စုလုရီ
အပိုင်း (၃၄) ဂရုစိုက်မှု
စုကျစ်ထုံနှင့် ယုရှင်းရန်တို့က စုလုရီ၏ ကျောကုန်းရှိ အဖုအပိန့်များကို လှန်ကြည့်လိုက်ရာ ဆေးလိမ်းထားသဖြင့် စိတ်သက်သာရာ ရသွားကြသည်။
ယုရှင်းရန်က "သားငယ်လေးကလည်း ရေညှိနဲ့ မတည့်ဘူးဆိုတာ သိရက်နဲ့ ဘာလို့ မပြောဘဲ နေနေတာလဲ" ဟု ဝမ်းနည်းနေသည့် မျက်နှာဖြင့် ပြောလေ၏။
ယခင် စုလုရီ၏ ခန္ဓာကိုယ်မှာ ရေညှိနှင့် မတည့်ကြောင်းကို စုကျစ်ထုံ၊ ယုရှင်းရန်နှင့် ဝူမတို့သာ သိကြသည်။
ကျန်သော အစ်ကို သုံးယောက်မှာ စုလုရီနှင့် ဆက်ဆံရေး မပြေလည်ကြသဖြင့် မသိကြချေ။
စုလုရီ ကိုယ်တိုင်ကလည်း ယခု ခန္ဓာကိုယ်၏ ဓာတ်မတည့်မှုကို မသိ။
စုကျန်းချန်က အဖုအပိန့်များကို ကြည့်ကာ "မင်း အစားအသောက် ဆင်ခြင်မှ ရတော့မယ်" ဟု ပြောလိုက်သည်။
"အင်းပါ၊ အစ်ကို (၂)"
စုလုရီက ထိုသို့ ပြောပြီး လှေကားပေါ်သို့ လှမ်းကြည့်လိုက်သောအခါ စုချီ ဆင်းလာသည်ကို မတွေ့ရသေးပေ။
ထို့ကြောင့် အပေါ်ထပ်သို့ တက်သွားကာ စုချီ၏ အခန်းဆီသို့ လျှောက်သွားလိုက်၏။
အခန်းတံခါးကို ခေါက်ကာ "အစ်ကိုကြီး" ဟု ခေါ်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ထိုအခါ စုချီမှာ အဝတ်အစားပင် မလဲရသေးဘဲ စားပွဲပေါ်သို့ လက်ထောက်ကာ ခေါင်းငုံ့နေသည့် အနေအထားဖြင့် တစ်စုံတစ်ရာကို စဉ်းစားနေသည့်ဟန် တွေ့လိုက်ရ၏။
စုလုရီ၏ ခေါ်သံကို ကြားလိုက်မှသာ လှည့်လာပြီး ...
"ဘာကိစ္စလဲ" ဟု မေးလိုက်သည်။
"အဝတ်အစား လဲပြီးရင် ထမင်း သွားစားကြမယ်နော်၊ အစ်ကိုကြီး"
"အင်း"
စုလုရီက "ဒါက အစ်ကိုကြီး အမှားမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့ အစ်ကိုကြီးရယ်" ဟု စိတ်ထဲမှ ပြောလိုက်လေသည်။
စုလုရီ အဝတ်အစားလဲ၍ အောက်ထပ်သို့ ဆင်းလာသောအခါ ထမင်းစားပွဲ၌ စုကျန်းချန် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
"အစ်ကို (၂)၊ စားပြီးပြီ မလား"
"ငါ မင်း စားတာကို ကြီးကြပ်မလို့"
စုလုရီက သူ၏ အစ်ကို (၂) ၏ ကြင်နာပေးမှုကို လက်ခံကာ ထပ်မပြောတော့ပေ။
ဝူမက ဟင်းများကို ပြန်နွှေးကာ စားပွဲပေါ်သို့ ချပေးလိုက်သည်။
