Chapter 49

4.9K 552 2
                                    

စုလုရီ
အပိုင်း (၄၉) ဆုတောင်း


စုကျစ်ထုံနှင့် အခြားသူများက ရေအိုင်ဘေးရှိ ယာယီ အဆောက်အဦထဲတွင် အနားယူနေကြသည်။

စုလုရီက စုချီ၏ အနောက်သို့ ယုန်နားရွက် ကျောပိုးအိတ် တစ်လုံးဖြင့် လိုက်လာခဲ့၏။

နှစ်ယောက်သား စကားတစ်ပြောပြောဖြင့် လမ်းလျှောက်လာကြရင်း ယာယီ အဆောက်အဦသို့ ရောက်လာကြသည်။

ယုရှင်းရန်က လှမ်းမြင်လိုက်သဖြင့် "သူဌေးနဲ့ သားငယ်လေးတို့ ဘယ်သွားနေကြတာလဲ။ အကြာကြီးပဲ။ ဓာတ်ပုံ ရိုက်နေတာတော့ မဖြစ်နိုင်ဘူး။ သားကြီးက မိသားစု ဓာတ်ပုံတွေပဲ ရိုက်တာ။ သားကြီးရဲ့ ဓာတ်ပုံတွေက သား (၂) ထက်တောင် နည်းသေးတယ်" ဟု ပြောလိုက်၏။

ထိုအခါ စုလုရီက စုချီကို ရေဘူးထုတ်ပေးရင်း ... "သားတို့ ရေအိုင်ရှေ့မှာ ဓာတ်ပုံ ရိုက်နေကြတာ" ဟုပြောလိုက်သဖြင့် ယုရှင်းရန်က ဆွံ့အသွားသည်။

စုကျစ်ထုံကလည်း အံ့ဩသွားကာ "သူဌေးက ဓာတ်ပုံ ရိုက်တယ်၊ ဟုတ်လား" ဟု မေးလိုက်၏။

စုချီက စုလုရီ ထုတ်ပေးသော ရေဘူးကို သောက်ကာ ပုံမှန် အမူအရာအတိုင်း နေနေသဖြင့် စုကျစ်ထုံက ဤသို့ တွေးလိုက်သည်။

"အင်း...သူဌေးလည်း ဓာတ်ပုံ ရိုက်ချင်တဲ့ချိန် ရိုက်မှာပေါ့လေ။ အထူးအဆန်းတော့ မဟုတ်ပါဘူး"

ထို့နောက် "ကောင်းတယ် သူဌေး။ နောက်ဆို ဓာတ်ပုံများများ ရိုက်ပေးသင့်တယ်။ မဟုတ်ရင် အသက်ကြီးရင် ကြည့်စရာ အမှတ်တရတွေ မရှိဘဲ နေလိမ့်မယ်" ဟု စုကျစ်ထုံက စုချီကို ပြောလိုက်၏။

"အင်း"

စုလုရီက စုချီကို ရေဘူးပေးပြီးနောက် အခြားသူများကိုပါ လိုက်မေးလိုက်သည်။

ယုရှင်းယန်က ရေဆာ လာသဖြင့် စုလုရီ၏ လွယ်အိတ်ထဲမှ အသီးအချို့ကို ယူစားလိုက်၏။

စုယွီကလည်း စုလုရီအနားသို့ လာကာ ... "အစ်ကို (၃) က ဗိုက်မဆာပေမယ့် ညီလေး သယ်ရတာ ပေါ့သွားအောင် ကူစားပေးမယ်" ဟု ပြောလိုက်သည်။

"ကျေးဇူးပဲ အစ်ကို (၃)" ဟု စုလုရီက ပြန်ပြောလိုက်၏။

ထိုအခါ ဘေးနားရှိ စုချီက နှာခေါင်းရှုံ့ကာ "မင်းက သူ့ကို ဘာအတွက် ကျေးဇူးတင်တာလဲ။ အိတ် မသယ်ဘဲ မုန့် ယူစားတာကိုလား" ဟု ပြောလိုက်သဖြင့် စုယွီနှင့် စုလုရီတို့က ဆွံ့အသွားသည်။

