Chapter 79

3.4K 311 0
                                    

စုလုရီ
အပိုင်း (၇၉) ခွဲထွက်ရမည့် အစီအစဉ်


နွေဦးပွဲတော် အားလပ်ရက်မှာ လာမည့် နှစ်ရက်အတွင်း ပြီးဆုံးတော့မည် ဖြစ်သဖြင့် ကုမ္ပဏီသို့ ပြန်သွားရတော့မည့် အချိန်သို့ ရောက်လာခဲ့သည်။

စုယွီကလည်း အထုတ်အပိုးများပြင်ကာ ကျောင်းသို့ ပြန်သွားသဖြင့် ညီအစ်ကို သုံးယောက်သာ ကျန်ခဲ့တော့၏။

စုကျန်းချန်၏ ရုံးခွဲမှာ ရုံးချုပ်နှင့် အလှမ်း ဝေးနေသဖြင့် နောက်ကျမည် စိုးသောကြောင့် စုကျန်းချန်က အရင်ဆုံး အိမ်မှ ထွက်လာခဲ့သည်။

စုကျန်းချန် ထွက်သွားပြီးနောက် စုကျစ်ထုံက အိပ်မှုန်စုတ်ဖွား ပုံစံဖြင့် လှေကားမှ ဆင်းလာခဲ့သည်။

စုလုရီနှင့် စုချီတို့က အလုပ်သွားရန် ဖိနပ်စီးနေကြသဖြင့် စုကျစ်ထုံ ဆင်းလာသောအခါ စုလုရီက "ပါးပါး၊ နိုးလာပြီလား" ဟု နှုတ်ဆက်လိုက်၏။

စုကျစ်ထုံက စုချီတို့ နှစ်ယောက် ပူးပူးကပ်ကပ် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ လုပ်သက် တစ်လျှောက်၌ စုလုရီကို စုချီနှင့်အတူ အလုပ်လုပ်ခိုင်းမိသည်မှာ အကြီးမားဆုံး ဆုံးဖြတ်ချက် အမှားကြီးဟု ယူဆမိလိုက်သည်။

"ငါ့ လက်နဲ့ သူတို့ နှစ်ယောက် နီးစပ်သွားအောင် လုပ်ခဲ့မိတာပဲ"

ထိုအချိန်တွင် စုချီတို့က လက်ကိုင်ပြီး ထွက်သွားရန် ပြင်ဆင်နေကြသဖြင့် စုကျစ်ထုံက "ဟင်း...ဒီနှစ်ယောက်က အိမ်မှာတောင် ဒီလောက် ဖြစ်နေကြတာ မျက်ကွယ်မှာဆို ဘယ်လောက်တောင် ဖြစ်နေကြမလဲ မသိဘူး" ဟု တွေးကာ စုချီတို့ကို လှမ်းခေါ်လိုက်သည်။

"သူဌေး၊ နေဦး"

စုကျစ်ထုံ၏ ခေါ်သံကြောင့် စုချိီတို့က ပြန်လှည့်ကြည့်လိုက်ရာ "ဘာကိစ္စရှိလို့လဲ အဖေ" ဟု ပြန်မေးလိုက်၏။

"ရှောင်ရီက ကားပေါ်ကိုသွား၊ သူဌေးက ခဏနေခဲ့ဦး"

စုကျစ်ထုံ၏ ပြောစကားကြောင့် စုချီက အိတ်ကပ်ထဲမှ ကားသော့ကို ထုတ်ကာ စုလုရီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

စုလုရီက ကားသော့ကို ယူလိုက်ကာ အိမ်အပြင် ကားရှိရာသို့ ထွက်လာခဲ့လိုက်တော့၏။

ထိုအခါမှ စုကျစ်ထုံက စုချီကို ခေါ်ကာ "နောက်ဆို ရှောင်ရီကို ရုံးချုပ်မှာ မထားတော့ဘူး။ ကုမ္ပဏီခွဲတစ်ခု သပ်သပ် ထောင်ပြီး ဦးစီးခိုင်းမလို့" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ အဖေ"

