Chapter 15

7K 851 1
                                    

CHAPTER 15
- သူဌေးကဝယ်တိုက်တာ -


ရေစိုနေတဲ့ ဆံပင်တွေက စုချီရဲ့နဖူးမှာ လာကပ်ပြီး မျက်လုံးတွေကို ကွယ်ကုန်၏။
ရေစီးကြောင်းတွေ ထင်နေကာ သူ့မျက်ဝန်းတွေက မဲနက်ပြီး ရှုပ်ထွေးနေသည်။

စက္ကန့်အတွင်းမှာ၊ စုလုရီ သူ့ကိုယ်သူ ဘောလုံးလေးလိုကွေးကာ ဖက်ထားလိုက်ချင်သည်။

သူ သတိထားပြီး ခြေနင်းလိုက်ကာ "ဟို...အ...အကိုကြီး အရင်ချိုးလိုက်မလား"

နေရာကျဥ်းကျဥ်းလေးထဲမှာမို့ ရေကထွက်တဲ့ရေငွေ့အေးအေးတွေက စုချီရဲ့ ကိုယ်ပေါ်ကို
ရစ်ဝဲနေခဲ့၏။ စုဟွမ့်ရီ အဲ့နားမှာတင် ရေခဲတုံးလေးဖြစ်သွားတော့မလို ခံစားနေရသည်။

သူ နှာတစ်ချက် ထပ်ရှုံ့လိုက်ပြီး မျက်ရည်ဝဲတဲ့မျက်ဝန်းတွေနဲ့ ... "ဒါမှမဟုတ် အတူတူချိုးကြမလား"

"ဟ" ရွဲ့တဲ့တဲ့ အသံတိုးဖွဖွက သူ့ နှုတ်ခမ်းပါးပါးကနေထွက်ကျလာခဲ့သည်။

စုလုရီ ကြက်တစ်ကောင်လို ချက်ချင်း နှုတ်ဆိတ်လိုက်၏။

ခဏကြာတော့ ရေတွေက လက်တစ်စုံရဲ့တားဆီးတာ ခံလိုက်ရပြီး ရေချိုးခန်းထဲမှာရှိတဲ့ လေထုက အနည်းငယ်နွေးထွေးလာခဲ့သည်။
"မင်းချိုးလိုက်"

စုချီက နောက်ဆုံးမှာတော့ စုကျန်းချန်ရဲ့ ရေချိုးခန်းမှာပဲ သွားချိုးခဲ့သည်။ လူသား အဆန်ဆုံး အပြုအမူအနေနဲ့ နောက်ဆုံး သူမသွားခင် နောက်ထပ် ပြဿနာ မဖြစ်အောင် စုလုရီကို ရေနွေး ဖွင့်ပေးခဲ့သေးသည်။

စုလုရီက ထွက်သွားတဲ့ စုချီကို ကြည့်နေမိသည်။ ရေစိုနေတဲ့ အင်္ကျီက အသားမှာ ကပ်နေပြီး
သူ့ ခါးသွယ်သွယ်နဲ့အတူ ကြွက်သား အမြှောင်းလိုက်ကိုပါ လှစ်ဟပြနေသည်၊ တောင့်တင်းပြီး
အားကိုးစရာ ...

အဲ့အချိန်မှာပဲ အဲ့ခါးအားနဲ့ သူ့ကို ပင်လယ်ထဲ လွှတ်ပစ်လို့ရတယ်ဆိုတာ ခံစားမိလိုက်သည်။

သူ ရေချိုးပြီး အပြင်ထွက်လာတော့ အခန်းက တိတ်ဆိတ်နေသည်။

စုလုရီရဲ့ ခေါင်းမှာ ရေစက်တွေက ကျနေတုန်းပဲ။ ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိပေမယ့် ထိုလူရဲ့အိပ်ခန်းတံခါးက တစ်ဝက်ပွင့်နေတာမို့ ရေချိုးပြီးပြန်ရောက်နေပြီဆိုတာ သိလိုက်သည်။

သူ တံခါးကနေ ဝင်မသွားခင် နှစ်စက္ကန့်လောက် တွေဝေနေမိသေးသည်။

စုချီက တံခါးကို နောက်ကျောပေးပြီး ကုတင်စွန့်မှာထိုင်နေ၏။ သူ့ရဲ့ပုခုံးတွေက ကျယ်ပြန့်ပြီး ခါးကတော့ သေးသွယ်သည်၊ ရှည်လျား သန်မာတဲ့ ခြေထောက်ကလည်း ရေချိုးဝတ်စုံ အောက်ကနေထွက်နေသေးသည်။ သူ အသံကြား၍ လှည့်ကြည့်တော့ အပေါက်ဝမှာ စုလုရီ ရပ်နေတာကို တွေ့လိုက်ရသည်။

