စုလုရီ
အပိုင်း (၃၂) စည်းခြားထားရမယ်
စုလုရီက နှစ်ယောက်သားကို ကြည့်ကာ ကြောင်နေလေ၏။
စုချီက မျက်မှောင်ကြုတ်ကာ "မင်း ဘာကို ပြောတာလဲ" ဟု မေးလိုက်သည်။
ထိုအခါ စုကျန်းချန်က စုလုရီ၏ လည်ပင်းမှ အနီကွက်ကို ညွှန်ပြကာ "ဒါ အစ်ကိုကြီး သူ့ကို အနိုင်ကျင့်ထားတာလား" ဟု မေးလိုက်၏။
"ငါက ဘာလို့ သူ့ကို အနိုင်ကျင့်ရမှာလဲ"
စုကျန်းချန်က ဘာမှ ပြန်မပြောသဖြင့် စုချီက "မင်းရဲ့ လက်ကို အရင်လွှတ်လိုက်" ဟု စုကျန်းချန်၏ လက်နှစ်ဖက်ကို ကြည့်ကာ ပြောလိုက်သည်။
စုကျန်းချန်က ကြည့်လိုက်သောအခါ စုလုရီ၏ လက်ကောက်ဝတ်၌ နီနေပြီ ဖြစ်သဖြင့် လွှတ်ပေးလိုက်တော့၏။
"ညီ (၂)၊ အခု ပြောလို့ရပြီ" ဟု စုချီက အေးစက်စွာ ပြောလိုက်သည်။
စုကျန်းချန်က ခဏကြာ စဉ်းစားလိုက်ပြီး စုလုရီကို ဆွဲကာ အခန်းအပြင်သို့ မောင်းထုတ်လိုက်၏။
"ငါနဲ့ အစ်ကိုကြီးနဲ့ ပြောစရာရှိလို့ မင်း သွားတော့"
"ကျွန်တော်က ဘာလို့ သွားရမှာလဲဟင်"
"လူကြီးတွေ စကားပြောနေရင် ကလေးနားထောင်လို့ မရဘူး"
"ဒုန်း ..."
စုလုရီကို လျှောက်လမ်းသို့ တွန်းထုတ်ကာ တံခါးပိတ်လိုက်သည်။
စုလုရီ၏ ကိုယ်မှာလည်း ယားယံလာသဖြင့် စုလုရီက သူ၏ အခန်းသို့ ပြန်ကာ ရေချိုးလိုက်တော့၏။
စုလုရီ ရေချိုးပြီး၍ အခန်းထဲမှ ထွက်လာသောအခါ စုကျန်းချန်၏ အခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်ရသည်။
အထဲ၌ စုကျန်းချန် တစ်ယောက်သာ ကျန်တော့၍ စုချီက သူ၏ အခန်းသို့ ပြန်သွားပြီ ဖြစ်၏။
စုလုရီက စုကျန်းချန်၏ အခန်းဝမှ ခေါင်းပြူကာ ... "အစ်ကို (၂)၊ စကား ပြောပြီးပြီလား" ဟု မေးလိုက်သည်။
စုကျန်းချန်က ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ကာ "အင်း" ဟု ပြောလိုက်သည်။
"ဘာတွေ ပြောကြတာလဲဟင်"
"မင်းနဲ့ မဆိုင်ပါဘူး။ ငါက မင်း လည်ပင်းမှာ အနီကွက်တွေ့လို့ အစ်ကိုကြီး ရိုက်ထားတယ်ထင်သွားတာ။ ဒါပေမယ့် အစ်ကိုကြီးက ရှင်းပြလိုက်လို့ အဆင်ပြေသွားပြီ"
"ဟုတ်လို့လား"
"မင်းမယုံရင် အစ်ကိုကြီးကို သွားမေးလိုက်လေ"
"အစ်ကို (၂)၊ စိတ်မပူပါနဲ့။ အစ်ကိုကြီးက ကျွန်တော့်ကို မရိုက်ပါဘူး။ စရုံပဲ စတာပါ"
