စုလုရီ
အပိုင်း (၇၃) နည်းဗျူဟာ
စုကျစ်ထုံက ရုတ်တရက် တုန်လှုပ်သွားကာ ယခင် သံသယ ဖြစ်ရပ်များကို အတည်ဟု သတ်မှတ်လိုက်တော့သည်။
ထို့နောက် စုချီကို စေ့စေ့ကြည့်ကာ "မင်း ဘာတွေ ပြောနေလဲဆိုတာ မင်း သိရဲ့လား" ဟု ထမေးလိုက်၏။
စုချီက ဘာမှ ပြန်မပြောဘဲ စုကျစ်ထုံ၏ မျက်နှာကို တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ခိုင်မာသည့် အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။
စုကျစ်ထုံက စုချီ၏ မျက်နှာကို နှစ်စက္ကန့်ကြာ ကြည့်ပြီးနောက် "မင်း ပျော်လား" ဟု ထပ်မေးလိုက်ရာ စုချီက "အဖေ ပြောတော့ တစ်ခုပဲ မေးမှာဆို" ဟု ပြန်ပြောလိုက်လေ၏။
"..."
ထိုအခါ စုကျစ်ထုံက အဖတ်ပြန်ဆယ်ကာ "ဒါဆိုလည်း ငါ နောက်တစ်ခု ထပ်မေးတာပေါ့ကွာ" ဟု ပြန်ပြောလိုက်သည်။
စုချီက "အဖေနဲ့မှ မဆိုင်တာ" ဟု ပြန်ပြောလိုက်သဖြင့် စုကျစ်ထုံက ဒေါသထွက်သွားကာ "ငါက မင်းရဲ့ အဖေကွ။ တော်ပြီ ငါ ဆက်မလုပ်တော့ဘူး" ဟုပြောပြီး တစ်ရှူးလိပ်ကို စားပွဲခုံပေါ်သို့ စိတ်တိုတိုနှင့် ပစ်ချလိုက်သည်။
ထို့နောက် စိတ်ကို ပြန်ထိန်းကာ "သူဌေး၊ မင်း ဘာတွေ လုပ်နေလဲ ဆိုတာကိုရော သိရဲ့လား။ မင်းက ဘယ်သူလဲဆိုတာ ပြန်စဉ်းစားဦး။ တခြားလူတွေ မင်းရဲ့ အချစ်ရေးကို ဘယ်လို ပြောကြမလဲဆိုတာကိုရော စဉ်းစားမိရဲ့လား" ဟု စုကျစ်ထုံက ပြောဆိုလိုက်၏။
စုချီက "သူတို့တွေက ချမ်းသာပြီး အရှိန်အဝါရှိတဲ့ သူတွေဆို ဝေဖန်ရဲမှာ မဟုတ်ဘူး"
"..."
စုကျစ်ထုံ : "ဟုတ်ပြီလေ။ တခြားလူတွေကို ဂရုမစိုက်တာတော့ ထားပါတော့။ မင်းက မိသားစုတွေကိုရော ထည့်မတွက်ဘူးလား။ ငါတို့က မိသားစုဝင် နှစ်ယောက် ချစ်နေကြတာကို ဘယ်လိုလုပ်ပြီး လက်ခံရမှာလဲ"
စုချီ : "ဒါဆို အဖေက သားတို့ကို ဘာဖြစ်စေချင်တာလဲ။ လမ်းခွဲစေချင်တာလား"
စုကျစ်ထုံက စိတ်ထဲရှိသည့် ခံစားချက်များကို ပြောလိုက်သော်လည်း သားနှစ်ယောက်၏ ဆက်ဆံရေးကို ကိုင်တွယ်ရမည့် နည်းလမ်းကို မတွေးရသေးပေ။
"လမ်းခွဲခိုင်းလိုက်ပြန်ရင်လည်း ရက်စက်ရာ ကျသွားလွန်းမလား။ ပြီးတော့ လမ်းခွဲပြီးရင် တစ်မိုးအောက်ထဲ ဘယ်လိုနေကြမလဲ" ဟု စုကျစ်ထုံက တွေးလိုက်ကာ အေးစက်သော စကားများကို ပြောမထွက်ခဲ့ပေ။
ခဏကြာ တုံ့ဆိုင်းသွားပြီးမှ စုကျစ်ထုံက "ဘာပဲဖြစ်ဖြစ် ငါနဲ့ မင်းအမေကတော့ ဒီကိစ္စကို ခွင့်ပြုပေးမှာ မဟုတ်ဘူး" ဟု မျက်နှာထား တည်တည်ဖြင့် စုချီကို ပြောလိုက်သည်။
"ဒါပေမယ့် အဖေက အခု တည်ငြိမ်နေတာပဲ ဆိုတော့ လုံးဝ လက်မခံနိုင်တာတော့ မဟုတ်ဘူးမလား"
"အဲ့ဒါက ငါက စိတ်မာလို့ကွ။ မင်းအမေသာ မင်းတို့ နှစ်ယောက် အကြောင်း သိလို့ကတော့ ဘာဖြစ်မယ် ထင်လဲ"
