Chapter 20

6.8K 774 1
                                    

CHAPTER 20
- ဝန်ခံခြင်း -


စုချီရဲ့ ပုခုံးတွေက ဖြောင့်တန်းပြီး နောက်ကျောတွေကျယ်ပြန့်၏။ သူက စုလုရီကို ကျောပိုးထား
တာကြောင့် ခေါင်းကို နည်းနည်းငုံ့ထားရပြီး ကော်လာအောက်က လည်ပင်းကို အနည်းငယ် လှစ်ဟပြနေသည်။

သူတို့နှစ်ယောက်လုံးက ထင်းနေအောင် ချောတာမို့ သူတို့ ပြန်လျှောက်လာတော့ ဘေးနားက ခရီးသွားတွေက သူတို့ကို လည်ပြန် ကြည့်နေကြ၏။

တီးတိုး ပြောနေသံတွေက သူတို့အနားကို ရောက်ရှိလာခဲ့သည်။ စုလုရီ ရင်ထဲ တင်းသွားရပြီး စုချီရဲ့ မျက်နှာအမူရာကို ကြည့်ရန် ခေါင်းကို နည်းနည်းငုံ့လိုက်၏။ ဒါပေမယ့်လည်း မမြင်ရသေးခင်မှာပင် ဖင်ကနေ မ,တင် ခံလိုက်ရသည်။

"ငြိမ်ငြိမ်နေ"

စုလုရီ ချက်ချင်းပဲ စုချီရဲ့လည်ပင်းတွေကို သူ့လက်တွေနဲ့ တင်းအောင် ဖက်ထားလိုက်၏။

စုလုရီ အခုထိ အကြောက် မပြေသေးပါ။ ခုနက ဘာတွေ ဖြစ်သွားမှန်းလည်း သူ မသိတော့၊ သူကဘာမှမတွေးပဲ သည်အတိုင်း ပြေးသွားလိုက်မိတာ။ ကြည့်ရတာ သူနဲ့အတူအချိန်တွေဖြုန်းခဲ့တဲ့လူတစ်ယောက် တစ်ခုခုဖြစ်သွားမှာကို သူ သည်အတိုင်း ထိုင်ကြည့်မနေနိုင်တာ ဖြစ်လိမ့်မည်။

ပိုဆိုးသည်မှာ စုချီက သူ့အပေါ် အရမ်းကြင်နာတယ်လေ။ အဲ့တာကြောင့် အရေးကြုံလာတဲ့အခါ
သူ့ မသိစိတ်က တားမရတာ နေမှာပေါ့။

စုလုရီ ခုနက ဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေကို သတိရသွား၏။ "အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီး အပေါ် ခုန်တတ်တဲ့ပုံက ပေါတောတောနဲ့၊ အစ်ကိုကြီး ရယ်ချင်တာကို ထိန်းထားရတာ ခက်လား"

"ဟင့်အင်း"

ဟင့်အင်း၊ ထိန်းထားရတာ မခက်ဘူး ပြောချင်တာလား။ စုလုရီ မျက်နှာအိုသွားသည်။ အဲ့တော့
ပြောချင်တာက ဘာမှ အောင့်မထားပဲ ရယ်ချလိုက်တယ်ပေါ့။

"မင်းကို ရယ်ဖို့တောင် မတွေးမိပါဘူး"

စုလုရီ အေးခဲသွားရသည်။ "ကျွန်တော့်ကို မရယ်ဘူးလား"

စုချီ သူ့ကို တစ်ချက်ပင့်တင့်လိုက်သည်။ သူ ဆွဲခံလိုက်ရတဲ့ အချိန်ကို ပြန်တွေးမိ၏။ စုလုရီကကြောက်လန့်ပြီး ငိုတော့မလိုပင်။ သူ ဘာလို့ ရယ်ရမှာလဲ။

"တွန့်လိမ်မနေနဲ့" စုချီ ပြောလိုက်၏။ "မင်းရဲ့ဆွဲငင်အားတွေ အကုန် ငါ့ဆီ ကူးပြောင်းကုန်ပြီ"

"... ..."

