Chapter 83

3.2K 311 5
                                    

စုလုရီ
အပိုင်း (၈၃) သွေးပူခြင်း


စုလုရီ၏ မျက်နှာမှာ အိပ်ယာဝင်သည့် အချိန်အထိ နီရဲနေသည်။

စုချီ ထပ်မံ၍ မလုပ်တော့ရန်အတွက် စုလုရီက ကိုယ်တွင် စောင်ကို တင်းကျပ်စွာ ပတ်ထားပြီး မျက်လုံးနှင့် ခေါင်းကိုသာ ဖော်ထားတော့၏။

ထို့နောက် စုချီ၏ ဆွဲဆောင်မှု ရှိပုံများကို တွေးကာ ရင်ခုန်လာတော့သည်။

ထို့အပြင် ရက်အနည်းငယ်ကြာလျှင် စုချီနှင့် သူ၏ ဆက်ဆံရေးမှာ တစ်ဆင့် ပိုတက်လာတော့မည် ဖြစ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်များကို တွေးကာ စိတ်ပူလာတော့၏။

အတွေးများဖြင့် စုလုရီက အိပ်‌မပျော်တော့သဖြင့် အိပ်ယာပေါ်တွင် လူးလိမ့်နေတော့သည်။

ထို့အတူ အပေါ်ထပ်ရှိ အိပ်ခန်းထဲတွင်လည်း စုကျစ်
ထုံက အိပ်မပျော်နိုင် ဖြစ်နေရှာ၏။

"ဟင်း...မိန်းမကို သုံးရက်အတွင်း ဘယ်လို နားချရမလဲ"

စုကျစ်ထုံက ယုရှင်းရန်ကို ဖြောင်းဖျရန် နည်းလမ်းကို စဉ်းစားရင်း အိပ်မရ ဖြစ်နေကာ အိပ်ယာပေါ်တွင် လူးလိမ့်နေတော့သည်။

ထိုအခါ ယုရှင်းရန်က အိပ်မရသဖြင့် "ကျစ်ထုံ၊ မအိပ်သေးဘူးလား။ ဘာလို့ လှုပ်နေတာလဲ" ဟု ထမေးလိုက်သည်။

စုကျစ်ထုံက ယုရှင်းရန် မအိပ်သေးသည်ကို သိသွားသောအခါ "မိန်းမ၊ သားတွေရဲ့ အိမ်ထောင်ဘက်တွေကို မင်း ဘယ်လို မျှော်မှန်းထားလဲ" ဟု စကားစကာ မေးမြန်းလိုက်၏။

ယုရှင်းရန်က အိပ်ချင်နေပြီ ဖြစ်သဖြင့် အများကြီး မစဉ်းစားတော့ဘဲ "သူတို့ဘာသာ သူတို့ လွှတ်ထားလိုက်စမ်းပါ" ဟု ပြန်ပြောလိုက်သည်။

ထိုအခါ စုကျစ်ထုံက လက်မလျှော့သေးဘဲ "သူဌေးရဲ့ အိမ်ထောင်ဘက်ကိုရော မင်း ဘယ်လို လူမျိုးနဲ့ တွေ့စေချင်လဲ" ဟု ထပ်မေးလိုက်၏။

"သူဌေး သဘောကျတဲ့ လူမျိုးပေါ့"

"သူဌေးက သဘောကျပြီး သဘောတူပေးဖို့ မဖြစ်နိုင်တဲ့ လူမျိုးဆိုရင်ရော"

"ဪ ရှင်ကလည်း၊ လူတွေက သူ့ ဖူးစာနဲ့သူ လာကြတာ။ သူတို့ အချင်းချင်း လိုက်ဖက်ပြီး အဆင်ပြေနေရင် ပြီးတာပဲပေါ့။ ဘာကို သဘောတူ‌ဖို့ မဖြစ်နိုင်တာတွေ ပြောနေတာလဲ"

ယုရှင်းရန်၏ စကားမှာ အဓိပ္ပာယ် ရှိသဖြင့် စုကျစ်ထုံက ဆက်မမေးတော့ဘဲ စုချီတို့ အကြောင်းကို ယုရှင်းရန် သိသွားပါကလည်း သဘောမတူစရာ မရှိဟု တွေးကာ အိပ်ရန် ကြိုးစားလိုက်တော့သည်။