"မကြာခင်ပဲ တခြားသူတွေ သိတော့မှာပဲကို သားက မိဘတွေကို ရှက်နေရမှာလား။ ပြီးတော့ အမေ့ကိုတော့ စိတ် ပြင်ဆင်ထားလို့ရအောင် အဖေပဲ အရင်ပြောထားလိုက်ပေါ့"
ထိုအခါ စုကျစ်ထုံက ယုရှင်းရန်ကို စိုးရိမ်သွားကာ "ဟုတ်တယ် မင်း အမေက ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ အရင်ဆုံး မင်း အမေကို ဖြောင်းဖျမှရမယ်" ဟုပြောလိုက်သည်။
"အမေသာ မတော်တဆ အရင်သိသွားရင် ဘာမှ ပြောလို့ရမှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် အဖေက အမေ့ကို အရင် ဖြောင်းဖျထားမှ ရမယ်"
လူကြီးများ၏ နှလုံးသားမှာ နူးညံ့သဖြင့် စုကျစ်ထုံက မငြင်းနိုင်တော့ဘဲ သက်ပြင်းရှည်ကိုချကာ "ဘယ်တတ်နိုင်မလဲ။ မင်း အမေ ရှော့ မဖြစ်အောင် လုပ်ပေးရတော့မှာပေါ့" ဟု ပြောလိုက်တော့၏။
ဧည့်ခန်းထဲတွင် စက္ကန့် အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် စုချီက "ကျေးဇူးပဲ အဖေ" ဟု ထပြောလိုက်ရာ စုကျစ်ထုံက "ဘာအတွက်လဲ။ ငါလက်ခံပေးသေးတာ မဟုတ်ဘူးနော်" ဟု ပြော၍ ကော်ဖီခွက်ကို ချကာ "မင်းပဲ ကျန်တာ ဆက်လုပ်လိုက်တော့" ဟု ဆက်ပြောပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။
စုချီက ပြုံးရင်း ကော်ဖီ ပန်းကန်လုံးများကို သိမ်းဆည်းကာ ကျန်ရစ်ခဲ့၏။
နောက်တစ်နေ့ မနက် စုလုရီ နိုးလာသောအခါ ဝရံတာကို တစ်ချက်ကြည့်လိုက်ရာ စုချီကို မတွေ့သဖြင့် ဆေးကြော သန့်စင်ပြီး စုချီ၏ အခန်းသို့ ဝရံတာမှ တစ်ဆင့် ထွက်သွားလိုက်သည်။
သို့သော် အခန်းထဲတွင် စုချီ ရှိမနေသဖြင့် "အစ်ကို
ကြီး အရင် သွားနှင့်ပြီ ထင်တယ်" ဟု ရေရွတ်ပြီး အခန်းတံခါးကို ဖွင့်လိုက်သောအခါ ရှည်လျားသော အသွင်အပြင်က ဘွားကနဲ ပေါ်လာတော့သည်။
"နိုးပြီလား"
"အစ်ကိုကြီးက ဘာလို့ ဒီရောက်နေတာလဲ"
"မင်းနဲ့ အတူတူ အောက်ဆင်းဖို့ စောင့်နေတာ"
"အစ်ကိုကြီးက ဒီမှာ ဒီလိုကြီး ရပ်နေတော့ မိသားစုထဲက တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"ရတယ်၊ ကိစ္စ မရှိဘူး"
အောက်ထပ်သို့ ရောက်သောအခါ ထမင်း စားပွဲတွင် စုကျစ်ထုံနှင့် ယုရှင်းရန်တို့က ရောက်နှင့်နေကြပြီး ယုရှင်းရန်က "သူဌေးနဲ့ ရှောင်ရီလေး ဆင်းလာကြပြီလား" ဟု နှုတ်ဆက်လိုက်သည်။
"မင်္ဂလာ မနက်ခင်းပါ၊ ပါးပါးနဲ့ မားမား" ဟု စုလုရီက နှုတ်ဆက်လိုက်ရာ စုကျစ်ထုံက မျက်လုံးကို လှန်
ကြည့်ပြီး ဆိုးရွားသော ယောက္ခမ ပုံစံဖြင့် "အင်း" ဟုသာ ပြန်ပြောလိုက်သည်။
ထိုအခါ ယုရှင်းရန်က ထူးဆန်းသွားပြီး "ရှင်အိပ်ငိုက်နေတုန်းပဲလား။ ဒီနေ့ ဘာလို့ ထူးထူးဆန်းဆန်း စကားမပြောတာလဲ" ဟု စုကျစ်ထုံကို ကြည့်ပြီး မေးလိုက်၏။
"..."