ထို့နောက် စုလုရီက စုကျန်းချန်ကို နှုတ်ဆက်ကာ ပြန်သွားလိုက်၏။
စုလုရီက စုကျန်းချန်ဆီမှ ထွက်လာပြီးနောက် စုချီ၏ အခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။
တံခါးကို နှစ်ချက် ခေါက်ပြီးနောက် အထဲမှ "ဝင်လာခဲ့" ဟူသော အသံထွက်လာ၏။
စုလုရီက တံခါးကို ဖွင့်ကာ ဝင်သွားလိုက်ပြီး "အစ်ကိုကြီး..." ဟု ခေါ်လိုက်သောအခါ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့သည်။
ထို့နောက် အကြည့်လွှဲကာ စုလုရီက "အစ်ကို (၂) နဲ့ စကားပြောပြီးပြီလား၊ အစ်ကိုကြီး" ဟု မေးလိုက်၏။
စုချီ၏ အဖြေမှာလည်း စုကျန်းချန်နှင့် တစ်ထပ်တည်း ဖြစ်နေသည်။
နှစ်ယောက်လုံး၏ စကားများမှာ တူညီနေကြသဖြင့် စုလုရီ ယုံသွားကာ ဆက်မမေးတော့ချေ။
အခန်းထဲ၌ တိတ်ဆိတ်သွားပြီးနောက် စုချီက စုလုရီ၏ လက်မှာ အနီကွက်ကို တွေ့သောအခါ ဗီဒိုထဲမှ ပန်းလိမ်းဆီကို ထယူလိုက်သည်။
"ဒီကို လာခဲ့။ ငါ မင်းကို လိမ်းပေးမယ်"
"ဟုတ်ကဲ့" စုလုရီက လက်ကို ဆန့်ကာ စုချီထံသို့ ထိုးပေးလိုက်၏။
စုချီက လိမ်းပေးခါနီးဆဲဆဲ၌ ရပ်ပစ်လိုက်ကာ စုလုရီ၏ လက်ဖဝါးထဲသို့ ပန်းလိမ်းဆီကို လောင်းထည့်ပေးလိုက်သည်။
"ကိုယ့်ဘာသာကိုယ်ပဲ လိမ်းလိုက်တော့"
"ဘာလို့ ..."
"မင်းဘာသာမင်း မလိမ်းတတ်ဘူးလား"
စုလုရီက လက်ကို ပြန်ရုတ်ကာ စုချီ၏ အခန်းထဲမှ ထွက်သွားရန် ပြင်လိုက်တော့သည်။
"ဒါဆိုလည်း ကျွန်တော် သွားတော့မယ်နော်၊ အစ်ကိုကြီး" ဟု နှုတ်ဆက်ကာ တံခါးကို ညင်သာစွာ ပြန်ပိတ်သွားလိုက်၏။
စုချီက ကုတင်ပေါ်သို့ လှဲချကာ နဖူးပေါ်သို့ လက်တင်လိုက်သည်။
စုကျန်းချန် အထင်လွဲသွားသည်မှာ မသင့်တော်သဖြင့် နောက်ပိုင်း စည်းခြားကာ နေရမည်ဟု တွေးလိုက်၏။
နောက်တစ်နေ့ မနက်၌ နှစ်ယောက်သား အလုပ်တူတူ ထွက်လာခဲ့ကြသည်။
စုလုရီက ကားပေါ်သို့ ရောက်သောအခါ လည်ပင်းကို ကိုင်လိုက်ပြီး "ဒီနေ့ ဒါရိုက်တာကို သွားတွေ့ရမှာ မလား အစ်ကိုကြီး။ ကျွန်တော့်ဆီက ပန်းလိမ်းဆီ အနံ့တွေ ရနေမှာစိုးလို့ ကုမ္ပဏီကို ရောက်ရင် နမ်းကြည့်ပေးပါလားဟင်" ဟု စုချီကို မေးလိုက်သည်။
"ငါတို့ ရှင်းရီအုပ်စုကို တန်းသွားမှာ"
"ဒါဆိုလည်း ရှင်းရီအုပ်စုကို ရောက်ရင်..."