နောက်တစ်နေ့ မနက် မနက်စာ စားသည့်အချိန်တွင် ညက အိပ်မပျော်ကြသော စုကျစ်ထုံနှင့် စုလုရီတို့က မျက်တွင်းဟောက်ပက်ဖြင့် ထမင်းစားပွဲတွင် ငူငူကြီး ထိုင်နေကြလေ၏။

စုချီက စုလုရီ၏ လေးလံထိုင်းမှိုင်းနေသော ပုံစံကို ကြည့်ကာ "မုန်လာဥနီ စားမလား" ဟု ထမေးလိုက်သည်။

ယုရှင်းရန်ကလည်း စုလုရီနှင့် စုကျစ်ထုံကို ကြည့်ကာ "သားအဖ နှစ်ယောက်လုံးကို မုန်လာနီ စားခိုင်းမှ ရတော့မယ် ထင်တယ်" ဟု ရယ်မောကာ ပြောလိုက်၏။

ထိုအချိန်တွင် မားဝူက မီဖိုခန်းထဲမှ ဟင်းရည်ပန်းကန်လုံးကြီးကို သယ်လာကာ စားပွဲအလယ်တွင်ချပြီး "ဒီထဲမှာ မုန်လာဥနီလည်း ပါတယ်။ ဂေါ်ဖီစိမ်းနဲ့ အာလူးလည်း ပါတယ်" ဟု ပြောလိုက်သည်။

ထို့ကြောင့် စုချီက မုန်လာဥနီကို ယူကာ စုလုရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။

ယုရှင်းရန်ကလည်း မုန်လာဥနီကို ဆယ်ကာ စုကျစ်ထုံ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုအခါ ဘေးတွင် ကြည့်နေသော စုကျန်းချန်က ခဏကြာ စဉ်းစားလိုက်ကာ ပြီးမှ စုယွီ၏ ပန်းကန်ထဲသို့ မုန်လာဥနီကို ထည့်ပေးလိုက်ကာ "ရော့ စား" ဟု ပြောလိုက်တော့၏။

"..."

ပါတီပွဲ မတိုင်ခင်အထိ စုမိသားစုက အလုပ်တက်နေရဆဲ ဖြစ်သဖြင့် စုလုရီနှင့် စုချီက ရုံးခန်းထဲတွင် အလုပ်လုပ်နေကြသည်။

ထိုအချိန်တွင် ရှောင်ချင်က တံခါးခေါက်လာသဖြင့် စုချီက ဝင်ခိုင်းလိုက်ရာ စာရွက်စာတမ်းများကို ယူလာပြီး ရှောင်ချင်က စုချီကို တင်ပြလိုက်၏။

စုလုရီက အလုပ်လုပ်နေရင်းဖြင့် ရှောင်ချင်၏ စကားများကို နားထောင်နေရာ စိတ်ဝင်စားလာသဖြင့် လုပ်လက်စ အလုပ်ကို ရပ်ပြီး စုချီ၏ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

စုချီ၏ ကွန်ပြူတာ မျက်နှာပြင်ကို ကြည့်ပြီး စုလုရီက နားမလည်နိုင်သဖြင့် "အစ်ကိုကြီး၊ ကုမ္ပဏီကို
ရောင်းတော့မလို့လား" ဟု စိုးရိမ်တကြီး မေးလိုက်တော့၏။

စုချီက ထိုင်နေရာမှ ထရပ်ပြီး စုလုရီကို သူ့ နေရာတွင် ထိုင်ခိုင်းလိုက်ကာ စုလုရီ၏ ဘေးနားမှ ကုန်းပြီး ကွန်ပြူတာ မျက်နှာပြင်ကို ကြည့်လိုက်သည်။

"ရောင်းဖို့ လုပ်နေတာ မဟုတ်ဘူး။ ကုမ္ပဏီရဲ့ ဝင်ငွေ တိုးအောင် လုပ်နေတာ"

"ဟင်"

ထို့နောက် စုချီက ရှောင်ချင်နှင့် အလုပ် ကိစ္စများကို ဆက်ပြောနေပြီး ရှောင်ချင့်ကို "မင်း ဖိုင်တွေ ထားခဲ့ပြီး ရဲစခန်းကို သွားလိုက်တော့" ဟု ပြောကာ ထွက်သွားခိုင်းလိုက်တော့သည်။

