စုလုရီ
အပိုင်း (၆၆) အသွင်အပြင်
စုချီ၏ နှုတ်ခမ်းက စုလုရီ၏ နှုတ်ခမ်းပေါ်သို့ ညင်သာစွာ ကျလာကာ စုလုရီက ပူနွေးသော ခံစားချက်ကို ခံစားလိုက်ရ၏။
စုချီ၏ ပုခုံးပေါ်မှ ဝတ်ရုံ ပြုတ်ကျသွားသောအခါ စုချီက ကိုယ်ကို ပြန်မတ်ကာ ဘာမှ မဖြစ်ခဲ့သည့် ပုံစံမျိုးဖြင့် ခပ်တည်တည် နေလိုက်သည်။
"အဆင်ပြေလား အစ်ကိုကြီး"
အနောက်တွင် ရှိနေသော စုကျန်းချန်က လှမ်းမေးလိုက်သဖြင့် စုချီက အင်္ကျီ ကြယ်သီး မတပ်ရသေးသည့် ပုံစံဖြင့် လှည့်လိုက်ကာ "ဘယ်လိုထင်လဲ" ဟု မေးလိုက်၏။
"အိုး..."
စုယွီက ကြည့်လိုက်သောအခါ စုချီ၏ အရှေ့တွင် ရပ်နေသော စုလုရီကို တွေ့လိုက်သဖြင့် စုကျန်းချန်
ကို ဆွဲခေါ်ကာ "ကျွန်တော့် ဝတ်ရုံက အဆင်ပြေရဲ့လားဆိုတာ ကြည့်ပေးပါဦး အစ်ကို (၂)" ဟု ပြောလိုက်သည်။
"ညီ (၃) ရယ် မင်းက ဇီဇာကို ကြောင်လွန်းတယ်"
ညီအစ်ကို နှစ်ယောက် အင်္ကျီ တစ်ထည်ဖြင့် အလုပ် ရှုပ်နေကြချိန်၌ စုချီ၏ လက်က စုလုရီ၏ လည်ပင်းသို့ ထပ်ရောက်လာပြန်၏။
ထို့ကြောင့် စုလုရီက စုချီ၏ အနားကို ကပ်ကာ "အစ်ကိုကြီး၊ အင်္ကျီ မြန်မြန် ဝတ်တော့လေ။ ဗိုက်ကြီး အအေးပတ်သွားဦးမယ်" ဟု ပြောလိုက်သည်။
"..."
ထို့နောက် လဲထားသော အဝတ်အစားများနှင့် ပစ္စည်းများကို လော့ကာထဲတွင် ထည့်ကာ စုလုရီက စုချီ၏ အနောက်မှ အဝတ် လဲခန်း အပြင်သို့ လိုက်ထွက်လိုက်၏။
စုကျန်းချန်နှင့် စုယွီတို့ကလည်း လိုက်ထွက်လာရာ
နားနေခန်းတွင် အရင်ပြီးနှင့်နေသော လွီချင်းလင်းက စောင့်နေခဲ့သည်။
ညီအစ်ကို လေးယောက်ထွက်လာသည်ကို မြင်လိုက်သောအခါ လွီချင်းလင်းက မှင်သက်ဆွံ့အသွားလေ၏။
စုညီအစ်ကို လေးယောက်၏ အသွင်အပြင်မှာ တစ်ယောက်တစ်မျိုးစီ ကြည့်လို့ကောင်းကြသည်။
စုယွီက အနီရောင် ဝတ်ရုံရှည်ဖြင့် ဝံ့ကြွားတတ်သော အိမ်ရှေ့မင်းသား၏ အသွင်အပြင်နှင့် တူသည်။
စုကျန်းချန်ကမူ အပြာရင့်ရောင် ဝတ်ရုံရှည်နှင့် စစ်သူကြီး တစ်ယောက်၏ အသွင်အပြင်ကို ထင်ဟပ်စေသည်။
"ဝိုး...!!!"
