာက ထူးဆန်းနေမှန်းတော့ မသိ။
စွင်းဟဲ့ယွီက သူ့ကို လောနေပြီ။ "အိုကေ၊ သွားစို့။ ဒီက သခင်လေး ဦးနှောက်တွေ တစ်စစီ ခါနေပြီ"
စုလုရီ ခေါင်းထဲမှာ ရုတ်တရက်ပုံ ပေါ်သွားတာမို့ သူဖုန်းကို မြန်မြန်သိမ်းလိုက်၏။ ခေါင်းကို ဟိုဟိုဒီဒီ လှည့်ကြည့်နေတုန်း မျက်လုံးထောင့်ကနေ ပုံရိပ်တစ်ခု တွေ့လိုက်ရသည်။
သူ မျက်လုံးတွေပင့်ကာ ကြည့်လိုက်၏။
လူအုပ်ကြီးရဲ့ မီတာ အနည်းငယ် အကွာဝေးမှာ ရှည်လျား ဖြောင့်မတ်တဲ့ လူတစ်ယောက်က ကရိန်းကြီးလို ရပ်နေသည်။ မှောင်နေတာတောင် သူ့ရဲ့ချောမောတဲ့ မျက်နှာကို ဖုံးအုပ်မထားနိုင်ဘူး။
သူ့ မျက်နှာပေါ်ကို စလိုက်မီးတစ်ချက် ခဏလေးကျသွားပေမယ့် ဝင်းဝင်းတောက် မျက်ဝန်းတွေကိုတော့ မြင်လိုက်ရသည်။
စုလုရီ အသက်ရှူရပ်တော့ မလိုပင်။ သောက်ချီး ... အစ်ကိုကြီးဟ ... ...
အစ်ကိုကြီးက သည်လို အခြေအနေကို ဘယ်လိုလုပ် ရောက်လာရတာတုန်း။
စုလုရီက စုချီကို မြင်မြင်ချင်း ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ သူ့ နောက်ကနေ ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီတို့ အသံကို ကြားနေရ၏။ "စုလုရီ၊ ဘယ်သွားတာလဲ"
အဲ့အချိန်မှာပဲ မီတာ အနည်းငယ် ဝေးတဲ့နေရာမှာ ရှိတဲ့ စုချီလည်း လူအုပ်ကြီးကို ဖြတ်ကာ သူတို့ဆီကို
လာနေသည်။ စုလုရီ သည်အချိန်မှာ စွင်းဟဲ့ယွီရော၊ ကျိုးချင်းချန်ရော ဂရုမစိုက်နိုင်တော့ဘူး။
သူ လူတွေကို တွန်းတိုက်ကာ စင်နောက်ကို ပြေးရတော့သည်။
သီချင်းကလည်း သည်အချိန်မှ ကောင်းခန်းရောက်ကာ အဆိုတော်ကလည်း အမြင့်သံ အော်နေပြီး အောက်က ပရိတ်သတ်ကလည်း ခုန်ကာ လိုက်ဆိုနေ၏။
သေစမ်း၊ သူ့ကို ဘယ်သူ ညှစ်လိုက်လည်းတော့ မသိဘူး။ သူ့ ပုခုံးကနေ အားကြီးနဲ့ ညှစ်တာ ခံလိုက်ရပြီး သူ ချော်လဲမလို ဖြစ်သွားခဲ့သည်။ သူ အနောက်ကိုမှီကာ လဲကျတော့မလို ဖြစ်နေတုန်း ...
"စုလုရီ" လူသံတွေနဲ့ စွင်းဟဲ့ယီ၊ ကျိုးချင်းချန်တို့ရဲ့ အလန့်တကြား အော်သံတွေက ရောယှက်သွားခဲ့၏။
သန်မာတဲ့ လက်မောင်းတစ်စုံက သူ့ ခါးကနေ လှမ်းဖမ်းလိုက်သည်။ စုလုရီရဲ့နောက်ကျောက နွေးထွေးတဲ့ ရင်ဘတ်ပေါ် ဖိမိသွားပြီး သူ့နားထဲကို ပြင်းထန်ကာ မောရှိုက်သံနှင့်အတူ ကြောက်ဖို့ကောင်းစွာဖြင့် ...
"စုလုရီ၊ မင်း ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ"