Chapter 72

3.3K 357 0
                                    

စုလုရီ
အပိုင်း (၇၂) ၁၂ နာရီ အနမ်း


"အစ်ကိုကြီးက ငါ့ကို စာပို့ချင်လို့ ထွက်သွားတာလား" ဟု တွေးကာ စုလုရီက မျက်နှာနီရဲသွားသည်။

ထို့နောက် မိသားစုများကို လှမ်းကြည့်လိုက်ရာ စကားပြောရင်း သူ့ကို ဂရုမစိုက်ကြသဖြင့် "အခု မရ‌ဘူးလေ" ဟု စုချီထံ စာပြန်ပို့လိုက်၏။

စုချီ : "(၁၂) နာရီကျရင် ပေးရမယ်"

"..."

"ဟင်၊ ည (၁၂) နာရီတဲ့လား။ အဲ့အချိန်ဆို မိသားစုတွေက စုနေမှာဆိုတော့ ပိုပြီး အန္တရာယ် မများလွန်းဘူးလား"

စုလုရီ၏ အတွေးထဲ၌ လက်ခံသင့်၊ မသင့်ကို ချီတုံချတုံ ဖြစ်နေသည့်အချိန်တွင် စုချီက ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

စုလုရီက လျှောက်လမ်းအနီးတွင် ထိုင်နေသဖြင့် စုချီကို အရင်ဆုံး မြင်သွားပြီး နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသောအခါ စုချီ၏ မျက်လုံးများက စူးရှ‌ လေးနက်နေသည်ကို တွေ့လိုက်ရသည်။

ထိုကြောင့် စုလုရီက ရင်ခုန်သွားကာ ဖုန်းကို ဆိုဖာပေါ်သို့ ပြန်ချပြီး "နမ်းမယ်ဟာ" ဟု ဆုံးဖြတ်လိုက်၏။

စုချီ ပြန်ရောက်လာသောအခါ စုကျစ်ထုံက ကြည့်ပြီး "သူဌေး၊ ပြန်ရောက်လာပြီလား" ဟု မေးလိုက်သဖြင့် စုချီက "ဟုတ်ကဲ့ အဖေ" ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် ပုံမှန် အမူအရာဖြင့် စုလုရီ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

စုချီ၏ လက်တွင် ရေစက်များကို တွေ့လိုက်ရသဖြင့် စုလုရီက "သံသယ မဝင်အောင် လုပ်တဲ့နေရာမှာ တော်လိုက်တာ" ဟု စိတ်ထဲမှ ချီးကျူးနေလိုက်သည်။

...

နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်နေကြပြီး စုလုရီက မုန့်စားရင်း စုချီကို ခိုးခိုးကြည့်ကာ (၁၂) နာရီတွင် အနမ်း ပေးရမည့် နည်းလမ်းကို စဉ်းစားနေလိုက်၏။

"အစ်ကိုကြီး၊ ဒီလို စွန့်စားရတဲ့ ဆုံးဖြတ်ချက်မျိုးကို ချလိုက်တာ သူ့ ဆန္ဒက တော်တော် ပြင်းထန်နေလို့ ဖြစ်မယ်"

မုန့်စားနေရင်း ဘေးနားက စုချီက "ဘယ်ချိန်ရှိပြီလဲ" ဟု ထမေးလိုက်ရာ နှစ်ယောက်ကျော်တွင် ထိုင်နေသော စုကျန်းချန်က ကြားသွားပြီး "အစ်ကိုကြီး၊ တီဗီထောင့်မှာ (၁၁) နာရီ (၅၀) မိနစ်ဆိုပြီး ပြထားတဲ့ဟာ ရှိတယ်လေ" ဟု ညွှန်ပြလိုက်သည်။

"အင်း၊ တွေ့ပြီ"

"အစ်ကိုကြီးက ငါ့ကို သတိပေးနေတာပဲ။ သေချာစဉ်းစားကြည့်မှ ဖွင့်ပြောတာလည်း အစ်ကိုကြီးပဲ။ ငါ့ကို လိုက်ခဲ့တာလည်း အစ်ကိုကြီးပဲဆိုတော့ ဒီနှစ် နှစ်သစ်မှာ ငါက သူ့ကို အရင်ဆုံး ဦးစားပေးတာ ခံချင်လို့ ဖြစ်မယ်" ဟု စုလုရီက တွေးပြီး လုပ်ရမည့် တာဝန်မှာ ကြီးမားသည်ဟု ခံစားမိလာတော့သည်။

ည (၁၂) နာရီ ထိုးရန်မှာလည်း တစ်မိနစ်ပြီး တစ်မိနစ် နီးကပ်လာပြီ ဖြစ်၏။

ယုရှင်းရန်က စုကျစ်ထုံ၏ ပေါင်ကို ပုတ်ကာ "နှစ်ကူးဖို့ (၅) မိနစ်ပဲ လိုတော့တယ်၊ ကျစ်ထုံ။ ကျုပ်တို့ ကျယ်ကျယ် အော်ရမယ်နော်" ဟု ပြောလိုက်သဖြင့် စုကျစ်ထုံက "ဟုတ်ပါပြီ၊ မိန်းမသဘော" ဟု ပြန်ပြောလိုက်သည်။

နွေဦးပွဲတော် အစီအစဉ်မှာလည်း ပြီးဆုံးတော့မည် ဖြစ်ပြီး အစီအစဉ် တင်ဆက်သူများက စင်ပေါ်တွင် မတ်တတ်ရပ်ကာ ပြည်သူလူထုနှင့်အတူ ရေတွက်ရန် အဆင်သင့် ဖြစ်နေကြသည်။

စုလုရီက စုကျစ်ထုံနှင့် ယုရှင်းရန်တို့ စကားပြောနေသည့် အချိန်၌ ဖုန်းကိုယူကာ တစ်မိနစ်ခွဲ ကြာလျှင် ဖုန်းထမြည်ရန် နှိုးစက်ပေးလိုက်၏။

တစ်မိနစ်ခွဲ ကြာသောအခါ ဖုန်းထမြည်လာသဖြင့် လူအားလုံးက အသံလားရာဆီသို့ တစ်ပြိုင်နက်
တည်း လှမ်းကြည့်လိုက်ကြသည်။

စုလုရီက ဖုန်းကို ကိုင်ကာ ကြည့်လိုက်ပြီး "သားသူငယ်ချင်းက နှစ်သစ်ကူး နှုတ်ဆက်မလို့ ဖုန်းခေါ်တာထင်တယ်။ သား ဖုန်းသွားပြောလိုက်ဦး‌မယ်နော်" ဟု ပြောကာ လှစ်ခနဲ အိမ်ပြင်သို့ ပြေးထွက်သွားတော့သည်။

"ဟေ့..."

စုကျစ်ထုံက တားချိန်တောင် မရလိုက်သဖြင့် ယုရှင်းရန်ကို ကြည့်ကာ "ဘယ် သူငယ်ချင်းမို့လို့ မိသားစုနဲ့ နှစ် အတူတူကူးဖို့ ကိစ္စထက် ပိုအရေးကြီးနေတာလဲ" ဟု ပြောဆိုလိုက်၏။

"ရှင်ကလည်း၊ ရှောင်ရီလေးက အရွယ်ရောက်နေပြီ ဆိုတော့ သူ့မှာလည်း သူငယ်ချင်း အသိုင်းအဝိုင်း ရှိမှာပေါ့။ သူ့ကို ကြိုက်နေတဲ့ လူလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဟဟ"

"တို့ သားငယ်လေးဆီကိုပဲ ဘာလို့ လာလာနေကြတာလဲကွာ"

စုကျစ်ထုံ၏ စကားကြောင့် စုချီက စုကျစ်ထုံ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။

(၁၂) နာရီ ထိုးရန် (၃) မိနစ် အလိုတွင် စုကျစ်ထုံက တံခါးကို ကြည့်လိုက်ရာ စုလုရီ ပြန်မဝင်လာသေးသဖြင့် "ဘာလို့ ရှောင်ရီလေးက ပြန်မဝင်လာသေးတာလဲ" ဟု ရေရွတ်လိုက်၏။

ထို့နောက် စိတ်ထဲတွင် စုချီကို သွားခေါ်ခိုင်းရန် ပြင်လိုက်သော်လည်း နှုတ်ကမူ "သား (၃)၊ အပြင်ထွက်ပြီး ရှောင်ရီလေးကို ပြန်ခေါ်လာခဲ့စမ်း" ဟု ခိုင်းလိုက်သည်။

"ဟုတ်ကဲ့" ဟု ပြောပြီး စုယွီက ထလာကာ စုချီ အရှေ့သို့ ရောက်သောအခါ ရပ်သွားတော့၏။

စုချီက စုယွီကို မော့ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ ညီ၊(၃)" ဟု လှမ်းမေးလိုက်သည်။

ဖွင့်ထားသော တံခါးမှ လေအေးများ ဝင်လာသဖြင့် ထိုလေအေးကို အကြောင်းပြကာ စုယွီက ချမ်းသည့်ယောင်ဆောင်လိုက်ပြီး "ဟူး...လေတွေတိုက်တာ အေးလိုက်တာ" ဟု ထပြောလိုက်၏။

"မင်းက အအေးကြောက်လို့လား"

"အစ်ကိုကြီးက လေအေးတိုက်တာကို မကြောက်ဘူးမလား။ အစ်ကိုကြီးပဲ ညီငယ်လေးကို သွားခေါ်လိုက်တော့" ဟု ပြောပြီး အိတ်ကပ်ထဲသို့ လက်ထည့်ကာ ဆိုဖာပေါ်တွင် ပြန်သွားထိုင်လိုက်သည်။

စုချီက တုံ့ဆိုင်း ငြင်းဆိုခြင်း မရှိဘဲ မတ်တတ် ထရပ်ကာ တံခါးပေါက်မှ ထွက်သွားတော့၏။

...

