စုလုရီ
အပိုင်း (၇၀) အတူတူ အိပ်ခြင်း
ငလျင်က လှုပ်နေဆဲ ဖြစ်၍ အခြေအနေမှာ ဖရိုဖရဲဖြစ်နေကာ စုကျစ်ထုံက စုချီတို့ကို ကြည့်ပြီး "သူဌေးတို့၊ ဂရုစိုက်ပြီး အောက်ကို မြန်မြန် ဆင်းလာခဲ့နော်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
စုလုရီက လက်တစ်ဖက်တွင် စုချီကို ကိုင်ကာ နောက်တစ်ဖက်တွင် အင်္ကျီကြယ်သီးကို အမြန်တပ်ရင်း စုချီ၏ နောက်မှ အပြေးအလွှား အောက်သို့ လိုက်ဆင်းလိုက်သည်။
"အစ်ကိုကြီး"
"မကြောက်နဲ့။ ငါ ရှိတယ်"
အောက်ထပ်ရှိ ခြံဝင်းထဲတွင် စုယွီနှင့် စုကျန်းချန်တို့က ရောက်နှင့်နေကြပြီး စုကျစ်ထုံက ယုရှင်းရန်၏ လက်ကို ဆွဲကာ အိမ်ပြင်သို့ ပြေးထွက်လာကြသည်။
ထို့နောက် စုကျစ်ထုံက ယုရှင်းရန်ကို စိတ်ပူစွာဖြင့် "အဆင်ပြေရဲ့လား မိန်းမ" ဟု မေးလိုက်၏။
စုယွီက အိမ်ထဲသို့ လှမ်းကြည့်ကာ "အစ်ကိုကြီးနဲ့ ညီငယ်လေးရော ဘယ်မှာလဲ အဖေ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"သူတို့က..." ဟု ပြောရင်း စုကျစ်ထုံက ရုတ်တရက် ရပ်သွားကာ "ထွက်လာသင့်နေပြီလေ" ဟု ထပ်ပြောပြီး စိတ်ထဲတွင် ထူးဆန်းသွား၏။
စုကျစ်ထုံ၏ စကားအဆုံးတွင် စုချီနှင့် စုလုရီတို့လည်း ထွက်လာခဲ့ကြသည်။
စုလုရီ အိမ်ထဲမှ ထွက်လာစဉ်တွင် အင်္ကျီက ဖရိုဖရဲဖြစ်နေသော်လည်း ကြယ်သီး အပြည့် တပ်ထားပြီးပြီ ဖြစ်၏။
စုလုရီက စုချီ၏ အနောက်မှ ကပ်လိုက်ကာ စုကျစ်ထုံတို့၏ မျက်နှာကို အကဲခတ်လိုက်သည်။
ယုရှင်းရန်ကမူ အခြေအနေများကို ရိပ်မိသွားဟန် မရှိပေ။
"ငလျင်က အင်အား ၅၊ ၆ လောက်တော့ ရှိမယ် ထင်တယ်" ဟု ယုရှင်းရန်က ပြောလိုက်သဖြင့် စုကျန်းချန်က ဖုန်းထုတ်၍ သတင်းကို ကြည့်လိုက်ရာ "ယူနန် မြောက်ပိုင်းကို ဗဟိုပြုပြီး လှုပ်သွားတာ အင်အားက ၅.၈ ရှိတယ်တဲ့၊ အမေ" ဟု ဖတ်ပြလိုက်သည်။
"တော်သေးတာပေါ့။ ငလျင် အကြီးအကျယ် လှုပ်ပြီ ထင်နေတာ။ လန့်သွားတော့ ညအိပ်မပျော်မှာပဲ စိုးရတယ်" ဟု ယုရှင်းရန်က ပြောပြီး စုကျစ်ထုံကို လှမ်းကြည့်လိုက်ရာ စုကျစ်ထုံ၏ မျက်နှာက မှုန်ကုပ်နေသဖြင့် "ယောက်ျား၊ ရှင်ရော ငလျင်ကြောင့် လန့်သွားတာလား" ဟု မေးလိုက်သည်။
"ဟမ်...ဘာပြောလိုက်တာလဲ မိန်းမ"
စုကျစ်ထုံ၏ မျက်နှာ အမူအရာကြောင့် စုလုရီက ထိတ်လန့်လာကာ စုချီ၏ အနောက်သို့ တိုး၍ ပုန်းကွယ်နေလိုက်၏။
ထိုအခါ စုယွီက စုလုရီတို့ကို အကဲခတ်ပြီး "ညီငယ်လေး၊ အစ်ကို (၃) နဲ့ ဒီည အတူတူ အိပ်မလား" ဟု လှမ်းမေးလိုက်သည်။
"သူက ဘာလို့ မင်းနဲ့ အိပ်ရမှာလဲ" ဟု စုချီက ဝင်ဟန့်လိုက်သဖြင့် "ညပိုင်း ငလျင် ထပ်လှုပ်ရင် ကြောက်နေမှာစိုးလို့" ဟု စုယွီက ထပ်ပြောလိုက်သည်။
"မလိုပါဘူး။ မင်းကိုယ်မင်းပဲ အရင် ကာကွယ်လိုက်ပါဦး"
"..."
"ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးပဲနော် အစ်ကို (၃)" ဟု စုလုရီက ပြန်ပြောလိုက်သဖြင့် စုယွီက "ရပါတယ်ကွာ" ဟု စုလုရီ၏ ခေါင်းကို ပုတ်ကာ ပြန်ပြောလိုက်သည်။
ထိုအခါ ယုရှင်းရန်က မနာလို ဖြစ်ကာ "တို့အိမ်က အငယ်ဆုံးလေးက ကောင်းလိုက်တာ။ အစ်ကိုတွေက ဝိုင်းပြီး ဂရုစိုက်ကြတယ်။ လက်ထပ်ပြီးသား မိန်းမ တစ်ယောက်ထက်တောင် ပိုဂရုစိုက်ခံရသေး
တယ်" ဟု စုကျစ်ထုံကို ကြည့်ကာ ခပ်ရွဲ့ရွဲ့ ပြောလိုက်၏။
ယုရှင်းရန်၏ စကားကြောင့် စုကျစ်ထုံက အတွေးများကို ဘေးချကာ "ငလျင် ထပ်လှုပ်မယ်ဆိုရင် ကိုယ့်မိန်းမကို ကိုယ်က အပြည့်အဝ ကာကွယ်ပေးမှာပေါ့" ဟု ချော့မော့ ပြောဆိုလိုက်သည်။
...
ခြံဝင်းထဲတွင် ဆယ်မိနစ်ခန့် ရပ်နေကြပြီးနောက် အပြင်ဘက်တွင် အေးလာကာ အခြေအနေကလည်း ထပ်မဆိုးလာသဖြင့် စုကျစ်ထုံက အားလုံးကို အိမ်ထဲသို့ ပြန်ဝင်ရန် ပြောလိုက်၏။
စုလုရီက မိသားစု အနောက်မှ သူ့ကို သတိမထားမိအောင် လိုက်ဝင်ရင်း ဧည့်ခန်း အရောက်တွင် စုကျစ်ထုံက "သူဌေးတို့၊ အပေါ် ခဏလိုက်ခဲ့ကြဦး" ဟု ပြောလိုက်သဖြင့် ထိတ်လန့်သွားတော့သည်။
စုချီက နှစ်စက္ကန့်မျှ ငြိမ်သက်သွားပြီးနောက် "သားတို့ ပြီးရင် လိုက်ခဲ့မယ် အဖေ" ဟု ပြန်ပြောလိုက်
၏။
"ဘာလုပ်စရာ ရှိလို့လဲ" ဟု စုကျစ်ထုံက မျက်နှာထား တည်တည်ဖြင့် ထပ်မေးလိုက်ရာ "စုလုရီ ဒဏ်ရာရထားလို့ ဆေးထည့်ပေးမလို့" ဟု စုချီက ပြန်ဖြေလိုက်သည်။
"ဒဏ်ရာ ထပ်ရပြန်ပြီလား။ ဘယ်လိုဖြစ်ရတာလဲ သားငယ်လေးရယ်" ဟု စုကျစ်ထုံက အံ့ဩစွာဖြင့် လှမ်းမေးလိုက်၏။
ထိုအခါ စုလုရီ၏ သရုပ်ဆောင်စွမ်းရည်က အသက်ဝင်လာကာ "သား ရေချိုးတုန်းက ခလုတ်တိုက်မိသွားတာ ခြေထောက်မှာ ဒဏ်ရာရသွားလို့ ပါးပါး" ဟု မူရာမာယာ များကာ ပြန်ပြောလိုက်သည်။