စုကျန်းချန်က ဟင်းပွဲအစပ်ကို တွေ့သောအခါ ဘေးသို့ ဖယ်လိုက်ပြီး "မင်း ဒါမစားနဲ့" ဟု စုလုရီကို ပြောလိုက်၏။
"ရေခွက်ထဲ နှစ်ပြီး စားလို့ရပါတယ်၊ အစ်ကို (၂)"
ထိုအခါ မီးဖိုခန်းထဲသို့ ဝင်လာသော စုချီက စုလုရီထံသို့ ဟင်းအစပ်ကို ပြန်ယူပေးလိုက်ကာ "စား" ဟုအေးစက်စွာ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ဘာလို့ သူ့ကို စားခိုင်းနေတာလဲ"
"မင်းက သူ့ကို ကြီးကြပ်ပေးနေတာလား၊ ငါ့ကို အစပ်ဟင်းနဲ့ပဲ စားရအောင်လုပ်နေတာလား"
စုကျန်းချန် ဘာမှ ပြန်မပြောတော့ပေ။
နောက်တစ်နေ့ မနက် အလုပ် သွားသောအခါ စုကျစ်ထုံက "သားငယ်လေး၊ ဒီနေ့ အနားယူလိုက်ပါလား" ဟု စုလုရီကို အလုပ်မသွားရန် တားလိုက်သည်။
ထိုအခါ စုလုရီက စုချီ၏ မျက်နှာကို ကြည့်ကာ "ရပါတယ်၊ ပါးပါးရဲ့။ အစ်ကိုကြီး ပါတာပဲကို" ဟုပြန်ပြောလိုက်၏။
စုကျစ်ထုံက ပြော၍ ရနိုင်မည် မဟုတ်ကြောင်းကို သိလိုက်သဖြင့် "ဒါဆိုလည်း သူဌေးရေ။ သူ့ကို ဆေး သေချာ လူးပေးလိုက်ဦးနော်" ဟု စုချီကို မှာကြားလိုက်သည်။
"ကျွန်တော် သိပြီ" ဟု စုချီက ပြောကာ အလုပ်သို့ ထွက်လာလိုက်ကြ၏။
အလုပ်သို့ ရောက်သောအခါ စုချီက ရှင်းရီအုပ်စုနှင့် ဆွေးနွေးထားသော အလုပ်ကိစ္စအတွက် သက်ဆိုင်ရာ ဌာနများနှင့် အစည်းအဝေးလုပ်ရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
စုလုရီကိုလည်း သူ၏ စားပွဲကို ရှင်းထားရန် မှာကြားသွားခဲ့၏။
စုချီ ထွက်သွားသောအခါ ရုံးခန်း အကျယ်ကြီး၌ စုလုရီ တစ်ယောက်ထဲ ကျန်ခဲ့ကာ တိတ်ဆိတ်နေတော့သည်။
စုလုရီက စားပွဲကို ရှင်းနေရင်း ခဏနားကာ ဖုန်းသုံးလိုက်၏။
ထိုအခါ စုယွီထံမှ စာနှစ်စောင်ကို တွေ့လိုက်သည်။
စုယွီ - "ညီလေး၊ ဓာတ်မတည့်လို့ဆို"
စုယွီ - "ပြစမ်းပါဦး။ အစ်ကို (၃) ရဲ့ သူငယ်ချင်း ဆရာဝန်ကို မေးကြည့်ရအောင်"
အိမ်မှ တစ်ယောက်ယောက် စုယွီကို ပြောလိုက်ခြင်း ဖြစ်မည်ဟု စုလုရီက တွေးကာ စာပြန်လိုက်သည်။
စုလုရီ - "ရတယ်၊ အစ်ကို (၃)။ ဆေးရုံ သွားပြီးပြီ"
စုယွီ - "မြင်ရမှ ယုံမယ်။ ဓာတ်ပုံ ရိုက်ပြ"
စုလုရီ - "အဖုအပိန့်တွေနဲ့ ကြည့်ရဆိုးနေတယ်"
စုယွီ - "ရတယ်။ ဘယ်လောက် ရုပ်ဆိုးလဲ ဆိုတာကိုပဲ ကြည့်ချင်တာ"
စုလုရီ - "..."