"မင်း ဘာတွေ ပြောနေတာလဲ။ သူများတွေ တစ်မျိုးထင်ကုန်မှာပေါ့"
စုလုရီက ခဏ စဉ်းစားလိုက်ကာ "အင်းပါ။ ဒါဆိုလည်း ရှောင်ချင့်ကိုပဲ နမ်းကြည့်ခိုင်းလိုက်တော့မယ်" ဟု ပြောလိုက်လေသည်။
"စုလုရီ ..."
စုချီ၏ အေးစက်စက် အသံထွက်လာလေသည်။
"ဘာဖြစ်လို့လဲ"
"ငါ ကားမောင်းနေတာကို ထပ်နှောင့်ယှက်ရင် မင်းကို ကားပေါ်က ကန်ချပစ်မယ်"
စုလုရီက တိတ်ဆိတ်သွားလေသည်။ ရှင်းရီအုပ်စုသို့ ရောက်သောအခါ ရှောင်ချင်က ကြိုရောက်နေပြီ ဖြစ်၏။
ဥက္ကဌ အတွင်းရေးမှူးက ဓာတ်လှေကားအဝ အထိ လာကြိုသဖြင့် လေးယောက်သား ဓာတ်လှေကားနှင့် အပေါ်သို့ တက်သွားလိုက်ကြသည်။
စုချီက အတွင်းရေးမှူးနှင့် စကားပြောနေသောအခါ စုလုရီက ရှောင်ချင် အနားသို့ ကပ်ကာ "ရှောင်ချင်၊ ကျွန်တော့်မှာ ပန်းလိမ်းဆီအနံ့ ရှိသေးလားဆိုတာ နမ်းကြည့်ပေးပါလား" ဟု တိုးတိုးလေး ပြောလိုက်၏။
ထိုအခါ စုချီက လှည့်လာကာ "ငါ့ကို စာရွက်စာတမ်းတွေ ပေး" ဟု ရှောင်ချင်ကို ပြောလိုက်သဖြင့် စကားစ ပြတ်သွားလေသည်။
ဓာတ်လှေကားမှ ထွက်ပြီးနောက် အကြီးဆုံး ရှယ်ယာရှင် ဒါရိုက်တာ လီရှင်းကျောင်းနှင့် ဆွေးနွေးပွဲ လုပ်ခဲ့ကြ၏။
ဆွေးနွေးပွဲမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲ ပြီးသောအခါ လီရှင်းကျောင်းမှ "ကိုယ်ရေးကိုယ်တာ ကိစ္စလေး တိုင်ပင်စရာ ရှိလို့ အချိန်ခဏလောက် ပေးနိုင်မလား မစ္စတာ စု" ဟု မေးလိုက်၏။
"ဟုတ်ကဲ့ ရပါတယ်" ဟု စုချီက ပြန်ပြောကာ ရုံးခန်းသို့ လိုက်သွားလိုက်သည်။
ထို့နောက် အတွင်းရေးမှူး ရှောင်ချီက စုလုရီနှင့် ရှောင်ချင်ကို နားနေခန်းသို့ ခေါ်ကာ ဧည့်ခံလေသည်။
"လက်ထောက် စုက အသစ်လား။ အရင်က ဒါရိုက်တာ စု ဘေးမှာ မမြင်ဖူးဘူးနော်"
"ဟုတ်တယ်။ ရက်ပိုင်းပဲ ရှိသေးတယ်" ဟု စုလုရီက ရှောင်ချီ၏ အမေးကို ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ရှောင်ချီက အံ့ဩသွားကာ" ဒါဆိုရင်တော့ မင်းက လေးစားစရာပဲ။ ဒါရိုက်တာ စုနဲ့ အတူတူ အလုပ်လုပ်နိုင်ဖို့ တူတဲ့နေရာ ရှိရတယ်လို့ သူများတွေ ပြောကြတယ်။ မင်းမှာက..."