နားတဲ့ နေရာကို ရောက်ဖို့စီးရတဲ့ ကေဘယ်ကားက ဆယ်မိနစ်လောက်ပဲ ကြာသည်။

စုလုရီကို ချပြီးတာနဲ့ စုချီက သူ့နောက်က ယုန်လွယ်အိတ်ကို လှမ်းယူလိုက်၏။ သူ နည်းနည်း ရှက်သွားသည်။
"ကျွန်တော့်ဘာသာ သယ်ပါ့မယ်။ အဲ့တာက လေးတယ်"

စုချီက သူ့လက်ထဲကို ဘူးလေးထည့်ပေးပြီး "အိတ်ထုတ်နေတုန်းက ဘာမှ မခံစားရဘူးလား"

စုလုရီက ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားပြီး ဆီသွပ်ဘူးက အသားကို တို့စိတို့စိ ကိုက်နေလိုက်သည်။

ကျန်တဲ့ခရီးကတော့ ပုံမှန် တောင်တတ်တာပါပဲ။ သူတို့မိသားစု ရုက္ခဗေဒ ဥယာဥ်တွေနဲ့ နာမည်ကြီး
စားသောက်ဆိုင်တွေ ဝင်ခဲ့ကြ၏။ သူတို့ လည်ပတ်ပြီးစီးတော့ နေဝင်ချိန်တောင် နီးလာခဲ့သည်။

သူတို့ အိမ်ပြန်လမ်းမှာ စုလုရီက ယုရှင်းရန် ဘေးမှာထိုင်မိတော့ ခေါင်းတွေ ပွတ်ပေးတာ ခံရလို့ ထိပ်ပါပြောင်တော့မည်။

"ငကြောင်လေး၊ နောက် အန္တရာယ်များတဲ့ ကိစ္စကြုံလာခဲ့ရင် တစ်ယောက်ထဲ ပြေးမသွားနဲ့နော်"

စုလုရီ သဘောတူလိုက်၏ "လူစုဖို့ ကြိုးစားကြည့်ပါမယ်"

ယုရှင်းရန် တံတွေးပါ သီး၏။ စုယွီကတော့ သူတို့နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး ယုန်နားရွက်ကို
ကစားနေသည်။ သူ့ရဲ့ရှည်လျားတဲ့ လက်ချောင်းတွေက အိစက်စက် အမွှေးတွေပေါ် ပြေးလွှားနေပြီး
"ညီလေး၊ ဒီနေ့ အဲ့နေရာမှာ ငါသာဆို မင်း ငါ့ကိုကယ်ဖို့ အဲ့လို ပြေးလာမှာလား"

စုလုရီ သဘာဝအလျှောက် ဆွံ့အသွားသည်။ "သေချာပေါက် ကယ်မှာပေါ့။ အစ်ကိုနေနေ၊ အဖေနေနေ၊ အမေနေနေ၊ ဘယ်သူပဲ ဖြစ်နေနေ ကျွန်တော် ကယ်မှာပါ"

"ဝါး၊ တတိယ အစ်ကိုကြီးတော့ ဟတ်ထိသွားပြီ"
စုယွီက စုချီကို မျက်စိလှမ်းမမှိတ်ပြခင် သူ့ကို
လှမ်းကြည့်လာခဲ့သည်။ "အစ်ကိုကြီးရော ဟတ်ထိသွားသေးလား"

စုချီကတော့ တည်တည်ငြိမ်ငြိမ်ပဲ "ဟင့်အင်း"

"... ..."

သည်နေ့အဖို့ တအား လန့်သွားလို့လားမသိ စုလုရီပြန်ရောက်တော့ အဖျားပြန်တတ်လာသည်။

မနက် နှစ်နာရီ၊ သုံးနာရီလောက်မှာ နိုးလာခဲ့ပြီး ချမ်းနေပေမယ့် နှာခေါင်းကတော့ တအားပူနေ၏။
သူ ရီဝေဝေနဲ့ပဲ ရေသောက်ရန် ထလာခဲ့သည်၊ ဒါပေမယ့် ရေခရားတောင် ငြိမ်ငြိမ်မကိုင်နိုင်တော့တာကြောင့် ကောင်တာပေါ် လွတ်ကျကာ အဖုံးပါလွတ်ကျတော့မလို့။

စုလုရီ လက်ကိုင်ပဝါနဲ့ သုတ်ရန် ပြင်နေတုန်း စုချီရဲ့အိပ်ခန်းတံခါးက ပွင့်လာခဲ့သည်။

စုချီက ညဝတ် ဝတ်စုံ ဝတ်ထားသည်။ သူ့အဝတ်စားတွေ လျှောကျနေတာမို့ ပြန်ပြင်လိုက်၏။
ပုံမှန် ဖီးလိမ်း သပ်ရပ်နေတဲ့ ဆံပင်က ရှုပ်ပွနေတာကြောင့် အနည်းငယ် နူးညံ့ပုံပေါ်နေသည်။

သူက နှစ်လှမ်း၊ သုံးလှမ်းလှမ်းလာပြီး "ဘာဖြစ်တာလဲ"

စုလုရီ အိပ်ချင်နေသလို ခေါင်းလည်းမူးနေသည်။ သူ့ ခေါင်းကို စုချီပေါ်သို့ မှီလိုက်ပြီး "အစ်ကိုကြီး၊
ကျွန်တော် အဖျားတတ်..."