ယာယီ အဆောက်အဦထဲမှ ထွက်လာသောအခါ စုလုရီ၏ လွယ်အိတ်က တစ်ဝက် ပေါ့သွားခဲ့၏။

စုမိသားစုက ချစ်သူများ ကျွန်းမှ ဘီ တောင်စောင်းသို့ ထွက်လာခဲ့ကြသည်။

ဘီ တောင်စောင်းသို့ သွားသော လမ်းမှာ ကျဉ်းမြောင်းပြီး လူ သုံးယောက်သာ တွဲ၍ လျှောက်လို့ရ၏။

စုကျစ်ထုံက ယုရှင်းယန်၏ လက်ကိုကိုင်ကာ ရှေ့ဆုံးမှ သွားသည်။

လူခြောက်ယောက်က နှစ်ယောက်စီ တန်းစီ၍ သုံးတွဲ တွဲလိုက်ကြသည်။

စုလုရီနှင့် စုချီက တစ်တွဲ တွဲပြီး အလယ်မှ လျှောက်လိုက်ကြ၏။

အနောက်တွင် ရှိသော စုကျန်းချန်က ရှေ့သို့ တစ်လှမ်းတိုးလာကာ  "မင်း လဲမကျအောင် လွယ်အိတ်နားရွက်ကို ကိုင်ထားပေးရမလား" ဟု မေးလိုက်သည်။

စုလုရီက စုကျန်းချန် ယုန်နားရွက်နှင့် ဆော့ရသည်ကို ကြိုက်နှစ်သက်သည်ကို သိသဖြင့် "အစ်ကို (၂) ကိုင်ချင်ရင် ကိုင်ထားလေ" ဟု ပြောလိုက်၏။

"ငါ ကိုင်ချင်တယ်‌ဆိုတာက ဘာသဘောလဲ။ မင်း လဲကျမှာ စိုးလို့ ပြောနေတာ" ဟု ပြောပြီး စုကျန်းချန်က ရှေ့တိုးလာသည်။

လမ်းမှာ ကျဉ်းမြောင်းသောကြောင့် စုလုရီက သေးသွယ်သော်လည်း စုကျန်းချန်နှင့် စုချီတို့က အရပ်ရှည်ကြသဖြင့် သုံးယောက် ယှဉ်လျှောက်၍ မရပေ။

ထို့ကြောင့် စုကျန်းချန်က "အစ်ကိုကြီး အနောက်ကို လာလိုက်ပါလား။ အနောက်ကနေ သူ့ကို ကိုင်ထားရင် တက်နင်းမိမှာစိုးလို့" ဟု ပြောလိုက်၏။

စုချီက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး စုလုရီ၏ ယုန်နားရွက်ကို လက်တစ်ဖက်နှင့် ကိုင်၍ "ရတယ်။ ငါ ကိုင်ထားလိုက်မယ်" ဟု ပြောလိုက်သည်။

ထို့နောက် လမ်းကျဉ်းလေး ဆုံးသွားကာ တောင်ပေါ်သို့ တက်ရမည့် လှေကားထိပ်သို့ ရောက်လာ၏။

စုကျစ်ထုံက ကျောက်တုံး လှေကားများကို တစ်ဆင့်ချင်း တက်ရင်း "ဒီနှစ် သေချာ ဆုတောင်းကြမယ်နော်" ဟု ပြောလိုက်သည်။

"ရှင့် ကျန်းမာရေးအတွက် ဆုတောင်းလိုက်နော်" ဟုယုရှင်းရန်က ပြောလိုက်၏။

အရှေ့မှ တက်နေသော စုယွီက အနောက်သို့ လှည့်ကာ စုချီနှင့် စုလုရီတို့ကို ကြည့်ပြီး "အချစ်ရေးအတွက်ဆို အနီရောင် ကတ်တဲ့။ အဝါရောင်က အလုပ်အကိုင်၊ အပြာရောင်က ကျန်းမာရေးအတွက်။ ဒီနှစ် ဘာကို ဆုတောင်းကြမှာလဲ" ဟု မေးလိုက်သည်။