"နှစ်သစ်ရဲ့ ပုံစံအသစ်နေမှာပါ မားမားရဲ့" ဟု စုလုရီက ဝင်ဖြေရှင်းပေးလိုက်သဖြင့် စုကျစ်ထုံ၏ ဆိုးရွားသော ယောက္ခမ အမူအရာ ဖမ်းနေခြင်းမှာ ပျောက်ဆုံးသွားတော့သည်။
...
စုမိသားစုက သဘက်ခါတွင် ယူနန် တောင်ပိုင်းမှ ထွက်ခွာမည် ဖြစ်သည်။
ထို့ကြောင့် စုလုရီက မနက်စာ စားပြီးသောအခါ အထုတ်အပိုး ပြင်ဆင်ရန် အခန်းသို့ ပြန်လာခဲ့၏။
အခန်းတံခါးကို ပိတ်ပြီး ခရီးဆောင် အိတ်ထဲသို့ အရင်ဆုံး ထည့်ထားရမည့် ပစ္စည်းများ စဉ်းစားနေချိန်တွင် ဝရံတာတံခါးမှ စုချီက ဝင်လာခဲ့သည်။
စုချီက အလုပ်ရှုပ်နေသော စုလုရီကို ကြည့်ပြီး "မင်းဒီနေ့ ပြန်တော့မှာ မို့လို့လား" ဟု မေးလိုက်၏။
စုလုရီက ခရီးဆောင်အိတ်ထဲသို့ ပစ္စည်းများ ထည့်နေရင်းဖြင့် "နောက်နှစ်ရက်အတွက် မလိုတော့မယ့် ပစ္စည်းတွေကို အရင်ထည့်ထားတာ" ဟု ထပြောလိုက်သည်။
စုချီက ကုတင်ပေါ်တွင် ထိုင်နေကာ စုလုရီကို နှစ်စက္ကန့်မျှ စိုက်ကြည့်လိုက်ရင်း ကိုယ်ကိုကိုင်းကာ ခေါင်းကို ငုံ့ပြီး စုလုရီ၏ နှုတ်ခမ်းပါးများကို နမ်းစုပ်လိုက်၏။
"အစ်ကိုကြီး၊ ဒါက နှစ်သစ်ကူး အနမ်းအသစ်လား"
"ဒါမျိုး လုပ်ချင်နေခဲ့တာ အရမ်းကြာနေပြီ"
...
ဆယ်မိနစ်ကြာပြီးနောက် နှစ်ယောက်သား ပြန်ခွာလိုက်ကြကာ စုချီက စုလုရီကို စိုက်ကြည့်လိုက်ပြီး "ငါ မင်းကို ပြောစရာရှိတယ်။ ဒါပေမယ့် အဲ့ဒါက မင်းအတွက် စိတ်ဖိစီးစရာ ဖြစ်သွားနိုင်တယ်နော်။ မင်း နားထောင်ချင်လား" ဟု စုလုရီကို မေးလိုက်သည်။
"ဘာကိစ္စလဲ အစ်ကိုကြီး"
"မင်း အကြောင်းပဲ။ မင်း နားထောင်ချင်မှ ငါ ပြောပြမယ်။ မင်း နားမထောင်ချင်ဘူးဆိုရင်တော့ ငါ့ဘာသာငါ ဖြေရှင်းလိုက်မယ်။ မင်း ရွေးချယ်လို့ရတယ်"
"ကျွန်တော် သိချင်တယ်"
စုချီက စုလုရီ၏ လက်ချောင်းများကို ဆုပ်ကိုင်ကာ တိတ်ဆိတ်နေသဖြင့် စုလုရီက "ပြောပါ အစ်ကိုကြီးရဲ့။ မဟုတ်မှ မိသားစု စီးပွားရေး ပျက်သွားလို့လား" ဟု မေးလိုက်၏။
"..."