အိမ် အပြင်ဘက်ရှိ မြက်ခင်းပေါ်တွင် စုလုရီက ဖုန်းကို ကိုင်ကာ နံရံနားတွင် ရပ်နေသည်။

မှန်တံခါးမှ တစ်ဆင့် တီဗီမှ ရေတွက်သံများကို သဲ့သဲ့ ကြားနေရသည်။

ထိုအချိန်တွင် တိတ်ဆိတ်နေသော မြက်ခင်းပြင်မှ လှုပ်ရှားသံ ကြားလာရတော့၏။

စုလုရီက စိတ်လှုပ်ရှားသွားပြီး အသံကြားရာကို ကြည့်လိုက်ရာ စုချီက အိမ်တံခါးမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး"

စုလုရီက လေသံဖြင့်သာ စုချီကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

စုချီက စုလုရီအနားသို့ လျှောက်လာပြီး ခါးကို ဆွဲဖက်ကာ ခေါင်းကို ငုံ့ပြီး စုလုရီကို နမ်းစုပ်လိုက်သည်။

ပူနွေးသော စုချီ၏ လေများက စုလုရီ၏ လည်ပင်းတစ်လျှောက် ဖြတ်သန်းသွားပြီး လေအေးနှင့်အတူ ပူနွေးမှုကိုပါ ခံစားလိုက်ရသည်။

အချိန်ကား ည (၁၁) နာရီ (၅၉) မိနစ် ရှိနေပြီ ဖြစ်၏။

စုချီက စုလုရီ၏ ကိုယ်ကို ဆွဲဖက်ကာ နံရံ၌ ကပ်လိုက်သည်။

တီဗီမှ နောက်ဆုံးမိနစ် ရေတွက်သံကို နံရံမှ တစ်ဆင့် ကြားနေရရာ စုချီက စုလုရီ၏ နဖူးကိုကပ်ပြီး "စုလုရီ" ဟု တိုးတိုးလေး ခေါ်လိုက်၏။

စုလုရီက အသက်ရှူသံ မြန်လာပြီး တုန်ရီကာ စုချီကို "အစ်ကိုကြီး" ဟုပြန်‌ခေါ်ပြီး မော့ကြည့်လိုက်သည်။

နှစ်ကူးရန် စက္ကန့် (၃၀) အလိုတွင် စုချီ၏ နှာသီးဖျားက စုလုရီ၏ နှာသီးဖျားကို လာထိပြီး စကားမပြောဘဲ ရပ်နေလိုက်ကြ၏။

"၁၀၊ ၉၊ ၈၊ ၇ ...." ဟူသော ရေတွက်သံနှင့်အတူ "သူတို့ ဘာလို့ ပြန်မလာသေးတာလဲ" ဟူသော စုကျစ်ထုံ၏ အသံကပါ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"သုံး၊ နှစ်၊ တစ်"

စုလုရီက "အစ်ကိုကြီးကို ကျွန်တော် ချစ်တယ်" ဟုပြောပြီး ခေါင်းကို မော့ကာ စုချီကို နမ်းလိုက်တော့သည်။

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

တီဗီမှ အသံနှင့် အတူ နှုတ်ခမ်း နှစ်စုံမှာလည်း ထိကပ်သွားကြပြီ ဖြစ်၏။

စုချီ၏ အနမ်းက ချစ်စိတ်နှင့် ပိုင်ဆိုင်လိုစိတ် ပြင်းထန်နေကာ စုလုရီက စုချီကို ပြန်ဖက်ထားပြီး အပြန်အလှန် နမ်းစုပ်နေလိုက်ကြသည်။

နံရံခြားထားသော ဧည့်ခန်းထဲတွင်လည်း နှစ်ကူး၍ ပျော်ရွှင်နေကြပြီ ဖြစ်သည်။

....