စုချီက စုယွီ၏ အမေးကို မဖြေဘဲ ကျောက်တုံးလှေကားများကိုသာ သေချာဂရုစိုက်ရင်း တက်နေ၏။

"ကျန်းမာရေးအတွက် ဆုတောင်းတာ အကောင်းဆုံးဖြစ်မယ် ထင်တယ်" ဟု စုလုရီက ပြောလိုက်သည်။

ထို့နောက် "အစ်ကိုကြီးကရော..." ဟု စုချီဘက်သို့ လှည့်မေးလိုက်၏။

ထိုအချိန်၌ စုကျန်းချန်က ကြားဖြတ်ဝင်ကာ "ငါ့ကိုရော ဘာလို့ မမေးတာလဲ" ဟု စုယွီကို မေးလိုက်သည်။

"အစ်ကို (၂) ကိုက မေးစရာမှ မလိုတာ။ သေချာပေါက် အလုပ်အတွက်ပဲ ဆုတောင်းမှာ မလား" ဟု စုယွီက ပြန်ပြောလိုက်၏။

ဘုရားကျောင်းအတွင်း ပတ်ဖူးပြီးနောက် ဆုတောင်းသည့် နေရာသို့ ရောက်လာခဲ့ကြသည်။

တစ်ယောက်ချင်းစီ တန်းစီပြီး ဝင်ရသဖြင့် စုချီက စုလုရီ၏ အနောက်ဘက်၌ တန်းစီလိုက်ရ၏။

ထို့နောက် စုလုရီက ဆုတောင်းကို စဉ်းစားနေလိုက်သည်။

"မိသားစု ကျန်းမာရေးအတွက် ဆုတောင်းရင် ကောင်းမလား"

ထို့နောက် စုလုရီအလှည့်သို့ ရောက်လာကာ ဆုတောင်း ကတ်ကို ပေးနေသော မိန်းကလေးထံ စုလုရီက ဤသို့ မေးလိုက်၏။

"တစ်ချိန်တည်းမှာ လူအများကြီးအတွက် ဆုတောင်းလို့ရလား"

"တစ်ယောက်တည်းအတွက် ဆုတောင်းမယ်ဆို ပိုကောင်းပါလိမ့်မယ်။ လူ အများကြီးဆို မထိရောက်ဘဲ နေမှာစိုးလို့ပါ" ဟု ဝန်ထမ်း မိန်းကလေးက ပြုံးကာ ပြန်ပြောလိုက်သည်။

"ကျေးဇူးနော်"

စုလုရီက စက္ကန့် အနည်းငယ် စဉ်းစားကာ "စုချီ နေကောင်းပြီး လုံခြုံပါစေ" ဟု ဆုတောင်းကတ်၌ ချရေးလိုက်၏။

စုလုရီက ရေးပြီးသောအခါ စုချီကို မစောင့်တော့ဘဲ ချိတ်ဆွဲမည့် နေရာသို့ လျှောက်သွားလိုက်သည်။

ဆုတောင်းကတ် ချိတ်ဆွဲပြီးသောအခါ စုကျစ်ထုံနှင့် ယုရှင်းရန်က ထွက်ပေါက်၌ စောင့်နေကြသည်ကို တွေ့လိုက်သည်။

ထိုအချိန်၌ စုယွီရောက်လာကာ ဆုတောင်း ကတ်ကို ချိတ်ဆွဲပြီး "အဖေတို့ဆီ သွားကြမယ်၊ ညီလေး" ဟုပြောလိုက်၏။

"အင်း၊ သွားကြမယ်လေ၊ အစ်ကို (၃)"