စုချီက သူ့ နဖူးပေါ်ကို လက်တင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"လျှာတွေလိပ်၊ ဗလုံးဗထွေး လုပ်မနေပဲ ကောင်းကောင်းပြောစမ်း"

အဲ့တာနဲ့ပဲ စုလုရီက သူ့ လျှာကို ထုတ်ပြလိုက်၏။

စုချီ ခေါင်းကိုက်စွာ သက်ပြင်းချလိုက်သည်။ သူအခန်းထဲဝင်ကာ အင်္ကျီလဲလိုက်ပြီး စုလုရီကိုအပန်းဖြေစခန်းက ဆေးပေးခန်းကို ခေါ်သွားလိုက်၏။ ဒါက သည်နေရာကို အပန်းဖြေဖို့ ရွေးချယ်ခြင်းရဲ့ ကောင်းကွက်ပဲ။ အနည်းဆုံးတော့ တခြားဟိုတယ်တွေထက် ဆေးကုသမှု ပိုကောင်းတာပေါ့။

အပြင်ဘက်မှာ မှောင်မဲ တိတ်ဆိတ်နေသည်။ စုချီက စုလုရီကို ဆေးပေးခန်းသို့ ဆွဲခေါ်လာ၏။
အေးစက်တဲ့ညမှာ နွေးထွေးတာဆိုလို့ သူတို့နှစ်ယောက်ရဲ့ကိုယ်ငွေ့ပဲရှိမည်။

"အစ်ကိုကြီး၊ ကျွန်တော် အိပ်ချင်တယ်"

"မအိပ်ခင် အပူချိန်သွားတိုင်းပြီး ဆေးယူပြီးမှ ပြန်အိပ်"

စုလုရီက အအေးမိ ပျောက်ဆေးတွေပဲ သယ်လာခဲ့တာ အဖျားကျဆေး သယ်မလာမိဘူး။ စုချီကလည်း ဘာမှမသိပဲ သူ့ကို ဆေးရမ်းမတိုက်ရဲပါ။ စုလုရီ ဖျားနေရင် သေချာတဲ့နေရာမှာ လမ်းညွှန်ချက်ယူတာ အကောင်းဆုံးပဲ။ စုချီက အခုတော်တော်လေးကို သတိကြီးကြီးထားနေတာ။

ဆေးပေးခန်းက ဆရာဝန်တွေက ၂၄ နာရီ ဂျူတီကျကြ၏။ စုချီက တုံကင်နံပါတ်ယူကာ အိပ်ရင်းလမ်းလျှောက်နေတဲ့ ကောင်လေးကို ဆရာဝန်နဲ့တိုင်ပင်ရန် ဆွဲထိုင်ခိုင်းရသည်။

ရလာဒ် ထွက်လာပြီး သူတို့ ဆေးယူပြီး ပြန်လာတော့ မနက်လေးနာရီတောင် ထိုးနေပြီ။

စုလုရီက မအီမသာ ခံစားနေရသည်။ ခုနက အရမ်းကို အိပ်ချင်နေပေမယ့် အခုတော့ သူ အိပ်မရတော့ပြန်ဘူး။ ပြတင်းပေါက်နားမှာ ချည်ထည်စောင်နဲ့ထိုင်ကာ ပင်လယ်ပေါ်ကနေ, နေထွက်လာတာ ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"အစ်ကိုကြီး၊ အရင် ပြန်အိပ်နှင့်"

စုချီက အဲ့မှာ ခဏရပ်နေပြီးမှာ သူ့ အခန်းကို ပြန်ကာ အခန်းတံခါးကို ပိတ်သွားခဲ့သည်။

စုလုရီ ပြတင်းမှာ မှီနေတာ ဆယ်မိနစ်ရှိနေပြီး အဲ့အချိန်မှာပဲ အိပ်ခန်းတံခါးက ပြန်ပွင့်လာခဲ့သည်။
စုချီက ရေမိုးချိုးသန့်စင်ပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်၍ ချည်ထည်စောင်တစ်ထည် ကိုင်ကာထွက်လာခဲ့သည်။

စုလုရီ တုံ့ဆိုင်းနေပြီး နတ်ပြည်က ဆင်းလာတဲ့ နတ်ဘုရားလို သူ့အစ်ကိုက ကိုယ်ကိုကိုင်းပြီး သူ့လည်ပင်းမှာ စောင်ပတ်ပေးလာတာကို မျက်တောင်မခတ်ကြည့်နေမိသည်။

ပြီးတာနဲ့ ကိစ္စကြီးတစ်ခု လုပ်ပြီးသလို ခပ်ဖွဖွပုတ်လာ၏။

စုလုရီတစ်ယောက် သူကမ်းခြေက သဲထဲမှာ အမြှုပ်ခံရတာကို သတိရပြီး "ကျွန်တော် အရှင်လတ်လတ်
မြေမြှုတ်ခံရတာလား"

စုချီက မျက်ခုံးပင့်ကာ "မင်းကို ခေါင်းပေး မထွက်ခဲ့သင့်ဘူး"

စုလုရီ တိတ်ဆိတ်သွား၏။

သူတို့နှစ်ယောက်လုံး ပြတင်းပေါက်နားမှာ အတူတူ ထိုင်နေကြသည်။ အချိန်ခဏလောက် ကြာအောင်
နှစ်ယောက်လုံး ဘာစကားမှမပြောပဲ ပြတင်းပေါက်အပြင််ကိုသာ ငေးကြည့်နေလိုက်ကြ၏။

စုလုရီလည်း စုချီ ဘာကြောင့် ထွက်လာတာလည်းဆိုတာ မမေးသလို စုချီကလည်း ရှင်းမပြပါ။ တစ်ချို့အရာတွေက စကားနဲ့ ပြောဖို့အတွက် ပိုများတယ်လေ။ စုလုရီကတော့ စုချီက အစ်ကိုတစ်ယောက်အနေနဲ့ သူ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ ဒါမှမဟုတ်ရင် လူကောင်းတစ်ယောက် အနေနဲ့စိတ်မသန့်တာမျိုး မဖြစ်ချင်လို့ လုပ်ပေးတာလို့ထင်၏။ ဒါပေမယ့် အဲ့တာနဲ့တင် လုံလောက်ပါသည်။

အနာဂတ်မှာ တဖြည်းဖြည်း အဆင်ပြေလာလိမ့်မည်။

ကြိုတင်အသိပေးမှု မရှိပဲ နေက ထွက်လာတော့မည်။

ပင်လယ်နဲ့ ကောင်းကင် ထိစပ်တဲ့နေရာမှာ အလင်းရောင်က ရုတ်တရတ် ပေါ်ထွက်လာခဲ့ကာ
ပင်လယ်ပြာပြာကို အလင်းပေးတော့သည်။ ခဏအကြာမှာတော့ အနီ၊ ရွှေနဲ့ လိမ္မော်ရောင်တို့က
ကောင်းကင်တစ်ခွင်ကို ဖြန့်ကျက်တော့၏။

စုလုရီရဲ့ မျက်ဝန်းတွေက မနက်ခင်း အလင်း‌တွေနဲ့ပြည့်နေပြီး သူ့မျက်ဝန်းတွေက တောက်ပစွာ
လင်းလက်နေသည်။

သူက ခေါင်းကို စောင်ပုံထဲက ထုတ်လိုက်ပြီး အခုမှပေါက်ခါစ အညှောင့် အခက်လက်တွေ ယိမ်းသလို
ခေါင်းကို ခါလိုက်၏။

အညှောင့်တွေ ဖိခံလိုက်ရသည်။

"အစ်ကိုကြီး၊ ဘာလုပ်တာလဲ"

"အညှောင့်တွေ အပင်ပေါက်လာအောင် ဆွဲပေးတာ"

စုလုရီ အဖျားပြန်တတ်လာတာက စုကျစ်ထုံ မမျှော်လင့်ထားတဲ့အရာပင်။

သူတို့ သည်နေ့အတွက် အချိန်ဇယားတွေ၊ အစီစဉ်တွေ အများကြီး၊ ဒါပေမယ့် စုလုရီရဲ့ အခြေအနေနဲ့ဆိုအဆင်မပြေပါ။

"အဖေနဲ့ အမေ၊ သွားပါ ကိုယ့်ဟာကိုယ်။ သားအခန်းထဲမှာ အိပ်နေလိုက်မယ်"