စုချီက လွယ်လွယ်ကူကူ နာခံနေသဖြင့် စုကျစ်ထုံက အံ့ဩသွားကာ "အဲ့ဒါဆို မင်းတို့ ခွဲနေရမှာနော်။ မင်းက ရုံးခွဲကို လိုက်သွားလို့ ရမှာ မဟုတ်ဘူး" ဟု ထပ်ပြောလိုက်၏။

"အင်း၊ မဟုတ်ရင် သားက သူ့ ရုံးခွဲကို သွားပြီး သူ့ရဲ့ လက်ထောက် သွားလုပ်ရမှာလား" ဟု စုချိီက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သဖြင့် စုကျစ်ထုံမှာ ဆွံ့အသွားတော့သည်။

ထို့နောက် စုချီက နာရီကိုကြည့်လိုက်ရာ ရုံးချိန် နီးနေပြီ ဖြစ်သဖြင့် "ဒါဆို အဖေပဲ ကြည့်စီစဉ်လိုက်တော့နော်" ဟု စုကျစ်ထုံကို ပြောလိုက်သည်။

စုကျစ်ထုံမှာ ခေါင်းညိတ်ပြရုံက လွဲပြီး ဆွံ့အကာ ကျန်ရစ်ခဲ့တော့၏။

စုချီ ကားပေါ်သို့ ရောက်သောအခါ စုလုရီက စက်နှိုးထားသဖြင့် ရုံးသို့ တန်းမောင်းထွက်လာခဲ့သည်။

လမ်းတွင် စုချီက "မင်း ကုမ္ပဏီခွဲကို သွားရတော့မယ်။ ပါးပါးက မင်းကို အိမ်ထောင်စု စာရင်းက ခွဲထုတ်ထားတယ်" ဟု စုလုရီကို ပြောလိုက်၏။

မူလ ဝတ္ထုတွင် ရုံးချုပ်၌ နှစ်နှစ်ကြာ အလုပ်ပြီးမှ ကုမ္ပဏီခွဲကို ဦးစီးရခြင်းဖြစ်သဖြင့် စုလုရီက အနည်းငယ် ဝမ်းနည်းသွားကာ "ဘာလို့လဲ အစ်ကို
ကြီး။ ဘာလို့ အစောကြီး ဦးစီးခိုင်းရတာလဲ" ဟု မေးလိုက်သည်။

စုချီက အိမ်ထောင်စု စာရင်း စာအုပ်မှ စုလုရီ ထုတ်ပယ်ခံထားရသည့် အကြောင်းကို စုလုရီ သိနေသည်ကို မမေးတော့ဘဲ "မင်းရဲ့ ကုမ္ပဏီကို မဖွင့်ခင် အဖေတို့က မင်းကို အိမ်ထောင်စု စာရင်းက ခွဲထုတ်ထားတဲ့ အကြောင်းကို အရင် ကြေညာလိမ့်မယ်။ အဲ့အတွက် ပြင်ဆင်ထားဦး" ဟု ဆက်ပြောလိုက်သည်။

"ဟင်း...ပါးပါးက ကျွန်တော်တို့ နှစ်ယောက်ကို တမင် ခွဲလိုက်တာများလား။ ရုံးခွဲကို ရောက်သွားရင် အစ်ကိုကြီးက ကျွန်တော့်ကို လာတွေ့မှာလား" ဟု ဝမ်းနည်းနေသည့် လေသံဖြင့် စုလုရီက မေးလိုက်၏။

"လာမတွေ့ဘူး"

စုချီ ပြန်ဖြေသည့် စကားကြောင့် စုလုရီ၏ မျက်နှာပေါ်ရှိ ဝမ်းနည်းနေသည့် အရိပ်အယောင်များက လွင့်ပျယ်သွားကာ ဆူပုတ်လာတော့သည်။

အရှေ့ကိုသာ ကြည့်၍ ကားမောင်းနေသော စုချီကလည်း ဘေးနားမှ အေးစက်လာသော လေထုကို ရုတ်တရက် ခံစားမိလာတော့၏။