စုချီက ဆေးသေတ္တာကို ထုတ်လိုက်ကာ "သား သူ့ကို ဆေးလိမ်းပေးလိုက်ဦးမယ်နော် အဖေ" ဟု ပြောပြီး ဆေးဘူးကို ထုတ်ယူလိုက်၏။
"အေး အေး။ သားငယ်လေးလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဦး။ အမြဲတမ်း ထိခိုက်နေတာပဲ" ဟု စုကျစ်ထုံက စိတ်မအေးသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ပါးပါး"
"ထားလိုက်ပါတော့။ ဆေးလိမ်းပြီးရင် ကိုယ့်အခန်းပဲ ကိုယ်ပြန်နားလိုက်ကြတော့။ အရေးတကြီး ပြောမလို့ မဟုတ်ပါဘူး" ဟု စုကျစ်ထုံက ပြောကာ စိတ်ထဲမှ "ငါ အတွေးလွန်နေတာ နေမှာပါ" ဟု တွေးလိုက်သည်။
ထိုအခါမှ စုလုရီက သက်ပြင်းချကာ "ဟုတ်ကဲ့၊ ပါးပါး။ ဆေးလိမ်းပြီးရင် သွားအိပ်လိုက်တော့မယ်နော်" ဟု ပြန်ပြောလိုက်သည်။
"အေး အေး"
"ကောင်းသောညပါ သားတို့" ဟု ယုရှင်းရန်က နှုတ်ဆက်ကာ စုကျစ်ထုံကို ခေါ်ပြီး အပေါ်သို့ တက်သွားတော့သည်။
စုကျစ်ထုံတို့ အပေါ်တက်သွားသောအခါ စုကျန်းချန်က လိုက်မသွားသေးဘဲ စုလုရီ၏ ဒဏ်ရာကို ကြည့်ဖို့ လုပ်နေရာ စုယွီက ထပ်မံဆွဲခေါ်သွားလိုက်ရပြန်သည်။
အားလုံး အပေါ်သို့ တက်သွားကြသောအခါ စုလုရီက စုချီ အနားသို့ ကပ်ကာ "အစ်ကိုကြီး၊ ဒီလိုမျိုးပဲ ဖြေရှင်းနေလို့ မရလောက်ဘူး ထင်တယ်။ အဖေက ဒီနေ့ ကျွန်တော်တို့ကို သံသယဝင်သွားတယ် ထင်တယ်" ဟု တိုတိုးလေး ကပ်ပြောလိုက်သည်။
"အဲ့လိုဆိုတော့လည်း ဘာဖြစ်လဲ။ အဖေက ငါတို့ကို လုံးဝ သဘောမတူဘဲ နေမှာတော့ မဟုတ်ပါဘူး" ဟု စုချီက ပြန်ပြောကာ ဂွမ်းစကို ဆေးတို့လိုက်၏။
ထို့နောက် ဂွမ်းစကို အမှိုက်ပုံးထဲသို့ ပစ်ကာ ဆေးသေတ္တာကို ပြန်ထည့်ပြီး "ငါတို့ ကောင်းကောင်းနေသရွေ့ အဆင်ပြေတယ်။ ကျန်တဲ့အပိုင်းကို ငါ့ကို အပ်ထားလိုက်။ မင်း စိုးရိမ်စရာ မလိုဘူး" ဟု ပြောလိုက်သည်။
"ဒါဆို ကျွန်တော်က ဘာလုပ်ပေးရမလဲ"
"မင်းက ငါ့ကို ကြိုက်ပဲ ကြိုက်နေလိုက်"
...