စုလုရီက ခေါင်းလေးဝင်ကာ ခေါ်လိုက်၏။
"အစ်ကိုကြီး"

စုချီက သူ့ကို ထွက်သွားဖို့ မနှင်ထုတ်တာမို့ သူအတင့်ရဲစွာပင် ကုတင်နဲ့ မျက်နှာချင်းဆိုင်က
ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

"ကျွန်တော် နှိပ်တုန်းက ဘာရေမှ မထွက်ဘူးရယ်။ အစ်ကိုကြီးကို ဒုက္ခ ရောက်စေဖို့ မရည်ရွယ်ပါဘူး"

စုချီက "ဒုက္ခ" ဆိုတဲ့ စကားကို ကြားတော့ လှောင်လိုက်ချင်သည်။
"အဲ့တာ မိန်းခလုတ်ကို အစက နှိပ်မထားလို့လေ"

စုလုရီက လျင်မြန်စွာပဲ လက်ခုပ် ထတီးကာ ချီးကျူးလိုက်သည်။
"ဪ အဲ့လိုကိုး၊ အစ်ကိုကြီးက ဥာဏ်ကောင်းလိုက်တာ"

စုချီတစ်ယောက် သည်အူမြူးနေတဲ့ မျက်နှာကို မမြင်ချင်တော့ပါ။ သူ အကြည့်တွေ ရွှေ့လိုက်တော့ ရေစက်တွေ ကျနေတဲ့ ဆံပင်ကို တွေ့လိုက်ရတယ်။ နှစ်စက္ကန့်လောက် ကြာတော့ သဘက်ကို ပစ်ပေးလိုက်ပြီး ...
"ဒါ မင်း ရောဂါကို တိုက်ထုတ်တဲ့ နည်းလား။ အဆိပ်ကို အဆိပ်နဲ့ ချေတာပေါ့"

စုလုရီက သူ့ လက်တွေကို မြှောက်လိုက်ရင်း ခေါင်းက ရေတွေကို သုတ်လိုက်သည်။ ကြီးမားတဲ့ အင်္ကျီလက်ဝက လျှောကျသွားပြီး ကြီးမားတဲ့ ဒဏ်ရာပေါ်လာခဲ့သည်။

စုချီက အနားကပ်ကာ ဖိကြည့်သည်။ မသိရင် ဂျုံနယ်နေသလိုပင်။ "အကြာကြီးနေတာတောင်
မသက်သာသေးဘူးလား"

"အ...နာတယ်" စုလုရီက ညည်းတွားလိုက်ပြီး သူ့လက်ကို ပြန်ရုပ်လိုက်သည်။ စုချီ စိတ်မဆိုးတော့တာကို သတိထားမိပြီး သူက သူ့ ဒဏ်ရာနဲ့ မိတ်ဆက်ပေးလိုက်သည်။ "ဒါ သူငယ်ချင်း အသစ်လေ"

စုချီရဲ့ နှုတ်ခမ်းအစွန်းတွေ လှုပ်ရှားသွားသည်။

စုလုရီက သူ့ ဆံပင်တွေ ခြောက်ပြီဆိုမှ စုချီ အခန်းကနေ ပြန်သွားခဲ့သည်။ သူ သိလာလေလေ သူ့ အစ်ကိုကြီးက သည်းခံခြင်းတရား မြင့်မားတယ်ဆိုတာ သိလာလေလေပင်။ ရေတွေ စိုရွဲအောင် လုပ်တာတောင် သူ့ကို ပင်လယ်ထဲ လွှင့်မပစ်ဘူးလေ။

သူ ဖျားနေလို့ သည်းခံတာနေမှာပါ။

ဒါမှမဟုတ် စုကျစ်ထုံရဲ့မျက်နှာကို ထောက်နေလို့လည်း ဖြစ်နိုင်တာပဲ။ သူက စုကျစ်ထုံကို
ထီးသွားမိုးပေးလို့ ဖျားရတာလေ။ ဒါပေါ့ လူကောင်းတွေကို တူသော အကျိုးပေးတာပေါ့။

...............................................................................

စုလုရီက အာရုံဦးအထိ အိပ်ခဲ့ပြီး အရည်ပျော်ကျတဲ့အထိကို မထပါ။
သူ စုချီကို ဧည့်ခန်းထဲမှာ တွေ့လိုက်၍ အိပ်ယာကနေ ထလာခဲ့သည်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ နှုတ်ဆက်လိုက်သည်။
"မောနင်း၊ အစ်ကိုကြီး"

မနက်ခင်းရဲ့အလင်းရောင်အောက်မှာ သူ့ဆံပင်လေးတွေက ခဏခဏ လှုပ်ရှားနေတာကို စုချီ နှစ်စက္ကန့်လောက် စိုက်ကြည့်လိုက်ပြီးမှ "အကုန် မနက်စာစာပြီးကြပြီ၊ မင်း စားချင်တာရှိရင် ဆားဗစ်ကိုဖုန်းဆက်လိုက်"