"ဒါဆို အစ်ကိုကြီးက တစ်ပတ်လုံး လာမတွေ့ဘူးပေါ့လေ" ဟု စုလုရီက ဆောင့်အောင့်ကာ ပြောလိုက်သဖြင့် စုချီက ထရယ်တော့သည်။

စိတ်ဆိုးနေသည့် လူကို ပြန်မချော့သည့်အပြင် ထရယ်လိုက်သော စုချီ၏ အမူအယာက ထူးဆန်းနေသဖြင့် စုလုရီက စုချီကို ကြည့်လိုက်ရာ စုချီက "နေ့တိုင်း တွေ့နေရမယ့် ကိစ္စကို ဘာကိစ္စ လာတွေ့ရမှာလဲ" ဟု ပြောလိုက်တော့၏။

စုချီ၏ ပြောစကားကြောင့် စုလုရီက စုချီထံ၌ အကြံဉာဏ် ရှိလိမ့်မည်ဟု ထင်ကာ နှုတ်ဆိတ်သွားတော့သည်။

ရုံးသို့ ရောက်လာသောအခါ နှစ်ယောက်သား ဓာတ်လှေကား စီးလိုက်ကြပြီး အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ရှောင်ချင်က ဆီးကြို နှုတ်ဆက်လိုက်သည်။

"မတွေ့ရတာကြာပြီနော်၊ ဒါရိုက်တာ စုနဲ့ လက်ထောက် စု"

"အင်း" ဟု စုချီက ပြန်ပြောပြီး ရှောင်ချင် လုပ်ရမည့် အလုပ်ကို ပြောပြလိုက်သည်။

ဘေးနားရှိ စုလုရီက စုချီနှင့် ရှောင်ချင်တို့ စကားပြောနေကြသည်ကို ရပ်ကြည့်နေပြီး စကားပြောပြီးမှ "ဒီအတောအတွင်း အဆင်ပြေလား၊ ရှောင်ချင်" ဟု‌ မေးလိုက်သည်။

"ဟုတ်ကဲ့၊ အဆင်ပြေပါတယ် လက်ထောက် စု" ဟုရှောင်ချင်က ပြောပြီး မျက်မှန်ကို ပင့်ကာ "ဂုဏ်ယူပါတယ်နော်၊ ဒါရိုက်တာ စုနဲ့ လက်ထောက် စု" ဟု ထပ်ပြောလိုက်သည်။

ထို့နောက် စုချီ ခိုင်းထားသည့် အလုပ်ကို လုပ်ရန် ရှောင်ချင်က အောက်ထပ်သို့ ဆင်းသွားတော့သည်။

ရုံးခန်းသို့ ရောက်သောအခါ စုလုရီက ရှောင်ချင်ဂုဏ်ပြုသွားသည့် အကြောင်းကို စုချီကို ပြန်မေးလိုက်၏။

"ကျွန်တော်တို့ကို ဂုဏ်ပြုသွားတယ်ဆိုတော့ ကျွန်တော်တို့ အကြောင်းကို သိသွားပြီလား"

"မဟုတ်ရင် ပထမဆုံး ရုံးပြန်တက်တဲ့နေ့မှာ နောက်ကျလို့ ငါတို့ကို ဂုဏ်ပြုတာ ဖြစ်မလား"

"..."

ပထမဆုံး ရုံးဖွင့်ရက်တွင် ဌာနဆိုင်ရာ အစည်းအဝေး ရှိသဖြင့် စုချီက စုလုရီကိုပါ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။

အစည်းအဝေးခန်းသို့ ရောက်သောအခါ အခန်းငယ်လေးထဲတွင် အပူချိန်ကို တိုးပေးထားသဖြင့် နွေးနေရာ ကျန်သည့်သူများက တီရှပ် လက်တိုများဖြင့် ဖြစ်နေ၏။

စုလုရီက သူ၏ ဂျပ်ကပ်ကို ငုံ့ကြည့်လိုက်ပြီး ချွေးထွက်လာသဖြင့် ဘေးနားရှိ စုချီက "ပူလား" ဟုမေးလိုက်ရာ "အင်း၊ နည်းနည်း ပူလာတယ်" ဟု ပြန်ဖြေလိုက်သည်။