စုကျန်းချန်နှင့် စုယွီတို့ကို ကြည့်ကာ လွီချင်းလင်း အံ့ဩနေဆဲတွင် နောက်မှ ပါလာသော စုချီတို့ကိုပါ ဆက်ကြည့်လိုက်သဖြင့် ပို၍ အံ့ဩမှင်သက် သွား
တော့သည်။
စုချီ ဝတ်ထားသော အနက်ရောင်နှင့် ရွှေရောင်စပ်ကြား ဝတ်ရုံရှည်က စုချီ၏ တည်ကြည်လေးနက်မှုကို ပေါ်လွင်နေသည်။
စုချီ၏ ဘေးတွင် ရှိသော စုလုရီကမူ အဖြူရောင်နှင့် ရွှေရောင် အစင်းကြား ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သိမ်မွေ့နူးညံ့မှုကို ပေါ်လွင်နေ၏။
"ဟင်၊ သူတို့ နှစ်ယောက်က..."
စုချီနှင့် စုလုရီတို့၏ ဝတ်ရုံက စုံတွဲ ဝတ်ရုံနှင့် တူနေသဖြင့် လွီချင်းလင်းက အံ့ဩသွားကာ ဆက်တွေးတော့မည့် အချိန်၌ စုယွီက ဖြတ်ကာ "ဝိုး...ညီမ ချင်းလင်းလည်း အနီရောင် ဝတ်စုံနဲ့ အရမ်း လှနေပါလား" ဟု ထပြောလိုက်သည်။
"မဟုတ်တာ"
...
ဝန်ထမ်းမှ သူတို့ဆီသို့ ကစားခန်း လမ်းညွှန် စာအုပ်ကို လာပေးသဖြင့် စုလုရီက တစ်လုံးချင်း သေချာလက်ထောက် ဖတ်နေရာ တစ်ဝက်သို့ ရောက်သောအခါ စုချီက စာအုပ်ကို ဆွဲပိတ်လိုက်သည်။
"အစ်ကိုကြီး၊ ဘာလို့ ပိတ်လိုက်တာလဲ"
"ငါ အကုန် ဖတ်ပြီးပြီ"
"သေချာ ဖတ်လိုက်တာရော ဟုတ်လို့လား"
"လက်ထောက်ပြီး ဖတ်နေတော့ရော သေချာ မှတ်နိုင်လို့လား"
"..."
စုချီကို ပြိုင် မငြင်းနိုင်တော့သဖြင့် စုလုရီက ခေါင်းငုံ့ကာ တိတ်ဆိတ်ပြီး နေလိုက်တော့သည်။
ကစားချိန်မှာ နှစ်နာရီ ရပြီး အကူအညီ လှမ်းတောင်းရန် စကားပြောစက် တစ်ခုကိုပါ ပေးထားသဖြင့် စုလုရီက စကားပြောစက်ကို ယူထားလိုက်သည်။
"အစ်ကို လုရီ၊ လမ်းပျောက်ရင် ညီမကို အရင် လာရှာလို့ ရတယ်နော်"
"အင်း...ဒါပေမယ့် အစ်ကိုကြီးကို အရင်ဆုံး ရှာတာက ပိုအကျိုးရှိနိုင်တယ်"
"ဟင်"
....
စုချီက တံခါးကို တွန်းဖွင့်ကာ ကစားခန်းထဲသို့ ဝင်သွားလိုက်သည်။
အခန်းတွင်း အပြင်အဆင်မှာ ရှေးဟောင်း အဆောက်အဦ တစ်ခု၏ မီးဖိုခန်း အပြင်အဆင်ဖြစ်၏။
အလင်းရောင်မှာ မှိန်နေပြီး ဟင်းခတ်ဇွန်းသုံးချောင်းကို နံရံတွင် ချိတ်ဆွဲထားသည်။
မျက်နှာကျက်က လှိုင်းပုံစံ ဖြစ်နေပြီး လောင်စာ သစ်ရွက်ခြောက်များကို မြေကြီးပေါ်တွင် ချထား၏။
ငါးယောက်သား အခန်းထဲသို့ ဝင်ပြီးသောအခါ တံခါးကို အပြင်ဘက်မှ လော့ချလိုက်သည်။
အလုံ ပိတ်ခံလိုက်ရသလို ဖြစ်သွားသဖြင့် စုလုရီက အနည်းငယ် ကြောက်ရွံ့သွားကာ စုချီ၏ အနားသို့ ကပ်သွားတော့၏။
စုချီကမူ မရင်းနှီးသော ပတ်ဝန်းကျင်တွင်ပါ တည်ငြိမ်နေကာ "ငါတို့ သဲလွန်စတွေကို အရင်ရှာရမယ်။ ပထမအဆင့်က အရမ်း ခက်မှာ မဟုတ်ဘူး။ ငါတို့မြန်မြန် ထွက်နိုင်အောင် လုပ်ရမယ်" ဟုပြောဆိုလိုက်သည်။
"ဟုတ်တယ်၊ အစ်ကိုကြီး စု ပြောတာ မှန်တယ်" ဟုလွီချင်းလင်းက ထောက်ခံကာ သဲလွန်စများကို စတင် ရှာဖွေတော့၏။
စုယွီကလည်း နံရံ အနားတွင် ကပ်၍ ပေါက်နေသော သစ်ပင် ပင်စည် အနား၌ သဲလွန်စ သွားရှာလိုက်သည်။
"ငါ ဟိုနားက မီးဖိုမှာ သွားရှာလိုက်မယ်။ မီးဖိုပေါ်က အဝိုင်းကြီးက သော့ချက်ဖြစ်နိုင်တယ်" ဟု စုကျန်းချန်က ပြောကာ မီးဖိုဆီသို့ လျှောက်သွားလိုက်၏။
အားလုံး သဲလွန်စ ရှာရင်း အလုပ် များနေကြသဖြင့် စုလုရီကပါ လိုက်ရှာရန် ပြင်လိုက်သောအခါ စုချီက ဆွဲလိုက်သဖြင့် စုချီ၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားလေသည်။
"အစ်ကိုကြီး၊ ဘာလုပ်တာလဲ"
စုလုရီက မတ်တတ် သေချာပြန်ရပ်ကာ စုချီကို လေသံ တိုးတိုးလေးဖြင့် မေးခွန်းထုတ်လိုက်၏။
အလင်းရောင်မှာ တစ်ယောက် မျက်နှာ တစ်ယောက် မမြင်ရလောက်အောင် မှိန်လွန်းလှသဖြင့် စုချီက စုလုရီ အနားသို့ ကပ်ကာ "မင်း ဘာလို့ လျှောက်ပြေးနေတာလဲ။ ငါ့ အနောက်မှာပဲနေ" ဟု ပြောလိုက်သည်။
စုလုရီက ဘေးဘီကို ဝေ့ဝဲ ကြည့်လိုက်သောအခါ ကျန်သူများက သဲလွန်စရှာရင်း အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။
ထို့ကြောင့် စုလုရီက စုချီ၏ လက်ကို သွားကိုင်ကာ နောက်ပြောင်လိုက်သည်။
ထိုအခါ စုချီ၏ အသက်ပြင်းပြင်း ရှူသံကို ကြားလိုက်ရပြီး စုလုရီကို အနားသို့ ဆွဲကာ "နောက်ရတာ ပျော်လား" ဟု ကပ်မေးလိုက်၏။
ထိုအချိန်တွင် စုကျန်းချန်နှင့် စုယွီတို့၏ အသံထွက်ပေါ်လာသဖြင့် နှစ်ယောက်သား ပြန်ခွာလိုက်ကြသည်။
"ရှာတွေ့ပြီ။ ရှာတွေ့ပြီ"
...