"ကျေးဇူးပါ အစ်ကိုကြီး"

မနက်စာ စားပြီးတော့ စုလုရီ မနေ့က သူ စုကျန်းချန်နဲ့ လေ့ကျင်းခန်းလုပ်ဖို့ ချိန်းထားတာကို သတိရလိုက်သည်။ သူ ပေါ့ပေါ့ပါးပါး အဝတ်စားလဲကာ အပြင်ထွက်ဖို့ ပြင်ဆင်လိုက်၏။
"အစ်ကိုကြီး၊ ကျွန်တော် ဒုတိယ အစ်ကိုကြီးနဲ လေ့ကျင့်ခန်း သွားလုပ်မလို့ လိုက်ဦးမလား"

"တော်ပြီ" စုချီက ကွန်ပျူတာကနေတောင် မော့ကြည့်မလာပေ။

စုလုရီကတော့ ကိစ္စမရှိ။
"ရပါတယ်။ ကျွန်တော် အစ်ကိုကြီးကို နှလုံးသားထဲထည့်ခေါ်သွားမယ်"

စုချီ : "ငါ အကန်း မဟုတ်ပါဘူး၊ မလိုဘူး"

"... ..."

နမ်ဂန်းရဲ့မနက်ခင်း အပူချိန်က ၂၀ ဒီဂရီ အထက်တောင် ရောက်နေပြီ။

ပြန်လည်ထူထောင်ရေး နေရာကတော့ အပြင်နဲ့အတွင်း နှစ်ဖက်ခွဲထားသည်။ စုကျန်းချန်က နမ်ဂန်း ရောက်မှတော့ နေရောင်ခြည်များများ ခံယူရမည်ဆိုလို့ စုလုရီက ချက်ချင်းပဲ အပြင်မှာ လေ့ကျင့်ခန်းလုပ်ဖို့ ပြောလိုက်သည်။

စုကျန်းချန်ရဲ့အကြည့်တွေက "ကောင်းသားပဲ" လို့ပြောနေသည်။

စုကျန်းချန်ရဲ့လမ်းပြမှုနဲ့ စုလုရီက လက်မောင်းလေ့ကျင့်ခန်းလုပ်တဲ့ စက်ဆီသို့ တတ်လိုက်သည်။
သူ ဒါမျိုး ပထမဆုံး လုပ်ဖူးတာမလို့ စုကျမ်းချန်က အောက်ပိုင်း ငြိမ်ငြိမ်ထားရန် ပြောပြသည်။
"စက်ကို ဆွဲပြီး လှေလှော်တဲ့ပုံစံ လုပ်ရမယ်။ အချက်ကျသွားပြီဆိုမှ ခြေထောက် အကြောလျှော့
တာပါ ထပ်ပေါင်းမယ်"

စုလုရီက ကြောင်တောင်တောင်နဲ့ ပြန်ကြည့်ကာ ... "ဒါပေမယ့် အစ်ကိုကြီး လှေလှော်တဲ့ပုံ လုပ်နေတုန်း ခြေထောက်က ဘယ်လိုလုပ် လှုပ်လို့ရမှာလဲ"

စုကျန်းချန်က ကိုယ်ကိုကိုင်းကာ မင်း အဲ့မှာ အားပိုထည့်လေ ဆိုတဲ့ ပုံစံနဲ့ သူ့ ခြေထောက်ကို
မေးငေါ့ ပြလာသည်။ "မင်း စိတ်ထဲမှာ နဂါးလှေပြိုင်တဲ့သူတွေက အောက်ပိုင်း မလှုပ်ဘူး
ထင်နေတာလား။ မဟုတ်ဘူးနော်၊ တကယ်တမ်း သူတို့က တစ်ကိုယ်လုံးက အားတွေ စိုက်ထားတာ
နားလည်လား"

စုလုရီက နဂါးလှေလှော် ပြိုင်ပွဲကို စိတ်ထဲမြင်ယောင်ကာ သူ့ ဖင်ကို ရှေ့တိုးနောက်ဆုတ်လုပ်လိုက်သည်။ "ဒီလိုလား"

စုကျန်းချန် သူ့ ခြေထောက်ကို ထိုးပြနေတာကို မမြင်တော့ သူ့ လက်ချောင်းတွေက ပေါင်ကို လာထိုးခဲ့သည်။
အသားထဲ လက်ထိုးလာတာကြောင့် စုလုရီတစ်ယောက် လန့်ဖြန့်သွား၏။ ရယ်ကြော ထိမိသွားသလို သူက ထရယ်လိုက်မိသည်။

စုကျန်းချန် "... .."