"ဟုတ်တယ်။ ကျွန်တော်တို့က အဖေတူတယ်" ဟု စုလုရီက ရှောင်ချီ၏ စကားမဆုံးခင် ဖြတ်ပြောလိုက်၏။
ရှောင်ချီက ကြောင်သွားကာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
စုလုရီက ချပေးထားသော ကိတ်မုန့်ကို ဆက်စားကာ ရှောင်ချင်ကလည်း ကော်ဖီကို အေးဆေးထိုင်သောက်နေလေသည်။
နေ့လည် (၁၁) နာရီခွဲ အချိန်သို့ ရောက်သောအခါ ရှောင်ချီက ထရပ်ကာ "ဒါရိုက်တာ လီလည်း အခုထိ မဆင်းလာသေးဘူး။ (၁၂) နာရီကျရင် ချိန်းထားတာ ရှိတဲ့ဟာကို" ဟု ပြောပြီး ရုံးခန်းသို့ သွားရန်ပြင်လိုက်၏။
ထိုအခါ စုချီနင့် လီရှင်းကျောင်းတို့က တံခါးမှ ဝင်လာလေသည်။
စုချီက စုလုရီကို လှမ်းကြည့်လိုက်သောအခါ စုလုရီ၏ အရှေ့၌ ရှိသော ကိတ်မုန့် ပန်းကန်မှာ ပြောင်သလင်း ခါနေလေပြီ။
ရှောင်ချီက အရှေ့သို့ သွားကာ "ဒါရိုက်တာ လီ..."
"ငါ မှတ်မိတယ်" ဟု ဒါရိုက်တာ လီက လက်ကာပြကာ ပြောလိုက်သည်။
"ဒါရိုက်တာ စု၊ အချိန်ရရင် နေ့လည်စာ အတူတူ စားကြမလား။ ကျွန်တော်က ချိန်းထားတဲ့ မိတ်ဆွေ တစ်ယောက်တော့ ရှိတယ်။ ဒါရိုက်တာ စု အတူတူစားလို့ အဆင်ပြေမလား" ဟု စုချီကို မေးလိုက်၏။
"ဒါရိုက်တာ လီရဲ့ မိတ်ဆွေပဲ။ အဆင်ပြေပါတယ်" ဟု စုချီက ပြန်ပြောလိုက်သည်။
လီရှင်းကျောင်းက ရယ်လိုက်ကာ "ဒါဆိုလည်း သွားကြမယ်လေ" ဟု ပြောလိုက်သည်။
ဓာတ်လှေကားအတွင်းသို့ ရောက်သောအခါ စုချီက စုလုရီကို "အချိန်ခဏလေး အတွင်းမှာတောင် စားနိုင်သေးတယ်နော်" ဟု ကပ်ပြောလိုက်၏။
စုလုရီက ပြန်ပြောချင်သော်လည်း အခြားသူများ၏ အရိပ်အကဲကို ကြည့်ကာ နှုတ်ဆိတ်လေလိုက်တော့သည်။
ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ လီရှင်းကျောင်းက "ကျွန်တော့် မိတ်ဆွေက ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတာ။ ဒါရိုက်တာ စုနဲ့လည်း ခင်သွားမှာပါ" ဟု ပြောလိုက်၏။
"ဟုတ်လား" ဟု စုချီက ပြန်မေးလိုက်သည်။
နံရံကို မျက်နှာမူကာ ရပ်နေသော လူမှာ အရပ်ရှည်ရှည်နှင့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ လမ်းလျှောက်သံများကို ကြားလိုက်ရသောအခါ သူ၏ ခန့်ညားသော မျက်နှာက နောက်သို့ လှည့်လာလေသည်။
...…….................................
.........................................
အပိုင်း (၃၂) ပြီးပါပြီ။