ခဏ ကြာသောအခါ နှစ်ယောက်သား ပြန်ခွာလိုက်ကြပြီး စုချီက စုလုရီ၏ ကျောကို ကိုင်ကာ "ပြန်ကြရအောင်" ဟု ပြောလိုက်သည်။

စုလုရီက စုချီ၏ အရှေ့မှ အိမ်ထဲသို့ အရင် ခပ်သွက်သွက် လျှောက်သွားပြီး စုချီကမူ အနောက်မှ အေးဆေး လိုက်လာလိုက်၏။

အိမ်ထဲသို့‌ ရောက်သောအခါ စုကျစ်ထုံက "ရှောင်ရီ၊ ဘာလို့ အပြင်မှာ အကြာကြီး နေနေတာလဲ" ဟုဆီးကြိုပြီး မေးလိုက်သည်။

"သူငယ်ချင်းတွေနဲ့ ဖုန်းပြောရင်း နှစ်ကူးလိုက်လို့ပါ၊ ပါးပါး"

"ဒါဆို သူဌေးကရော ဘာလို့ အပြင်မှာ နေနေတာလဲ"

"သား ပြန်လာတဲ့ အချိန်မှာ (၁၂) ထိုးသွားပြီ မို့လို့ စုလုရီနဲ့ပဲ အတူတူ နှစ်ကူးလိုက်တာ"

ထိုအချိန်တွင် "တစ်ယောက်တည်း နှစ်ကူးရတာထက်စာရင် တော်ပါသေးတယ်၊ ကျစ်ထုံရယ်" ဟု ယုရှင်းရန်က ဝင်ပြောလိုက်သဖြင့် စုလုရီက ယုရှင်းရန်ကို ဖက်ကာ "မားမား ပြောတာ မှန်တယ်" ဟု ချွဲ့နွဲ့ပြောဆိုလိုက်သည်။

"..."

"ကဲ၊ ရှင်ကရော ဘယ်လိုလဲ" ဟု ယုရှင်းရန်က စုကျစ်ထုံကို လှည့်မေးလိုက်သဖြင့် "မိန်းမ ပြောတာ မှန်တယ်" ဟု ထောက်ခံကာ ဧည့်ခန်းထဲတွင် ရယ်မောသံ များဖြင့် ဆူညံသွားတော့သည်။

...

နွေဦးပွဲတော် အစီအစဉ်မှာ (၁၂) နာရီ (၄၀) မိနစ်တွင် ပြီးဆုံးသွား၍ အားလုံးမှာလည်း အိပ်ချင်နေကြပြီ ဖြစ်၏။

သို့သော် စားပွဲပေါ်တွင် အစားအသောက်များ ကျန်နေသေးသဖြင့် ယုရှင်းရန်က "ဒီအချိန်ဆို မားဝူလည်း အိပ်နေလောက်ပြီဆိုတော့ ကျွန်မ ဒါတွေ သိမ်းပြီးမှပဲ လိုက်ခဲ့တော့မယ်၊ တက်နှင့်ကြ" ဟု ပြောလိုက်သည်။

ထိုအခါ စုကျစ်ထုံက "မိန်းမ အရင်တက်ပြီး အိပ်နှင့်လိုက်ပါ။ ဒါတွေကို ကိုယ်နဲ့ သူဌေး သိမ်းခဲ့လိုက်မယ်" ဟု ပြောပြီး စုချီကို ခေါ်ထားလိုက်၏။

ထို့ကြောင့် ဧည့်ခန်းထဲတွင် စုကျစ်ထုံနှင့် စုချီတို့ နှစ်ဦးသာ ကျန်ခဲ့ပြီး ကျန်သူများက အိပ်ရန် အပေါ်တက်သွားကြတော့သည်။

စုကျစ်ထုံက အင်္ကျီလက်ကို ခေါက်ပြီး စားပွဲပေါ်ရှိ ပန်းကန်များကို သိမ်းဆည်းကာ စုချီကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် "သူဌေး" ဟု ခေါ်လိုက်သဖြင့် စုချီက သိမ်းဆည်းနေရင်း လှမ်းကြည့်လိုက်ရာ "အဖေ မင်းကို မေးစရာ တစ်ခုရှိလို့" ဟု ထပ်မေးလိုက်၏။

သားအဖနှစ်ယောက် ခဏတာ ရပ်ကြည့်နေကြပြီး စကား မပြောသော်လည်း စုကျစ်ထုံ မေးလာမည့် မေးခွန်းကို စုချီက ခံစားမိနေခဲ့သည်။

"အဖေက မင်းရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားတယ်။ ပြီးတော့ ဒီနှစ်တွေ အတွင်းမှာ မင်းရဲ့ အချစ်ရေး အကြောင်းကို တစ်ခါမှ မမေးဖြစ်ခဲ့ဘူး။ အခု အဖေ မင်းကို မေးမယ်။ မင်း ကြိုက်တဲ့လူ ရှိနေပြီလား၊ သူဌေး"

ဧည့်ခန်းထဲတွင် ခဏကြာ တိတ်ဆိတ်‌ ငြိမ်သက်သွားပြီးမှ စုချီက မျက်လွှာကို ချကာ "အင်း" ဟု ဖြေလိုက်တော့သည်။


...…….................................
.........................................


အပိုင်း (၇၂) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Där berättelser lever. Upptäck nu