သူ ရှေ့တွေ နောက်တွေ ယိမ်းပြီး တခိခိနဲ့ အူတတ်နေတဲ့ ကောင်လေးကို ကြည့်နေလိုက်သည်။
သူ ခုနက လက်ဖျားလေးနဲ့ ထိုးလိုက်တဲ့ အသားက သူ့အသားနဲ့ မတူစွာ အရမ်းနူးညံ့လွန်းနေသည်။
သူက လေ့ကျင့်ခန်းကို နှစ်ပေါင်းများစွာ လုပ်လာတဲ့သူဆိုတော့ သူ့ ခြေထောက် ကြွက်သားတွေက
တောင့်တင်းကာ မာကြောနေသည်။ "မင်းမှာ ဘာကြွက်သားမှ မရှိဘူးလား"

စုလုရီက အင်္ကျီလက်ရှည် ဘောင်းဘီ လက်ရှည်ဝတ်ထားသည်။ အဲ့တာကြောင့် သူ့အင်္ကျီ အစကိုလှန်ပြလို့ပဲရတာမို့ သူ့ ဗိုက်ဖြူဖြူလေးကို လှန်ပြလိုက်သည်။ "ဒီမှာ ဗိုက်ကြွက်သား"

အသားဖြူဖြူလေးကြောင့် စုကျန်းချန်ရဲ့မျက်လုံးတွေတောင် ကျိန်းသွားရသည်။ ပြီးတော့
သူ ကြွက်သားရေးရေးကို ကြည့်လိုက်သည်။ "ငပျော့လေး"

စုလုရီ "..."

စုလုရီကို နည်းပြ ပြီးတာနဲ့ စုကျန်းချန်က သူ့လေ့ကျင့်ခန်းကို သွားလုပ်သည်။ စုလုရီ တော်တော်ကြာကြာ လှေလှော်ပြီး ခဏနားနေလိုက်သည်။ သူခေါင်းကို လှည့်လိုက်တော့ သံတန်း နှစ်တန်းကို သွားတွေ့လိုက်သည်။

ရင်းနှီးနေတယ် ခံစားမိတာကြောင့် သူမျက်ခုံးတွေကို တွန့်ချိုးလိုက်မိသည်။

"ဒုတိယ အစ်ကိုကြီး၊ ဒါ ဘာလုပ်တဲ့ဟာတွေလဲ"

စုကျန်းချန်က သူ လက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ပြီး "ခြေထောက် ကျိုးထားတဲ့
သူတွေ ပြန်လည်ထူထောင်ဖို့ လုပ်တဲ့ဟာ"

စုလုရီ "... ..."

သူ တိတ်တိတ်လေး လက်ကိုပြန်ရုတ်လိုက်သည်။

သူ ရင်းနှီးနေတာ မဆန်းပါဘူး။ မူလ ခန္ဓာကိုယ်ပိုင်ရှင် ခြေထောက်ကျိုးတုန်းက သည်စက်မှာ သူ့ကို အကြာကြီး အဖော်ပြုပေးခဲ့မှာပဲ။

နေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းပေါ် ရောက်လာခဲ့သည်။ စုလုရီက စုကျန်းချန်ရဲ့ နဖူးပေါ်က
ချွေးစ ပါးပါးကို မြင်တော့ "ဒုတိယ အစ်ကိုကြီး၊ ကျွန်တော် အထဲမှာ ခဏသွားထိုင်ချင်တယ်"

"ရွံစရာကြီး" စုကျန်းချန် လက်ကိုင်ကွင်းကို လွှတ်ကာ မြေပေါ်ပြန်ဆင်းလိုက်သည်။ "သွားမယ်"

စုလုရီက လမ်းကို ဦးဆောင်သွားလိုက်သည်။ "မနေ့က ဘား တွေ့မိလား။ ဒုတိယ အစ်ကိုကြီးကို
ကျွန်တော် ဝယ်တိုက်မယ်"

စုကျန်းချန်ကတော့ ဘွင်းဘွင်းပဲ "မင်း တိုက်မှာလား၊ မင်းကို အဖေက ပိုက်ဆံပေးတာဆိုတော့
အဖေ ဝယ်တိုက်တာပေါ့"

စုလုရီက နွေးနွေးထွေးထွေး ပြုံးပြကာ "အကြံကတော့ ကျွန်တော့် အကြံလေ" လို့ ပြန်ပြောလိုက်၏။

စုကျန်းချန် ဘာမှပြန်မပက်နိုင်တာကြောင့် သူ့နောက်ကသာ လိုက်လာခဲ့တော့သည်။

ဘားက ရေကူးကန်ဘေးက ဖျော်ဖြေရေးဘက် အခြမ်းမှာ ရှိသည်။ အပြင်အဆင်က အရမ်းမိုက်တာကြောင့် ပိုင်ရှင် ကိုယ်တိုင်ကလည်း ပျော်စရာဘယ်လိုဖန်တီးရမလဲ သိတဲ့ပုံပဲ။ အဝင်ဝမှာတော့
"NY" ဆိုတဲ့ စာလုံးကို ပန်းပွင့်တွေနဲ့ ရေးထားသည်။ သည်ဆိုင်ရဲ့အမည်ဖြစ်နိုင်၏။