စုလုရီ၏ မျက်နှာက အခန်းထဲသို့ ပြန်ရောက်သည့်တိုင်အောင် နီနေခဲ့၏။
နှစ်ယောက်သား အခန်းထဲတွင် ခဏကြာအောင် ကြည့်ကြပြိီးနောက် နောက်ကျနေပြီ ဖြစ်သဖြင့် စုလုရီက "အစ်ကိုကြီး၊ အခန်းပြန်ပြီး မြန်မြန် သွားအိပ်တော့လေ" ဟု နှုတ်ဆက်လိုက်သည်။
"ငါ့ကို မောင်းထုတ်နေတာလား"
"မဟုတ်ပါဘူး။ အိပ်ချိန် ရောက်နေပြီ မို့လို့လေ"
"ညကျရင် ထပ်ဖြစ်မှာကို မင်း မကြောက်ဘူးလား"
"အရမ်း မကြောက်ပါဘူး"
"မင်း တကယ် မကြောက်ဘူးလား"
"တကယ် မကြောက်ဘူး"
ညအိပ်မီး၏ မှိန်ပြပြ အလင်းရောင်အောက်တွင် စုချီ၏ မျက်လုံးများက စိတ်ပျက်သွားသည့် အသွင် ဆောင်သွားသည်ကို စုလုရီက မြင်လိုက်ရသဖြင့် "နည်းနည်းတော့ ကြောက်တယ်" ဟု ပြန်ပြင်ကာပြောလိုက်သည်။
ထိုအခါ စုချီက ကျေနပ်သွားကာ "ဒါဆို ငါမင်းနဲ့ ဒီည အတူတူ နေပေးရမလား" ဟု စကားလမ်းကြောင်း စလိုက်၏။
"အင်း၊ အဲ့လိုလည်း ရပါတယ်" ဟု စုလုရီက ရှက်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
စုလုရီက အိပ်ယာပေါ်သို့ အရင်လှဲလိုက်ကာ မတ်တတ် ရပ်နေသော စုချီကို ကြည့်ပြီး တစ်အိပ်ယာထဲတွင် ဘယ်သူနှင့်မှ မအိပ်ဖူးသည့်အတွက် အနည်းငယ် ရှက်နေခဲ့သည်။
ထို့ကြောင့် စုချီကို စောင်အောက်မှ မျက်လုံးသာဖော်ကာ ကြည့်နေသဖြင့် စုချိီက "မင်း ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ" ဟု မေးလိုက်၏။
"ဘာမှ မဟုတ်ပါဘူး
အိပ်တော့လေ၊ အစ်ကိုကြီး"
စုချီက သူ၏ ရှည်လျားသော လက်ဖြင့် စောင်ကို လှန်ကာ အိပ်ယာပေါ်တွင် လှဲလိုက်သည်။
ထို့နောက် စုလုရီကို ဆွဲဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
တိတ်ဆိတ်နေသော ညအမှောင်တွင် ရင်ခုန်သံများက ကျယ်လောင်လာခဲ့သည်။
စုချီက စုလုရီ၏ နဖူးကို ဖွဖွလေး ငုံ့နမ်းလိုက်၏။
နှစ်ယောက်သား နမ်းနေဆဲတွင် ခါးကို ဖက်ထားသော စုချီ၏ လက်က တင်းကျပ်လာသဖြင့် ... "အသက်ရှူ ကြပ်လာပြီ၊ အစ်ကိုကြီး" ဟု စုလုရီက ထပြောလိုက်သည်။
ထို့ကြောင့် စုချီက ဖက်ထားသောလက်ကို ရုတ်လိုက်ကာ "ကောင်းသောညပါ" ဟု နှုတ်ဆက်ပြီး အိပ်လိုက်ကြတော့၏။
...
မနက်မိုးလင်းလာသောအခါ နေရောင်ခြည်၏ အလင်းက မှန်ပြတင်းတံခါးမှ တစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသဖြင့် စုလုရီက နိုးလာတော့သည်။
စုချီနှင့် ညက အတူ အိပ်ခဲ့သည်ကို သတိရသွားသောကြောင့် အိပ်မှုန်စုတ်ဖွားဖြင့် "အစ်ကိုကြီး" ဟုလှမ်းခေါ်လိုက်သည်။
သို့သော် စုချီက ပြန်မထူးသဖြင့် စုချီ၏ ဗိုက်ကို ကိုင်၍ နှိုးမည် အလုပ်တွင် စုလုရီက အေးစက်တောင့်တင်းသွားတော့သည်။
စုလုရီက မကိုင်သင့်သော အရာကို စမ်းမိသွားသဖြင့် မျက်လုံးများပင် ကျယ်လာတော့၏။
...…….................................
.........................................
အပိုင်း (၇၀) ပြီးပါပြီ။