မနက်ခင်း အစည်းအဝေးမှာ သတ်မှတ်ထားသည့် အချိန်ထက် စောကာ မနက် (၁၀) နာရီတွင် ပြီးသွားခဲ့သည်။
စုချီ၏ စားပွဲမှာ ရှုပ်ပွနေသေးသဖြင့် "မင်း ဘာလို့ တစ်ဝက်ပဲ ရှင်းလို့ပြီးသေးတာလဲ" ဟု စုချီက စုလုရီကို မေးလိုက်၏။
"ယားလာလို့ အစ်ကိုကြီး"
စုချီက ဘာမှ ဆက်မပြောတော့ဘဲ နားနေခန်းထဲသို့ ဝင်ကာ "ဒီကို လာပြီး ဆေး လာလိမ်း" ဟု စုလုရီကို လှမ်းခေါ်လိုက်သည်။
"မင်းရဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး အောက်က အင်္ကျီကို လှန်လိုက်"
စုလုရီက စုချီ ပြောသည့်အတိုင်း လိုက်လုပ်ကာ "အစ်ကိုကြီး၊ ဓာတ်ပုံ ရိုက်ပေးပါလား" ဟု မေးလိုက်သည်။
"မင်း ကြည့်ချင်လို့လား"
"ဟုတ်ဘူး။ အစ်ကို (၃) က ကြည့်ချင်တယ်ဆိုလို့"
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် စုချီက "ညီ (၃) နဲ့ ပြောထားတာကို ဖွင့်လိုက်" ဟု စုလုရီကို ပြောလိုက်၏။
စုလုရီက ဖုန်းကို ကောက်ကိုင်ကာ စုယွီ၏ Chat box ကို ဖွင့်လိုက်ပြီး "ဒီမှာ အစ်ကိုကြီး။ ရိုက်လိုက်တော့" ဟု ပြောလိုက်သည်။
စုချီက ကင်မရာကို မဖွင့်ဘဲ အသံခလုတ်ကို နှိပ်ကာ "ညီ (၃)၊ မင်း တခြားဗီဒီယိုတစ်ခု ကြည့်ချင်လား" ဟု မေးလိုက်၏။
ထိုအခါ စုလုရီက ခေါင်းလှည့်လာကာ "ဗီဒီယို ပို့လိုက်တာလား အစ်ကိုကြီး။ အစ်ကို (၃) ဘာပြန်ပြောလဲ" ဟု မေးလိုက်သည်။
စုချီက ဖုန်းကို ဘေးသို့ချလိုက်ပြီး ဆေးကို ဆက်လိမ်းပေးကာ "သူက နည်းနည်းလောက်လို့ ပြောတယ်" ဟု ပြောလိုက်၏။
အနီရောင် အဖုအပိန့်များက ရက်အနည်းငယ် ကြာသောအခါ ပျောက်သွားခဲ့သည်။
နိုဝင်ဘာလသို့ ရောက်လာသဖြင့် ရာသီဥတု ပြောင်းလဲကာ အေးလာ၏။
စုလုရီ၌ ရှိသော ကုတ်အင်္ကျီများက တိုကုန်သဖြင့် ဝတ်လိုက်သောအခါ ရယ်စရာ ကောင်းနေသည်။
ထို့ကြောင့် စုချီ၏ အခန်းသို့ သွားကာ ကုတ်အင်္ကျီသွားငှားလိုက်၏။
စုချီ၌ မရှိသဖြင့် စုကျန်းချန်ထံ သွားငှားရန် လုပ်သောအခါ စုချီက "ညီ (၂) က မင်းထက် အရပ်ပိုရှည်တယ်။ မင်း သူ့အင်္ကျီဝတ်လိုက်ရင် ဂါဝန် ဝတ်သလို ဖြစ်သွားမှာပေါ့" ဟု ပြောလိုက်သည်။
ထို့ကြောင့် စုလုရီက မငှားတော့ဘဲ သူ့တွင် ရှိသော အင်္ကျီပါးကိုသာ ဝတ်ကာ အလုပ်သို့ သွားရန် ထွက်လာခဲ့လိုက်၏။
အိမ်အပြင်ရှိ ရာသီဥတုက အေးနေသဖြင့် ကားပေါ်သို့ တက်လိုက်သောအခါ အနွေးပေးစက် ဖွင့်ထားသော်လည်း စုလုရီက ခိုက်ခိုက်တုန်နေလေသည်။
ထိုအခါ စုချီက လမ်း၌ရှိသော ရှော့ပင်းစင်တာ တစ်ခုသို့ အရင်ဝင်လိုက်၏။
ရှော့ပင်းစင်တာရှိ နာမည်ကြီး အဝတ်အစားဆိုင်တစ်ခုသို့ ဝင်ကာ စုလုရီအတွက် ကုတ်အင်္ကျီများကို ရွေးပေးလိုက်သည်။
"ဒါကို ဝတ်ကြည့်လိုက်"
"အစ်ကိုကြီး၊ ဘာတွေလုပ်နေတာလဲ"
စုလုရီ၏ အမေးကို စုချီက ပြန်မဖြေဘဲ အင်္ကျီများကိုသာ ဆက်ရွေးနေလိုက်သည်။
"ရော့၊ ဒါနဲ့ဆို မင်းနဲ့ လိုက်မှာ"
...…….................................
.........................................
အပိုင်း (၃၄) ပြီးပါပြီ။