စုဟွမ်ရီတို့ အထဲကို ဝင်သွားတော့ အထဲမှာတိတ်ဆိတ်နေတာကို မြင်လိုက်ရသည်။ သူက အခန်းထဲမှာပဲ ရှိနေမယ့် စုချီကို သတိရကာ အတူတူသောက်ဖို့ ဖုန်းလှမ်းဆက်လိုက်သည်။

ဖုန်းက ခဏမြည်နေပေမယ့် ဘယ်သူမှ မကိုင်ပါ။ စုကျန်းချန်က "အစ်ကိုကြီး အလုပ်လုပ်နေလို့
မကြားတာဖြစ်မယ်။ မင်း ထိုင်နှင့်၊ ငါ အစ်ကိုကြီးကို သွားခေါ်လိုက်မယ်"

စုလုရီက သံသယ မကင်းစွာဖြင့် "ဒုတိယ အစ်ကိုကြီး၊ ထွက်ပြေးမလို့တော့ မဟုတ်ဘူး မလား"

စုကျန်းချန်က သူ သံသယ မကင်း ဖြစ်နေတာကို မြင်ပြီး "မင်းကိုသာ ကန်ထုတ်ချင်ရင် ငါ အကြောင်းရင်းတွေ ရှာနေစရာ လိုမယ်များ ထင်နေလား"

စုလုရီ သူ့ ဒုတိယ အစ်ကိုရဲ့ ဒုတ်ထိုးအိုးပေါက်အပြောကို တစ်ချက်စဥ်းစားကြည့်တော့ သူပြောတာလည်း ဟုတ်တာပင်။

နေ့လည် ရောက်ခါနီးပြီဆိုတော့ ဘားထဲမှာ လူသိပ်မကျနေ။ စုလုရီက စုကျန်းချန် ထွက်သွားတာနဲ့ နည်းနည်းလင်းတဲ့ ခုံမှာ ဝင်ထိုင်နေလိုက်သည်။

အဖျော်သမားက ဘား အနောက်မှာ ရပ်နေသည်။ သူက အဖြူရောင် အပေါ်ထပ်နဲ့ အဖြူရောင်ရှပ်ကိုဝတ်ထားကာ သောက်စရာကို လှုပ်ရမ်းဖျော်နေသည်။ သူ့ နောက်မှာတော့ ဖန်ခွက်ရှည်တွေ၊ အလင်းပြန်နေတဲ့ လင်းပိုင် မှန်တစ်ချပ် ရှိသည်။

လွန်ခဲ့တဲ့ ရက်တွေတုန်းက စုလုရီ နာလန်ထူနေရတာမို့ 'ခွန်' ဝိုင်ကိစ္စကို စွင်းဟဲ့ယွီတို့၊ ကျိုးချင်းချန်တို့နဲ့လွှဲထားရသည်။

အခု သူ သက်သာလာပြီဆိုတော့ သူ့ စီးပွားကိုဘယ်လို ချဲ့ထွင်ရမလဲဆိုတာ သူ စတင်တွေးတော
ရတော့သည်။ သူ့ရှေ့က အဖျော်စရာကတော့ ကောက်တေး လုပ်တာ ပြီးဆုံးသွားပြီဖြစ်၍ ဝိတ်တာ လာယူနိုင်ရန် ချပေးထားလိုက်သည်။ စုလုရီ‌က သူ နောက်တစ်ခွက်လုပ်ဖို့ ပြင်နေတာ မြင်တာနဲ့
မနေနိုင်တော့ပဲ အနားကပ်သွားလိုက်သည်။

အဖျော်ဆရာက ပြုံးပြလာပြီး ဝိုင်တွေကို တစ်ခွက်ချင်းစီ ဖြည့်ကာ "ဧည့်သည် သဘောကျရဲ့လား"

"ကြည့်ရတာ ပျော်ဖို့ကောင်းပါတယ်" သူ့ကို ချီးကျုးပြီးတဲ့နောက် "တစ်ခွက်စီတိုင်းမှာ ပါဝင်ပစ္စည်းအတိအကျရှိရတာလား၊ အစားထိုးလို့ မရဘူးလား" လို့ မေးလိုက်၏။

"ပါဝင်ပစ္စည်းနဲ့ ဝိုင်အမျိုးမျိုးကို ရောမယ် ဆိုရင်တော့ အရသာက ထူးခြားပါတယ်၊ အရသာ တစ်ခု
ပြောင်းရင်တောင် တစ်ခုလုံးကို သက်ရောက်နိုင်တယ်"

စုလုရီက ထပ်မေးလိုက်၏။ "ဒါဆို ဒီကောက်တေးက ဒီဝိုင်နဲ့ပဲ စပ်မှရမယ်၊ အဲ့လိုလား"