ဆယ်မိနစ်ခန့် သဲလွန်စ ရှာကြပြီးသောအခါ ငါးယောက်သား အခန်း အလယ်တွင် စုလိုက်ကြပြီး ရရှိထားသော သဲလွန်စများကို ဖလှယ်လိုက်ကြသည်။
"သစ်ပင်ရဲ့ ပင်စည်မှာက နံပါတ်တွေ ရေးထားတာတွေ့တယ်။ ပြီးတော့ ဟင်းခတ်ဇွန်း အဝိုင်းကြီးတွေကိုလည်း နံရံမှာ ချိတ်ထားတာတွေ့တယ်။ အဲ့ ဇွန်းတွေရဲ့နောက်မှာလည်း နံပါတ်တွေ တွေ့တယ်" ဟု စုယွီက စပြောလိုက်၏။
စုကျန်းချန်က ထိုအကြောင်းကို ဆက်စပ်မိသွားကာ "မီးဖိုပေါ်မှာလည်း အလွှာ သုံးခုပါတဲ့ အဝိုင်းကြီး တစ်ဝိုင်းရှိတယ်။ မင်း ရှာတွေ့ခဲ့တဲ့ သဲလွန်စတွေနဲ့ ဆက်စပ်နေမယ် ထင်တယ်" ဟု ပြောလိုက်သည်။
စုလုရီက စုကျန်းချန်တို့၏ ပြောစကားကို ကြားလိုက်သဖြင့် မီးဖိုဆီသို့ သွားကြည့်မည် အပြုတွင် စုချီက လှမ်းတားလိုက်သည်။
စုချီက အရင်လျှောက်သွားမှသာ စုလုရီက နောက်ကနေ လိုက်သွားလိုက်သည်။
မီးဖို အနီးသို့ ရောက်သောအခါ မီးဖိုပေါ်တွင် အဝိုင်းကြီး ရှိနေသဖြင့် စုလုရီက အဝိုင်းများကို လှည့်လိုက်၏။
အဝိုင်းများကို လှည့်နေရင်းဖြင့် စုလုရီက စုချီကိုကြည့်ကာ "အစ်ကိုကြီး၊ ကျွန်တော်တို့က အခု..."
စုလုရီ၏ စကားမဆုံးခင်တွင် စုကျန်းချန်က ရုတ်တရက် အနောက်မှ ပေါ်လာကာ "ကျွန်တော်ပြောဖို့ မေ့သွားတာရှိလို့။ မီးဖိုနားမှာ စာတွေ ရေးထားတယ်။ ဒါပေမယ့် အရမ်း မှောင်နေတော့ မမြင်ရဘူး ဖြစ်နေတယ်" ဟု ပြောလိုက်သည်။
ပတ်ဝန်းကျင် အနေအထားက တစ်မျိုးကြီး ဖြစ်နေသည်ကို စုကျန်းချန်က သတိထားမိသွားကာ "ဘာဖြစ်လို့လဲ" ဟု ထမေးလိုက်သည်။
"ဘာမှ မဖြစ်ဘူး။ စာတွေ ရှိတယ်ဆိုလည်း သေချာကပ်ကြည့်လေ၊ ညီ (၂) ရဲ့"
စုချီက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်ကာ ဘေးနားတွင် ရှိနေသော စုယွီကမူ စုကျန်းချန်၏ အလိုက်မသိ တတ်မှုကို ကြည့်ကာ ခေါင်းတရမ်းရမ်းဖြင့် စုတ်သပ်နေတော့သည်။
"မရဘူး ... အစ်ကိုကြီးရဲ့၊ အရမ်း မှောင်နေတော့ အနီးကပ် ကြည့်လည်း မမြင်ရဘူး။ မီးလိုတယ်"
စုကျန်းချန်၏ စကားကို လွီချင်းလင်း ကြားသွား
သောအခါ သတိရသွားသည့်ဟန်ဖြင့် လက်ခုပ်ထတီးကာ "ဪ၊ ခုနက ညီမ မီးတိုင် တွေ့တယ်။ ဘာသဲလွန်စမှ မရှိတော့ ပစ်လိုက်တာ" ဟု ပြောလိုက်၏။
ထို့နောက် မီးတိုင်ကို ပြန်ရှာရန် ထွက်သွားတော့သည်။
အမှန်စင်စစ် မီးတိုင်မှာ ရှေးဟောင်း ခံစားချက် ပေါ်လွင်စေရန် မီးချောင်းကို မီးတိုင်ပုံစံ ပြုလုပ်ထားခြင်း ဖြစ်သည်။
လွီချင်းလင်း မီးတိုင် ရှာတွေ့သောအခါ မီးတိုင်ကို ကိုင်ကာ ထွန်းထားလိုက်ပြီး စုလုရီဘက်သို့ လှည့်ကာ ...
"ဘယ်လိုနေလဲ၊ အစ်ကို လုရီ" ဟု လှမ်းမေးလိုက်သည်။
"လေဘာတီ ရုပ်ထုလိုပဲ"
"..."