စုချီက စုလုရီ၏ ဂျပ်ကပ်ကို ဆွဲချွတ်ပြီး ခုံပေါ်သို့တင်ပေးကာ စုလုရီကို ထိုင်ခိုင်းလိုက်၏။

ထိုအခါ အစည်းအဝေး ခန်းထဲရှိ လူများက စုလုရီကို အာဂ လက်ထောက်ပါလား ဟူသော အကြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြတော့သည်။

တစ်မိုးအောက် စုချီ၏ အပေါ်ထပ် ချွတ်ပေးခြင်းကို ခံရသော လက်ထောက်မှာ စုလုရီ တစ်ယောက်သာ ရှိသေးသည်။

အစည်းအဝေး ပြီးသောအခါ စုချီက နေ့လည်စာစားရန် ရုံးခန်းသို့ ပြန်တက်သွားလိုက်၏။

ရုံးခန်းထဲတွင် နေ့လည်စာ မှာပြီးသား ဖြစ်၍ စုလုရီကို "မင်း ဒီနေ့ ပိုစားလိုက်နော်" ဟု ပြောလိုက်သည်။

"ဘာလို့လဲ အစ်ကိုကြီး။ ပထမဆုံး ရုံးတက်ရက်မှာ စားရတဲ့ နေ့လည်စာက ပိုစားကောင်းလို့လား"

"မဟုတ်ဘူး။ ပြီးရင် ရှောင်ချင်ရဲ့ အလုပ်တွေကို မင်းပဲ လုပ်ရမှာ"

ရှောင်ချင်မှာ နေ့လည်စာ စားချိန်အထိ ပြန်မလာသေးသဖြင့် စုချီ ခိုင်းလိုက်သော အလုပ်မှာ အလွန် အရေးကြီးမည်ဟု စုလုရီက ထင်မှတ်လိုက်သည်။

နေ့လည်နားချိန် တစ်နာရီခွဲခန့် ကျန်သော အချိန်၌ စုလုရီက အိပ်ငိုက်လာသဖြင့် "အစ်ကိုကြီး၊ ကျွန်တော် ခဏ သွားအိပ်လိုက်ဦးမယ်နော်" ဟု ပြောကာ နားနေခန်းဆီသို့ လျှောက်လာခဲ့၏။

နားနေခန်းထဲရှိ အိပ်ယာပေါ်တွင် စုလုရီက စောင်အောက်ကို ဝင်ပြီး ကွေးလိုက်သည်။

အိပ်ယာမှာ အပူပေးစက် မပါသဖြင့် နားနေခန်းထဲတွင် အပူပေးစက် ဖွင့်ထားသော်လည်း အိပ်ယာပေါ်တွင် အေးစက်နေသေး၏။

ထို့ကြောင့် စုလုရီက ခြေထောက်ကို ကွေးကာ စောင်ခြုံအောက်တွင် ခပ်ကွေးကွေး လှဲနေလိုက်သည်။

ထိုအချိန်တွင် စုချီက တံခါးမှ ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်ကာ စုလုရီ၏ စောင်ထဲသို့ ဝင်လာတော့သည်။

"ဟင်၊ အစ်ကိုကြီး"

"မင်း အေးနေတယ်မလား။ ဖက်ထားပေးမယ်"

စုလုရီက စုချီ၏ ရင်ခွင်ထဲ၌ လှဲလျောင်းနေရင်း စုချီ၏ ခန္ဓာကိုယ်မှာ အလွန်ပူလာသည်ကို သတိထားမိလိုက်သည်။

"အစ်ကိုကြီး၊ ဘာလို့ ပူလာတာလဲ"

"မင်းကြောင့် ပူလာတာလေ။ ပုံမှန်ဖြစ်အောင် ပြန်လုပ်ပေး"

"ဘယ်လိုလုပ်ပေးရမှာလဲ"


...…….................................
.........................................


အပိုင်း (၇၉) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now