"အဲ့လို ပြောလို့ရပါတယ်"

စုလုရီရဲ့ ထောင်နေတဲ့ ဆံပင်မွှေးလေးတွေ လှုပ်ရမ်းသွားခဲ့သည်။

သူတို့နှစ်ယောက် စကားပြောကောင်းနေတုန်း ဝိတ်တာ တစ်ယောက်က ဘား အနောက်ထဲကို ဝင်လာပြီး အဖျော်သမား အနားကပ်ကာ တစ်စုံတစ်ခုကိုကပ်ပြောလိုက်တယ်။ အဖျော်သမားက အေးခဲသွားပြီး စုလုရီကို အနည်းငယ် အံ့သြပုံနဲ့ ကြည့်လာပြီးတော့မှ မျက်နှာပြင်လိုက်သည်။

ဝိတ်တာ ထွက်သွားပြီးတဲ့နောက် အဖျော်သမားက သူ့နောက်က ဝိုင်ဘီဒိုကနေ ပုလင်းတစ်လုံး ဆွဲထုတ်လိုက်သည်။ "စျေးကြီး" တယ်ဆိုတာကို တစ်ပြင်လုံး‌ရေးထားပြီး အမိုက်စား ထုပ်ပိုးထားတာကို စုလုရီ မြင်လိုက်တော့ သူ ပါးစပ်ပိတ်ကာ နောက်ဆုတ်နေလိုက်သည်။

အဖျော်ဆရာ ဖျော်နေတုန်း နှောင့်ယှက်မိလို့ မှားဖျော်မိရင် နှမြောစရာကြီးလေ၊ စျေးကြီးကကြီးနဲ့။

အဖျော်ဆရာက အမျိုးစုံသော ဝိုင်တွေ၊ ပါဝင် ပစ္စည်းတွေကို မတ်ခွက်တစ်ခုထဲ ထည့်ကာ လက်နဲ့ ရှိတ်လိုက်ပြီး ဖန်ခွက်ထဲသို့ စကာနဲ့ စစ်ချရင်း နောက်ဆုံးမှာ အလှဆင်လိုက်သည်။

စုလုရီက အဝေးကနေ အထင်တွေ ကြီးနေတုန်းမှာပဲ ဖန်ခွက်က သူ့ရှေ့ရောက်လာခဲ့သည်။
"ကျွန်တော်တို့က တန်ဖိုးရှိတဲ့ ဧည့်သည်တို့နဲ့ ဆက်ဆံရေးကို အလွန်တန်ဖိုးထားပါတယ်။ ဒါက ကျွန်တော်တို့ သူဌေး ဝယ်တိုက်တာပါ"

စုလုရီရဲ့ထောင်နေတဲ့ ဆံပင်မွှေးလေးက " ? " ပုံစံလို ကွေးသွားတော့ မလိုပဲ။

ငါ ဘယ်တုန်းက တန်ဖိုးရှိတဲ့ ဧည့်သည် ဖြစ်သွားရတာတုန်း။

သူ သည်အဖြစ်နဲ့ အလားတူ အဖြစ်ပျက်မျိုးကို ခံစားမိလိုက်ကာ "မင်း သူဌေးနာမည် ဘယ်သူလဲ
မေးလို့ရမလား"

အဖျော်ဆရာက တောင်းပန်စွာဖြင့် "ကျွန်တော်က ဘားကိုပဲ တာဝန်ယူရတာမလို့ ကျွန်တော်လည်း မသိပါဘူး"
"အခု ချက်ချင်းသောက်မှ အရသာက အကောင်းဆုံးဖြစ်မှာပါ။ အပူချိန်ကြောင့် အရသာ ပျက်တတ်လို့ပါ" ဟု တစ်ဆက်တည်း အကြံပြုလာ၏။

စုလုရီ အကျဥ်းကျပ်ထဲ‌ ရောက်နေသည်။

သူ ငြင်းဆန်ဖို့ဦးနှောက်ကို အလုပ်ပေးနေတုန်းမှာပဲ ဘား အဝင်ဝက လှုပ်ရှားမှုကို တွေ့လိုက်ရသည်။

စုလုရီ လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည် လူရိပ်နှစ်ခုက အပေါက်ကနေ ဝင်လာခဲ့သည်။ ဘားထဲက မီးက မှိန်တာကြောင့် အပြင်ဖက်က အလင်းရောင်မှာ တံခါးဖက်ကနေ ဖျာကျနေသည်က ထိုလူနှစ်ယောက်ရဲ့အရိပ်ကို ပြည့်စုံစွာ အနားသတ်ပေးနေ၏။