"အဓိပ္ပာယ် မရှိတာ" စုကျစ်ထုံကတော့ အလေးအနက်ပဲ။ "လူနာကို အခန်းထဲ တစ်ယောက်ထဲထားခဲ့ပြီး ထွက်လည်နေလို့ ဘယ်ဖြစ်မလဲ"

ယုရှင်းရန်ကလည်း "လည်ဖို့ ထွက်လာတာမှ မဟုတ်တာ။ အဓိက,က အမေတို့ အတူတူ အချိန်ဖြုန်းဖို့ပဲဟာ"

စုလုရီ အရှုံးပေးလိုက်ရသည်။

သူ တစ်နေကုန် အခန်းထဲမှာပဲ အချိန်ဖြုန်းနေလိုက်၏။ စုချီလည်း ဘယ်မှမသွားပါ။ သူအလုပ်တွေလုပ်ဖို့ ဧည့်ခန်းထဲမှာသာ နေသည်။ ညနေမှာတော့ သူ့အတွက် ဆေးနဲ့ အစာယူလာပေး၏။

ခဏနေတော့ စုကျန်းချန်နဲ့ စုယွီက သူနဲ့ ပိုကာလာကစားပေးသည်။ စုလုရီက စောင်ပုံထဲ ဝင်နေပြီး
စုကျန်းချန်ဆီမှာ ဆယ်ပွဲတောင် ရှုံး၏။ စုယွီရဲ့ကံကောင်းမှုကတော့ မသိရင် ညစ်နေသလိုပဲ။

ပိုကာ ဆော့ပြီးချိန်မှာတော့ စုလုရီ ပိုတောင် အားကုန်သွားသည်။

စုချီက ဝင်လာပြီး စုယွီကို မောင်းထုတ်လိုက်ကာ စုကျန်းချန်ပါ လိုက်သွား၏။

သူတို့ပြန်သွားတော့ စုချီက မေးလာသည် "မင်းတစ်ယောက်တည်း ရှုံးတာလား"

"ဒုတိယ အစ်ကိုကြီးလည်း ရှုံးတယ်" စုလုရီ နှာရှုံ့လိုက်သည်။

"ဒါပေမယ့် စုကျန်းချန်က ပျော်နေတဲ့ပုံပဲနော်"

"ကြည့်ရတာ အတူတူ ရှုံးပေးမယ့်သူ ရှိလို့နေမှာပေါ့"

စုချီကတော့ ဘာမှပြန်မပက်နိုင်တော့ပါ။

စုလုရီ စားပြီးတာနဲ့ ရေချိုးလိုက်သဖြင့် ပိုပြီး သက်တောင့်သက်သာ ရှိသွားသည်။ တစ်နေကုန် မရွေ့မလျားရတော့ သူ အပြင်ထွက်ကာ လမ်းလျှောက်ချင်သည်။

စုချီလည်း သည်နေ့ မလှုပ်ရှားပါ။ စုလုရီ အခြေနေကောင်းလာတာကြောင့် အဝတ်စားလည်း၍
သူတို့နှစ်ယောက် လမ်းလျှောက် ထွက်လာခဲ့ကြသည်။

သူတို့ ဧည့်ဆောင်ကို ဆင်းလာတော့ လမ်းလျှောက်ပြန်လာတဲ့ အခြား မိသားစုလေးယောက်နဲ့ ဆုံ၏။
စုယွီက သူတို့ လမ်းလျှောက်သွားမှာ မြင်၍ ချက်ချင်းလိုက်လာသည်။
"ဘိလိယက် မကစားချင်ကြဘူးလား"

စုကျစ်ထုံက သဘောတူ၏။ "ကောင်းသားပဲ၊ ဘိလိယက်က အထဲမှာပဲဆိုတော့ လေလည်း မတိုက်ဘူးပဲ။ သွားပြီးခဏကစားလို့ရတယ်"

စုလုရီ "ဟုတ်ကဲ့"

သူအရင်က ဘိလိယက် မကစားဖူးပါ။ ဘိလိယက်က ကစားသမားတွေနဲ့ သူဌေးတွေအတွက်လို့ပဲထင်သည်။

တီဗီထဲမှာဆို ချမ်းသာပြီး ရုပ်ချောတဲ့ ကောင်လေးတွေက  ဘိလိယက် သုံးပြီး ကောင်မလေးတွေကိုကြူကြတယ်လေ။
ကံဆိုးစွာနဲ့ပဲ သည်ထဲမှာ သူတို့ ညီအစ်ကို လေးယောက်ပဲ ရှိတာမို့ ကြူစရာ ကောင်မလေးက ရှိမနေ။