ရှောင်ချင်ကလည်း အန္တရာယ်ရှိနေသည့် အရိပ်အယောင်ကို ခံစားမိလာသဖြင့် အမြန်ဆုံး ရုံးခန်းထဲမှ ထွက်သွားတော့၏။

စုလုရီက စုချီတို့၏ စကားများကို နားထောင်နေပြီး အံ့ဩသွားကာ "ဘာလို့‌ ရှောင်ချင်က ရဲစခန်းကို သွားတာလဲ အစ်ကိုကြီး။ မဟုတ်မှ အစ်ကိုကြီးက ကိုယ့်အပြစ်ကို ဝန်ခံမလို့ စဉ်းစားနေတာလား" ဟု ထိတ်လန့်စွာ မေးလိုက်သည်။

"မင်းက ငါ့ကို တရားမဝင်တဲ့ နည်းနဲ့ ငွေရှာနေတယ်လို့ ထင်နေတာလား။ ဒါက ပြိုင်ဘက် ကုမ္ပဏီတွေအတွက် ငါ ပြင်ထားတဲ့ လက်ဆောင်"

"ဟင် လက်ဆောင် ဟုတ်လား။ ဘာလဲဟင်"

"ပါတီပွဲနေ့ကျမှပဲ ကြည့်လိုက်တော့"

....


ပါတီပွဲ ရောက်ရန် တစ်ရက်အလိုတွင် စုမိသားစုက အိမ်ဟောင်းတွင် ပါတီပွဲလုပ်ရန် အဆင်မပြေသဖြင့် အပန်းဖြေအိမ်တွင် လုပ်ရန် အပန်းဖြေအိမ်သို့ ပြောင်းရွှေ့လိုက်ကြသည်။

စုလုရီက ထိုအပန်းဖြေအိမ်သို့ ဝတ္ထုထဲသို့ ကူးပြောင်းလာသည့် အချိန်ကတည်းက တစ်ခါမှ မရောက်ဖူးသေးပေ။

ထို့ကြောင့် ရောက်လာကတည်းက အခန်း မသိသဖြင့် မိသားစုနှင့်အတူ ဧည့်ခန်းထဲတွင် ထိုင်နေရာ မိုးချုပ်လာသောအခါ စုကျစ်ထုံက "ကဲ၊ သွားအိပ်ကြတော့။ မနက်ဖြန် ပါတီပွဲနေ့ဆိုတော့ အားလုံး ကြည့်ကောင်းနေမှ ဖြစ်မယ်" ဟု ပြောလိုက်သည်။

ထို့နောက် စုလုရီဘက်သို့ လှည့်ကာ "အထူးသဖြင့် ရှောင်ရီလေး၊ ကောင်းကောင်း အိပ်ပျော်အောင် အိပ်နော်။ မနက်ဖြန် သားက ပါတီပွဲရဲ့ အဓိကဇာတ်ဆောင်ဆိုတော့ ကြည့်ကောင်းနေမှ ဖြစ်မယ်" ဟု ပြောလိုက်၏။

"ဟုတ်ကဲ့၊ သိပါပြီ ပါးပါး"

စု ညီအစ်ကို လေးယောက်က အိပ်ခန်းဆီသို့ သွားရန် အပေါ်ထပ်သို့ တက်သွားကြသည်။

အပန်းဖြေအိမ်မှာ အိမ်အဟောင်း၏ ဖွဲ့စည်းပုံနှင့် မတူသဖြင့် အခန်းများမှာလည်း အိမ်အဟောင်းကဲ့သို့ မဟုတ်တော့ပေ။

စုလုရီက မသိဘဲ စုချီ၏ အခန်းဘေးတွင် ရှိမည်ဟု ထင်ကာ စုချီ၏ အနောက်သို့ လိုက်သွားသဖြင့် စုကျန်းချန်က ကြည့်ပြီး "စုလုရီ၊ မင်း အခန်းက ငါ့အခန်းရဲ့ ဘေးမှာလေ။ ဘယ်ကို သွားနေတာလဲ" ဟုလှမ်းမေးလိုက်သည်။