ဘား အနားမှာရှိတဲ့ နိုင်ငံခြားသားတွေကလည်း ထိုလူနှစ်ယောက်ကို လှမ်းကြည့်နေကြသည်။ စုချီနဲ့ စုကျန်းချန်တို့ ထိုင်ခုံမှာ နေရာယူထိုင်လိုက်မှသာ အကြည့်လွှဲသွားကြ၏။

စုချီက စားပွဲပေါ်က ခွက်ကို လှမ်းကြည့်ကာ "မင်းသောက်လိုက်ပြီလား" လို့ မေးလာသည်။

စုကျန်းချန်လည်း ထိုခွက်ကို လှမ်းကြည့်လိုက်သည်။ ညီအစ်ကိုနှစ်ယောက်က သူ့ကို နှစ်ဖက်ညှပ်ထိုင်နေတာမို့ စုလုရီ စိတ်ဖိစီးမှု ပိုများလာသည်။

သူက အဖျော်ဆရာကို ကြည့်ပြီး သူ့ နှာခေါင်းထိပ်ကို ထိကာ "ဘားက တိုက်တာပါ"

စုချီက မျက်ခုံးပင့်လိုက်ပြီး စုလုရီ၏ အကြည့်ရှိရာ ဘားနောက်က အဖျော်ဆရာကို လှမ်းကြည့်လိုက်သည်။

ထိုသူမှာ ဘာလို့မှန်းမသိ ခံစားချက် မကောင်းတာကြောင့် အသက်ကို ဖြေးဖြေးချင်း ရှူလိုက်ပြီး ရှင်းပြလိုက်သည်။ "သူဌေးနဲ့ ဒီဧည့်သည်က တော်တော်ခင်ကြလို့ပါ"

စုကျန်းချန်က မျက်မှောင်ကြုတ်ကာ စုလုရီကို မေးလိုက်၏ "မင်း သူဌေးနဲ့ စကားပြောတယ်လား"

စုလုရီက မြန်မြန်ပဲ ငြင်းလိုက်သည် "တွေ့တောင် မတွေ့ဖူးပါဘူး"

စုကျန်းချန်က မျက်မှောင် ပိုကြုတ်သွားသည်။

သူ တစ်ခုခုပြောမလို့ပေမယ့် ရုတ်တရက် စုချီက ကဒ်ကို ထုတ်ကာ ဘားပေါ်တင်လိုက်သည်။ သူ့ အမူအရာက ပုံမှန်ပဲ "မင်းတို့ သူဌေးရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူ အအေးမိ
နေလို့ သောက်လို့မရဘူး။ ကိုယ် ရှင်းလိုက်မယ်"

စုချီရဲ့လေသံက အေးဆေးနေပေမယ့် သူ့ အမူရာတွေကတော့ သာလွန်တဲ့ အင်အားတွေကို ထုတ်ပြနေသည်။ အဖျော်ဆရာက ခဏတော့ တွန့်ဆုတ်နေပေမယ့် ငွေရှင်းပေးလိုက်သည်။

စုလုရီက စိတ်လှုပ်ရှားစွာ လက်ချောင်းတွေကို ပွတ်လိုက်သည်။ မဟုတ်သေးဘူး...သည်လို မဖြစ်ဘူးလေ။ သူ့ကို ဝယ်တိုက်ဖို့ စုချီကို ခေါ်တာမှ မဟုတ်တာ။

သူ ရောက်လာလာချင်း ဘယ်လိုလုပ် ငွေရှင်းခိုင်းလိုက်ပါလိမ့်။ သူက လှေနံနှစ်ဖက်နင်းတဲ့ သိုက်တူးသမားများလား။

သူတို့ သုံးယောက် ငွေရှင်းပြီးတာနဲ့ တိတ်ဆိတ်တဲ့ခုံကို ရွေးခဲ့ကြ၏။ စုလုရီ ပြန်အဖတ်ဆယ်ချင်ပါသေးသည်။ "ကျွန်တော် တိုက်ပါ့မယ်။ အစ်ကိုကြီးတို့ ဘာသောက်မလဲ"

စုချီကတော့ ဆိုဖာမှာ မှီလိုက်သည်။ သူလည်း စုကျန်းချန်နဲ့ မခြားနားစွာ "အဖေ ပေးတဲ့ ပိုက်ဆံတွေနဲ့ ငါတို့ကို ပြန်တိုက်မယ်ပေါ့"

စုဟွမ့်ရီက 'ခွန်း' ဝိုင်ကို စဥ်းစားလိုက်ကာ "ကျွန်တော် ပိုက်ဆံရှာနိုင်တဲ့ အခါကျရင် အစ်ကိုတို့ကို ထပ်ဖိတ်ပါ့မယ်"

"ကြိုက်သလိုသာလုပ်" လို့ စုချီက ပြောလိုက်သည်။

စုကျန်းချန်က သူ့ကို စိုက်ကြည့်လိုက်ပြီး "ငါ့ကိုပြောတော့ ဒီလို မဟုတ်ပါဘူး"

စုလုရီက သူ့ကို ဖွဖွပုတ်လိုက်ပြီး "ပုံသေ မတွက်နဲ့လေ"

"......"