ဖျော်ဖြေရေး နေရာမှာတော့ ဘိလိယက်ခုံက ပထမဆုံးမှာရှိသည်။ ဘိုးလင်းပစ်တာနဲ့ ရေခဲပြင် စကိတ်စီးတာရဲ့ ဘေးကပ်ရပ်မှာပေါ့။ စုလုရီ နားမလည်စွာ "အကုန် အားကစားပဲကို ဘာလို့ တစ်နေရာထဲမှာ မရှိတာလဲ" လို့ မေးလိုက်၏။

စုကျန်းချန် ပညာရှင်ဆန်ဆန် ဖြေမလို့ လုပ်နေတုန်းမှာပဲ စုချီကတော့ စကားလုံးအတတ်နဲ့ ပြန်မေးလိုက်သည်။
"အပန်းဖြေစခန်းထဲ ထားပြီး ဘာလုပ်မှာလဲ။ ရောဂါ တိုးလာအောင်လို့လား"

စုလုရီ "..."

ဘိလိယက်ဆောင်က အပြင်ကနေကြည့်ရင် လုံးဝအမိုက်စား နောက်ဆုံးပေါ် ဖျော်ဖြေရေးနေရာပဲ။
စုလုရီ အဝင်ပေါက်မှာ 'NY' ဆိုတဲ့ စာလုံးနှစ်လုံး တွေ့လိုက်ရသည်။ ဘားမှာလိုပဲ။

သူတို့လေးယောက် ဝင်သွားကြပြီး သီးသန့်ခန်းကိုဖွင့်လိုက်၏။ အဲ့မှာ ဆိုဖာ၊ စားပွဲ၊ ကော်ဖီ စားပွဲနဲ့
သီချင်းတွေ၊ ရုပ်ရှင်တွေ ကြည့်လို့ရတဲ့ မော်နီတာလေးတစ်ခု ရှိသည်။

စုချီက အင်္ကျီလက် ကြယ်သီးတွေကို ဖြုတ်ကာ တံတောင်ဆစ်အထိ ခေါက်တင်လိုက်သည်။ သူ့အပေါ်က မီးရောင်က သူ့ရဲ့လက်ကောက်တတ်ကြွက်သားပေါ်ဖြာကျနေ၏။ စုလုရီက ဘိလိယက်ကစားရခြင်း ရည်ရွယ်ချက်ကို နားလည်သွားသည်။

စုယွီကတော့ ဘိလိယက်တံကို သူ့လက်ထဲမှာ စတန့်ပြသလို လှည့်နေ၏။ သူ ကစားပွဲစွန်းကနေ
ဘေးတိုက်ကြည့်ကာ ပုံမှန် အမူအရာနဲ့ "ဘန်း"

ဘိလိယက် ဘောလုံးတွေက အနီရောင် ဘောလုံးနဲ့ထိကာ ပရိယာယ်များတဲ့ ထောင့်အနေထားနဲ့ ချိန်ကွင်းထဲမှာ ရောက်နေ၏။ ကောင်းတဲ့ အခြေအနေပဲ။

စုယွီကတော့ သာမာန်ပါပဲ "ကံကောင်းတာပါ၊ ကံကောင်းသွားတာ"

စုချီက ကလပ်ကို ယူလိုက်သည်။ စုယွီနဲ့ မတူစွာ သူရပ်နေတဲ့ပုံစံက တိကျပြီး ကြော့ရှင်းနေသည်။
သူရဲ့ကျယ်ပြန်တဲ့ ပုခုံးနောက်က ပွင့်ကားနေပြီး သူ့ရဲ့လက်မောင်းနဲ့ တံတောင်ကတော့ စုဝင်နေသည်။
သူ ကလပ်ပေါ် မှီချလိုက်တော့ အလင်းရောင်က သူ့မျက်ဝန်းတွေမှာ အလင်းပြန်ကာ မသိရင် သားရဲကြီးခိုနေသလိုပဲ။

"ဘန်း"

စုလုရီကတော့ ဘေးမှာထိုင်ကာ သူ့ အစ်ကို နှစ်ယောက် ကစားတာကို ထိုင်ကြည့်နေလိုက်၏။
စုကျန်းချန်က သူ့ကို ဂိမ်းအကြောင်း အတိုချုံ့ရှင်းပြသည်။ သူ ဘာကို ဆိုလိုချင်လည်း မသိပေမယ့်
အတိုချုံ့ရရင် အနိုင်ကျင့်ပြန်ပြီ။

ပထမ အချီပြီးတော့ စုချီက မတ်မတ်ရပ်ကာ လှည့်လာပြီး "ကစားချင်လား"