နှစ်ယောက်သား ထွက်ပေါက်ဆီသို့ လျှောက်လာခဲ့ကြသည်။

"အဖေတော့ ဒီနှစ် ရောဂါဘယ ကင်းဝေးပါစေလို့ ဆုတောင်းခဲ့တယ်" ဟု စုကျစ်ထုံက စုလုရီနှင့် စုယွီတို့ကို ပြောလိုက်၏။

ယုရှင်းရန်ကလည်း "ရှင့် စဉ်းစားဉာဏ်က ဒီနှစ်တော့ တိုးတက်လာပြီပဲ။ ကျွန်မလည်း ကျန်းမာရေးအတွက်ပဲ ဆုတောင်းခဲ့တယ်" ဟု ပြောလိုက်သည်။

ထို့နောက် စုကျန်းချန်ကို အဝေး၌ လှမ်းမြင်နေရပြီ ဖြစ်သော်လည်း စုချီကို မတွေ့ရသေးပေ။

မိနစ် အနည်းငယ် ကြာပြီးမှ စုချီ ထွက်လာခဲ့၏။

"ကဲ၊ အဖေတို့ တောင်အောက် ပြန်ဆင်းကြမယ်" ဟု စုကျစ်ထုံက ပြောလိုက်သည်။

စုချီက အနောက်ဆုံးမှ လိုက်လာသဖြင့် စုလုရီက "အစ်ကိုကြီး၊ အလုပ်အတွက် ဆုတောင်းခဲ့တာလား" ဟု စုချီကို မေးလိုက်၏။

စုချီက လုအုပ်နှင့် တိုက်မိမည်စိုးသဖြင့် စုလုရီ၏ လက်မောင်းကို ဆွဲလိုက်ကာ "လမ်း သေချာကြည့်လျှောက်" ဟု ပြောလိုက်သည်။

နှစ်ယောက်သား လှေကားမှ အတူတူ ဆင်းလာကြပြီး စုချီက အောက်ရောက်သည်အထိ စုလုရီ၏ လက်မောင်းကို ကိုင်ထားလိုက်၏။

စုချီ၏ ဆုတောင်း ကတ်၌ ရေးခဲ့သည်မှာ "စုလုရီ ကျန်းမာပြီး လုံခြုံပါစေ" ဖြစ်သဖြင့် စုလုရီ၏ အမေးကို စုချီက မဖြေပေ။

ထို့နောက် စုမိသားစုက ဆုတောင်းသစ်တောမှ ထွက်လာကာ ရှေးဟောင်းလမ်းမသို့ ရောက်လာခဲ့ကြ၏။

ထိုလမ်းမ၏ အဆုံးသို့ မြင်းစီးသွားပြီး အပြန်၌ ကားစီး ပြန်လာနိုင်သည့်အပြင် မြင်းဖြင့်လည်း ပြန်လာနိုင်သည်။

စုကျစ်ထုံ၏ ဒဏ်ရာက အပြည့်မဝ ပြန်မသက်သာသေးသဖြင့် ယုရှင်းရန်က နေခဲ့မည်ဟု ဆိုကာ" သားတို့ မြင်းစီးချင်ရင် သားတို့ဘာသာ သွားစီးလိုက်ကြနော်" ဟု ပြောလိုက်၏။

စုကျန်းချန်က အခြား ညီအစ်ကိုများ၏ အဖြေကိုစောင့်ကာ ဘာမှ မပြောပေ။

စုယွီက "သားကတော့ ရတယ် အမေ။ အရင်နှစ်တွေကလည်း စီးထားသေးတာပဲ ဆိုတော့" ဟု ပြောလိုက်သည်။

စုလုရီ၏ မျက်လုံးများက ရှေးဟောင်း လမ်းမကြီးကို ငေးကြည့်နေသဖြင့် စုချီက "ကျွန်တော် စီးမယ်" ဟု ထပြောလိုက်၏။