"အစ်ကို လုရီရယ်၊ မကျေနပ်တာ ရှိရင် တိုက်ရိုက်သာ ပြောလိုက်ပါတော့"
"လှပါတယ်၊ နတ်ဘုရားမလိုပဲ"
"ဟုတ်တယ်၊ ကြည့်ကောင်းတယ်"
စုယွီနှင့် စုကျန်းချန်တို့က နှစ်သိမ့်ပေးလိုက်ကြသဖြင့် လွီချင်းလင်းက ကျေနပ်သွားကာ "ကျေးဇူး" ဟု ပြန်ပြောလိုက်သည်။
မီးတိုင်ရလာသဖြင့် မီးဖိုပေါ်ရှိ အဝိုင်းကို ကြည့်လိုက်ရာ နံပါတ်များထွင်းထားသည်ကို တွေ့လိုက်ရသည်။
ထိုအခါ စုချီက တစ်ခုခုကို သတိရသွားဟန်ဖြင့် ဘယ်ဘက်နံရံတွင် ချိတ်ဆွဲထားသော ဟင်းခတ်ဇွန်း အဝိုင်းများကို ဖြုတ်ကာ အရွယ်အစားအတိုင်း ထပ်ထားလိုက်၏။
"ဝိုး...အဲ့လို လုပ်ရတာပဲ"
ဟင်းခတ်ဇွန်းများ၏ နောက်တွင် ရေးထားသော
နံပါတ်များအတိုင်း စုချီက စုကျန်းချန်ကို မီးဖိုပေါ်ရှိ အဝိုင်းတွင် သွားလှည့်ခိုင်းလိုက်သည်။
စုယွီနှင့် လွီချင်းလင်းတို့ကလည်း ကြည့်ရန် အတူလိုက်သွားသဖြင့် အနောက်တွင် စုချီနှင့် စုလုရီတို့သာ တစ်ဖန် ကျန်ရစ်ခဲ့ကြပြန်၏။
စုလုရီက သူ ကိုယ်တိုင် ဖြေရှင်းခဲ့ခြင်း မဟုတ်သော်လည်း စုချီ ဖြေရှင်းခဲ့သည်ကို ကျေနပ် အားရကာ စိတ်လှုပ်ရှားနေသဖြင့် "အစ်ကိုကြီးက အရမ်းတော်တာပဲ" ဟု ခုန်ပေါက် ချီးကျူးလိုက်သည်။
စုချီက စုလုရီ၏ လက်ကိုဆွဲကာ "မင်း ခုနက ဘာပြောမလို့လဲ" ဟု မေးလိုက်၏။
"သြော်၊ ကျွန်တော်တို့က အခုလို ကျတော့ ရှေးခေတ်က စုတ်တံနဲ့ မှင်နဲ့ စာရေးရတဲ့ ပညာရှိ အမတ်တွေနဲ့ တူတယ်လို့ ပြောမလို့ပါ"
"မင်းက ပညာရှိ အမတ်ပေါ့ ဟုတ်လား"
"အာ၊ ကျွန်တော် ပြောချင်တာက ကျွန်တော်နဲ့ အစ်ကိုကြီးက အရမ်း လိုက်ဖက်တာပဲလို့ ပြောချင်တာ"
စုလုရီ၏ စကားများက စုချီကို တစ်ဖန် ထိရှစေကာ စုချီက စုလုရီ၏ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး အသက်ရှူသံ ပြင်းလာသဖြင့် စုလုရီက စုချီ၏ လက်မှ ရုန်းကာ ထွက်ပြေးတော့သည်။
လိုက်ဖမ်းသော်လည်း မမှီလိုက်တော့သဖြင့် ကျန်ရစ်ခဲ့သော စုချီက နံရံတွင် မှီကာ စိတ်တည်ငြိမ်အောင် ပြန်လုပ်လိုက်၏။
ထို့နောက် အခြားသူများ ရှိနေသော နေရာဆီသို့ တည်ငြိမ်သော အမူအရာဖြင့် လျှောက်သွားလိုက်တော့သည်။
...…….................................
.........................................
အပိုင်း (၆၆) ပြီးပါပြီ။