စုလုရီက တွန့်ဆုတ်နေပြီး "ဘယ်လို ဆော့ရမလဲ မသိဘူး"

"လာ၊ တတိယ အစ်ကိုကြီးက ကိုယ်ဖိရင်ဖိ သင်ပေးမယ်" စုယွီက လက်မောင်းကြီးဖြန့်ကာ နောက်ကနေဝင်လုံးသည်။
"အား" ပြီးတာနဲ့ ဗိုက်ကို ဘိလိယက်အတံနဲ့ ထိုးခံလိုက်ရ၏။

စုချီက စောင့်ထိုးပြီးတာနဲ့ "မင်း ပြောတော့ ကံကောင်းတာဆို"

စုယွီ "... ..."

စုချီက စုလုရီကို လက်ယက်ခေါ်ကာ "ဒီကိုလာ"

စုလုရီက တာဝန်သိစွာ လျှောခနဲ ရောက်သွားသည်။ သူ ဘိလိယက်တံကို ကိုင်လိုက်တာနဲ့ အေးစက်တဲ့အထိတွေ့ကို ခံစားလိုက်ရ၏။ စုချီက သူ့လက်ကိုကိုင်ကာ အောက်ဆွဲချပြီး ...
"ဒီကနေ ကိုင်"

သူ့ လက်ဖဝါး ရွေ့သွားတဲ့နေရာမှာ အနွေးဓာတ်လေး ကျန်နေခဲ့သည်။

စုလုရီက စုချီ သင်ပေးတဲ့အတိုင်း လိုက်လုပ်ကာ အနေအထားကို ပြင်လိုက်ပြီး ကုန်းလိုက်သည်။
သူ့အပေါ်ပိုင်း ခန္ဓာကိုယ်က စားပွဲအစွန်းမှာ လှဲနေသည်။ အလင်းကနေ အရိပ်ကျလာပြီး တစ်ခဏလောက် သူ့ကိုယ်သူ အရမ်းချောတာပဲလို့ တွေးမိလိုက်၏။ "အစ်ကိုကြီး၊ ကျွန်တော့်ကို ကြည့်၊ ကျွန်တော့်ပုံက အရမ်းတွေ ဆွဲဆောင်မှု မရှိဘူးလား"

သူက စုချီကို "အစ်ကိုကြီး" လို့ ခေါ်တာ အကျင့်ဖြစ်နေပြီး ညီအစ်ကို သုံးယောက်လုံး ရှိနေတဲ့အချိန်မှာပါ ခေါ်မိသွားတော့ သုံးယောက်လုံးက လှည့်ကြည့်လာ၏။

အလင်းရောင်အောက်မှာ ယောင်္ကျားရော၊ မိန်းမရော မျက်စိကျချင်စရာ အကောင်းဆုံးကတော့
ခါးပင်။ အရမ်းကို ဖိတ်ခေါ်နေသလိုပဲ။

စုလုရီ ပေးတဲ့ အပူတွေက မထင်မရှားနဲ့ပဲ ကလပ်ကလေကို ထိသွားခဲ့သည်။

သူတို့ တစ်အုပ် "... ..."

စုချီက နှာခေါင်းရှုံ့လိုက်ကာ "အဲ့တာနဲ့ ဘယ်သူ့ကိုကြူလို့ရမှာလဲ"

စုလုရီကတော့ ချေချေပဲ "အမြင်မရှိတဲ့ သူကတော့ ရှိကို မရှိတာနော်"

အမှတ်နည်းနည်းလောက် ယူပြီးတာနဲ့ စုလုရီက စားပွဲကနေ ထွက်လာခဲ့ပြီး စုကျန်းနဲ့ စုယွီ နှစ်ယောက်ကို ထားခဲ့၏။ မလာခင်က ရေတွေ အများကြီး သောက်ခဲ့တာကြောင့် အခု အိမ်သာသွားချင်လာသည်။
သူများတွေကို လက်ပြကာ တံခါးကို တွန်းဖွင့်လိုက်၏။

ဘိလိယက်ဆောင်ရဲ့ အတွင်းဒီဇိုင်းက အကောင်းစား ပြင်ဆင်ထားတာပင်။ ကော်ရစ်တာပေါ်က မီးလုံးတွေက ငါးမီတာ ခြားပြီး အနီရောင်ကော်ဇော‌ပေါ်မှာ အလင်းနဲ့ အမှောင် ခြားစေသည်။