သူတို့ ဘားကနေ ထွက်လာပြီးတော့ မိသားစုတွေ နေ့လည်စာ စားဖို့ စုကြသည်။ စုကျစ်ထုံနဲ့ ယုရှင်းရန်က နေ့လည်စာ စားဖို့ စီစဥ်ခဲ့သည်။ စုကျန်းချန်ကတော့ မနက်က လေ့ကျင့်ခန်း လုပ်ထားတာကြောင့် အခန်းပြန် ရေချိုးပြီး စုချီကတော့ ဗီဒီယိုအစည်းဝေးရှိသည်လေ။

စုလုရီကမူ သူ့ကို ဘယ်သူမှ အာရုံမရှိတုန်း အပန်းဖြေစခန်းကို လာရကျိုးနပ်အောင် ကိုယ်ပိုင်ကမ်းခြေသို့ ခိုးထွက်ခဲ့သည်။

သူ ဖျားနေတာကြောင့် ကမ်းခြေကို မသွားဖို့ မှာထားကြပေမယ့်လည်း အခုက လေမှ အရမ်းမတိုက်တာ။ သူ ပင်လယ်နားကို သွားပြီး တစ်ယောက်ထဲ အပန်းဖြေချင်ရုံပါ။

ပြီးတော့ တတိယ အစ်ကိုကြီး လာတော့မှာလေ။ ပင်ပန်းရမယ့် အချိန်တွေ လာတော့မှာ။

ကိုယ်ပိုင် ကမ်းခြေဖက်က ရေတွေက လုံးဝ အပြာရင့်ရောင် ထနေသည်၊ သဲနုနုလေးတွေကိုလည်းလှိုင်းထတဲ့ အမြှုပ် ဖြူဖြူလေးတွေက တိုက်စားနေသည်။ နေရောင် ဟပ်ပြီး ရွှေရောင်ထနေတဲ့ ကျောက်တန်း အဖြူအကြီးကြီးကိုတောင် မြင်နေရသည်။

စုလုရီ အဝေးကြီးတော့ မသွားရဲတာမို့ လမ်းမကြီးရဲ့ကမ်းခြေအဆုံးက နေရောင်အောက်မှာပဲ ထိုင်နေလိုက်သည်။ အဲ့တာမှ ဘယ်ချိန်မဆို ထပြန်လို့ရမှာ။

ပင်လယ်ရေငံရဲ့ လေညှင်းက သူ့ မျက်ကို ရိုက်ခတ်သွားပြီး ပင်လယ်လှိုင်းတွေရဲ့ရနံ့ကို သယ်ဆောင်လာပေး၏။

စုလုရီ၏ မျက်လုံးက ကြောင်ပေါက်လေးလို့ နေထိုးတာကို ကျုံ့ကြည့်နေသည်။ သူ အချိန်တွေ ကုန်မှန်းမသိအောင်ကို စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက်သူ့ နောက်ကနေ ကတ္တရာလမ်းမှ ဘီးအသံ ကြားလိုက်ရသည်။

သူ့ နောက်မှာ လာမရပ်ခင်ချိန်ထိ သူ ဂရုမစိုက်ခဲ့။

စုလုရီက သူ့ မျက်လုံးကို ဖွင့်ကာ အနောက်ကို လှည့်ကြည့်လိုက်သည်။

ဧည့်သည်က သူ့ နောက်မှာ အိတ်တစ်ခုံးနဲ့အတူ လက်ထဲမှာ အကြွေပြားစိ ကိုင်ကာရပ်နေသည်။

တင်၊ ကြွေပြားစိက လက်ဖျားထိပ်တွေနဲ့ ထိကာ လေထဲ လှမ်းပစ်ခံလိုက်ရပြီး နေရောင်အောက်မှာ ငွေရောင် လင်းလက်သွားသည်။

ပင်လယ်လေက ရုတ်တရက် ပင့်တိုက်လိုက်ကာ ထိုဧည့်သည်ရဲ့ လေကာအင်္ကျီကို လွင့်နေစေသည်။

အကြွေစိက သူ့ လက်ထဲကို ရုတ်တရက်ကျလာခဲ့သည်။

စုလုရီက သူ့ မျက်ဝန်းတွေကနေ အကြွေစိရောင်ပြန် ဟပ်တာကို မြင်လိုက်ရသည်၊ ပြီးတော့
သူ့ နှုတ်ခမ်းဖျားတွေက စိတ် အနှောင့်ယှက် ဖြစ်ချင်စရာကောင်းအောင် မြူးထူးရိပ်နဲ့ ကော့တတ်
သွားခဲ့သည်။

"ငါ့ကို အရမ်း လွမ်းနေတယ်ဆို"

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now