ထိုအခါ စုလုရီကပါ "သားလည်း စီးချင်တယ်" ဟုပြောလိုက်သည်။

စုယွီက စဉ်းစားကာ "ဒါဆို ကျွန်တော်လည်း စီးရင် ကောင်းမလား" ဟု ပြောလိုက်သောအခါ စုချီက ကြည့်လိုက်သဖြင့် "တော်ပါပြီ၊ မစီးတော့ပါဘူး" ဟု ပြောလိုက်၏။

စုချီနှင့် စုလုရီမှ လွဲ၍ ကျန်သည့် မိသားစုဝင်များက လှည့်ပြန်သွားကြသည်။

စုကျန်းချန်ကို စုယွီက ဆွဲခေါ်သွားသဖြင့် "ငါ့ကို ဘာလို့ အတင်းဆွဲခေါ်နေတာလဲ" ဟု မေးလိုက်သောအခါ စုယွီက "အစ်ကို (၂) ကောင်းဖို့အတွက်" ဟု ပြောလိုက်၏။

...

မြင်းစောင်းသို့ ရောက်သောအခါ စုချီက "မြင်းပေါက်လေးတွေ ရှိလား" ဟု ဝန်ထမ်းကို မေးလိုက်သည်။

ထို့ကြောင့် စုလုရီက "အစ်ကိုကြီးက မြင်းပေါက်လေးတွေကို စီးရတာ ကြိုက်တာလား" ဟု မေးလိုက်၏။

"မင်းအတွက်"

"အစ်ကိုကြီးကရော"

"ငါ စီးချင်တဲ့ မြင်း စီးမှာပေါ့"

စုလုရီက အရွယ်ရောက်ပြီးသူ ဖြစ်သဖြင့် မြင်းပေါက်စီးရန် မသင့်တော်သောကြောင့် ဝန်ထမ်းမှ "မြင်းတစ်ကောင်ကို နှစ်ယောက်စီးလို့ ရပါတယ်။ ဈေးကတော့ ပိုပေးရပါမယ်" ဟု ပြောလိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် အရွယ်ရောက်ပြီးသား မြင်းတစ်ကောင်ကို ဝန်ထမ်းက ထုတ်လာခဲ့သည်။

ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် လုံခြုံရေး ပစ္စည်းများကို ဝတ်ဆင်လိုက်ကြပြီး မြင်းပေါ်သို့ တက်လိုက်ကြ၏။

စုလုရီက ဦးစွာ တက်လိုက်ပြီး စုချီက သူ၏ အနောက်တွင် တက်ထိုင်လိုက်သည်။

ထို့နောက် စုလုရီ၏ ခန္ဓာကိုယ်ကို စုချီ၏ လက်များက သိုင်းဖက်ကာ မြင်းဇက်ကြိုးကို ကိုင်ထားသဖြင့် စုလုရီ၏ ခန္ဓာကိုယ် တစ်ခုလုံးက စုချီ၏ ရင်ခွင်ထဲသို့ ရောက်လာနီးပါး ဖြစ်သွားခဲ့သည်။

စုချီက မြင်းဇက်ကြိုးကို ကိုင်ကာ "သွားကြမယ်" ဟုအော်လိုက်သဖြင့် မြင်းက စတင် ထွက်လိုက်သောကြောင့် စုလုရီက အနောက်သို့ယိုင်ကာ စုချီ၏ ရင်ခွင်ထဲသို့ ရောက်သွား၏။

ထို့နောက် စုလုရီက ချက်ချင်းကိုယ်ကို ပြန်မတ်လိုက်သည်။

မြင်းအရှိန် ရလာသောအခါ စုလုရီက ခါးနာလာသဖြင့် စုချီ၏ ရင်ခွင်ထဲ၌ မှီထိုင်ရန် အနောက်သို့ မှီလိုက်သည်။

ထိုအခါ စုချီ၏ လက်များက တင်းကျပ်လာကာ စုလုရီကို "အနားသိပ်မကပ်နဲ့" ဟု ပြောလိုက်လေ၏။


...…….................................
.........................................


အပိုင်း (၄၉) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now