စုလုရီ အိမ်သာ ထောင့်ကနေ ထွက်လာတဲ့  တစ်စုံတစ်ယောက်ကို ဝင်တိုက်မိမလို ဖြစ်သွားခဲ့သည်။

လက်တစ်စုံက သူ့ကို ထိန်းပေးလာပြီး "ဂရုစိုက်"

အသံက ရင်းနှီးနေတာကြောင့် စုလုရီ မော့ကြည့်လိုက်၏။ သူ့အရှေ့က လူကို အရင်က မြင်ဖူးနေသည်။
အဲ့တာ ကလပ် မန်နေဂျာ "ဟု" ပဲ။

တစ်ဖက်လူကလည်း သူ့ကို မြင်တော့ အံ့သြသွားပြီး ပြုံးပြလာကာ "ဘယ်လို တိုက်ဆိုင်မှုမျိုးလည်း။
ကိုယ်တို့ကတော့ ရေစက်ပဲ"

စုလုရီ သူပြောတဲ့စကားက တစ်ခုခု မှားနေသလို ခံစားရပေမယ့်လည်း လောလောဆယ် ခေါင်းကအလုပ်မလုပ်ပါ။
မြန်မြန်သွားဖို့ ဆင်ခြေရှာဖို့သာ ပြင်ရသည်။

ဒါပေမယ့် တစ်ဖက်လူကတော့ လွှတ်ပေးဖို့ အစီစဥ်မရှိတဲ့ပုံ "အရင်တစ်ခေါက်က သာမန်ကျောင်းသားလေးလို့ ထင်လိုက်လို့ပါ။ စော်ကားဖို့ မရည်ရွယ်ပါဘူး။ ဒီနေ့ အမှားပြင်ပြီး သူငယ်ချင်း လုပ်လို့ရမလား"

စုလုရီ တွန့်ဆုတ်နေပြီး "ဒီနေ့တော့ အဆင်မပြေဘူး။ နောက်နေ့မှ လုပ်ကြတာပေါ့"

"အရမ်း ငြင်းတာပဲ။ ဘာလဲ၊ ကိုယ့် ရည်ရွယ်ချက်တွေက သိသာနေတာလား" ထိုလူက အကူညီမဲ့စွာ
ပြုံးလာခဲ့ပြီး လက်တစ်ဖက်ထုတ်ကာ လမ်းကို ပိတ်ထားလိုက်သည်။ "ဝန်ခံပါတယ်။ မင်းကို ကြိုက်လို့
လိုက်မယ်ဆိုတာ"

စုလုရီ ဖြတ်ခနဲ မော့ကြည့်လိုက်သည်။

ထိုလူကတော့ သူ့ကို ဆက်ကြည့်နေပြီး "တစ်ယောက်နဲ့ တစ်ယောက် သိပြီးမှ ငြင်းလည်း
နောက်မကျပါဘူး။ ဟုတ်တယ် မလား"

ချီးပဲ၊ ဘာကြီးတုန်း။ ဖောက်သည် ရှာတဲ့ အကွက်ကြီး မဟုတ်ဘူးပေါ့။

စုလုရီ တစ်ကိုယ်လုံး နေလို့ မကောင်းပါ။ သူက‌ ဘေးကို လှည့်ပြီး သူ့ အရှေ့က လူကို ပတ်သွားဖို့ကြံလိုက်ပေမယ့် ထပ်အပိတ်ခံလိုက်ရသည်။ ထိုလူက သူ့ အနားကပ်လာပြီး "တကယ်ပြောတာ၊ ပထမဆုံး မြင်မြင်ချင်း ချစ်သွားခဲ့တာ..."

ဒုန်း။

ကော်ဇောက ပုံမှန်ဆို အသံမြည်လေ့ မရှိပေမယ့် တဒုန်းဒုန်း မြည်အောင် လျှောက်လာတဲ့သူကြောင့် ပြောနေသည့် ထိုလူရဲ့ အာရုံစိုက်မှုကို ရသွားသည်။

ထိုလူက လှည့်ကြည့်လိုက်ပြိး လာနေတဲ့သူကို မြင်တော့ ပြုံးလိုက်၏။

"မစ္စတာ စု"

စုချီက ခြောက်မီတာ၊ ခုနှစ်မီတာလောက် အကွာဝေးမှာ ရပ်နေသည်။ အလင်း‌ရောင်တွေက
သူ့အပေါ်ဖြာကျနေပြီး သူက ထိုလူကို အမှောင်ထုထဲက ရေသေလို မျက်ဝန်းတွေနဲ့ ကြည့်နေ၏။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now