စုယွီက အလိုက်ကမ်းဆိုး မသိသော စုကျန်းချန်ကိုကြည့်ပြီး စိတ်ပျက်သည့် ပုံစံ လုပ်လိုက်ရာ စုကျန်းချန်က မြင်သွားပြီး "ညီ (၃)၊ မင်း မျက်လုံးက ဘာဖြစ်တာလဲ" ဟု ထပ်မေးလိုက်၏။

"မဖြစ်ပါဘူး။ ဆံပင်မှာ ဘာကပ်နေတာလဲလို့ ကြည့်တာ"

"..."

စုချီက "ငါ မနက်ဖြန် ပါတီပွဲအတွက် သူ့ကို ပြောပြစရာ ရှိလို့ ငါ့ အခန်းထဲ ခေါ်ထားတာ" ဟု ဝင်ပြောလိုက်သဖြင့် စုကျန်းချန်က ဘာမှ မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။

စုလုရီက စုချီ အခန်းထဲသို့ ရောက်သောအခါ အခန်းထဲတွင် အပူပေးစက် ဖွင့်ထားသဖြင့် အနွေးထည်ကို ချွတ်ပြီး ကုတင် ခြေရင်းသို့ ပစ်တင်လိုက်တော့၏။

ထိုအခါ ကြီးမားသော အနွေးထည်ကို ဖယ်လိုက်သောအခါ စုလုရီ၏ သွယ်လှသော ခါးက ပေါ်လာသည်။

စုချီက စုလုရီ၏ ခါးကို လက်ဖြင့် ဖက်ပြီး စုလုရီအပေါ် အနမ်းမိုးများ ရွာသွန်းတော့သည်။

ခဏကြာ အနမ်းမိုး ရွာသွန်းပြီးနောက် မနက်ဖြန် ပါတီပွဲအတွက် စောစောအိပ်ရမည် ဖြစ်ရာ စုလုရီကို ပြန်ခိုင်းလိုက်တော့၏။

"မင်း ပြန်ပြီး အိပ်တော့"

"အစ်ကိုကြီးကရော"

"ငါ မနက်ဖြန်အတွက် ထပ်စစ်လိုက်ဦးမယ်"

"ဘာကို ထပ်စစ်မှာလဲ"

"ငါ‌ မေ့ကျန်ခဲ့တာ ရှိမှာစိုးလို့"

စုလုရီက စုချီ၏ ဖုန်းထဲမှ ဖိတ်ခေါ် စာရင်းကို ကြည့်လိုက်သောအခါ နျဲ့ယီဟု၏ နာမည်ကို တွေ့လိုက်ရသဖြင့် "မစ္စတာ နျဲ့ကိုပါ ဖိတ်ထားတာလား အစ်ကိုကြီး" ဟု အံ့ဩစွာ မေးလိုက်သည်။

"အင်း"

"အစ်ကိုကြီး သူ့ကို မကြိုက်ဘူးမလား။ ဘာလို့ ဖိတ်ထားတာလဲ"

"ပါတီပွဲမှာ ငါတို့ အကြောင်းပြောတဲ့ အတင်းအဖျင်းတွေကို နားထောင်စေချင်လို့"

"..."

စုလုရီမှာ စုချီ၏ အကြံကို နားထောင်ပြီး နျဲ့ယီဟုကို သနားသလိုပင် ဖြစ်သွားတော့၏။

ထို့နောက် "ဂွတ်နိုက်နော် အစ်ကိုကြီး" ဟု နှုတ်ဆက်ကာ အခန်းထဲမှ ထွက်ရန် ပြင်လိုက်တော့သည်။

စုလုရီ တံခါးဝသို့ ရောက်သောအခါ စုချီက "မင်းအခန်းက ဘယ်ဘက်ကနေ ရေရင် သုံးခန်းမြောက်နော်" ဟု သတိလှမ်းပေးလိုက်၏။

စုလုရီက ထူးဆန်းသွားသဖြင့် ခဏကြာ စဉ်းစားလိုက်ကာ စုချီ၏ အခန်းမှ ထွက်လာခဲ့လိုက်တော့သည်။


...…….................................
.........................................


အပိုင်း (၈၃) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now