"မဟုတ်ဘူး"
"ဟူး၊ ဒါဆို တော်သေးတာပေါ့"
"အဖေက ငါတို့ အကြောင်းကို သိသွားပြီ"
အချိန်တစ်ခု ကြာသည်အထိ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေတိုက်မှသာ စုလုရီ၏ အသိစိတ်က ပြန်ဝင်လာခဲ့သည်။
"ပါး...ပါးပါးက ကျွန်တော်တို့ အကြောင်းကို သိသွားပြီ၊ ဟုတ်လား"
"အရမ်း စိတ်မလှုပ်ရှားပါနဲ့။ ကိစ္စကြီး မဟုတ်ပါဘူး"
"ဘာလို့ ကိစ္စကြီး မဟုတ်ရမှာလဲ အစ်ကိုကြီးရဲ့။ ကျွန်တော်တို့ နှင်ထုတ်ခံရနိုင်တယ်မလား"
စုလုရီက ပြောပြောဆိုဆိုနှင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် စုချီနှင့် အတူ လမ်းပေါ်တွင် လျှောက်သွားနေရသည့် ပုံစံများကို စိတ်ကူးယဉ်နေပြီ ဖြစ်သည်။
"မင်း ဘာတွေ လျှောက်စဉ်းစားနေတာလဲ။ ငါ့ကို အပ်ထားလိုက်လို့ ပြောထားတယ်မလား" ဟု စုချီက တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်၏။
"ဒါဆို အစ်ကိုကြီးမှာ ပါးပါးကို ဖြောင်းဖျမယ့် နည်းလမ်းရှိလို့လား"
"မရှိဘူး"
"..."
"ဒါပေမယ့် ငါ အဖေ့ကို မဖြောင်းဖျနိုင်ခင် အဖေက အမေ့ကို အရင် ဖြောင်းဖျပေးလိမ့်မယ်"
"အဲ့ဒါ ဘာကို ပြောတာလဲ အစ်ကိုကြီး"
"မင်း သူများကို ဖြောင်းဖျနိုင်ဖို့ဆို ကိုယ့်ကိုယ်ကို အရင် ဖြောင်းဖျရတယ် နားလည်ပြီလား" ဟု စုချီက စုလုရီ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
"ဟင်"
စုလုရီက နားမလည်နိုင်သည့် ပုံစံဖြစ်နေရာ စုချိီက သီးသန့် စဉ်းစားချိန် ရရန်အတွက် သူ၏ အခန်းသို့ ပြန်သွားလိုက်၏။
...
နေ့လည်ခင်း ရောက်တော့မည် ဖြစ်သဖြင့် နေရောင်ခြည်က ဝရံတာမှန်တံခါးမှ တစ်ဆင့် ထိုးဖောက် ဝင်ရောက်ကာ ကြမ်းခင်းမှ အိပ်ယာပေါ်ရှိ စုလုရီဆီသို့ အလင်းပြန်လာခဲ့သည်။
ထိုအချိန်တွင် စုလုရီ၏ ခေါင်းထဲမှ အတွေး တစ်ခု ပေါ်လာခဲ့သည်။
"သေစမ်း၊ အစ်ကိုကြီးက ပါးပါးကို လှည့်စားလိုက်တာပဲ"
စုကျစ်ထုံကို အသုံးချ၍ ယုရှင်းရန်ကို ဖြောင်းဖျခိုင်းသည့် စုချီ၏ နည်းဗျူဟာမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်း ဖြစ်၏။
...…….................................
.........................................
အပိုင်း (၇၃) ပြီးပါပြီ။