စုလုရီ
အပိုင်း (၅၆) ကြိုးတန်းပေါ်တွင် လမ်းလျှောက်ခြင်း
"မိတ်ဆက်ပွဲ ဟုတ်လား"
"စိတ်မပူပါနဲ့ အစ်ကို စုရဲ့။ ဒီညမှာ အစ်ကို စုတို့ ညီအစ်ကိုနှစ်ယောက်ပဲ ကျော်ကြားနေမှာပါ" ဟုကျိုးချင်းချန်က ပြုံးကာ ပြောလိုက်သည်။
စုလုရီ၏ ရင်ထဲ၌မူ ဗလောင်ဆူနေပြီ ဖြစ်၏။
သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် စုလုရီက စုချီဘက်သို့ လှည့်ကာ "အစ်ကိုကြီး၊ ကျွန်တော်..."
စုလုရီ၏ စကားမဆုံးမီ၌ စုချီက သူ၏ လည်ပင်းကို ကိုင်ကာ "မင်းရဲ့ဆွယ်တာက ပြောင်းပြန်ကြီး ဖြစ်နေတာလား။ ငါ သန့်စင်ခန်းထဲမှာ သေချာ ပြန်ကြည့်ပေးမယ်" ဟု ပြောလိုက်သည်။
"ဟုတ်မယ် ထင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် လည်ပင်း အစ်နေသလို ဖြစ်နေတာ" ဟု စုလုရီက
အလိုက်သင့် ပြန်ဖြေလိုက်၏။
"ခွင့်ပြုပါဦး" ဟု စုချီက စုလုရီကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။
နှစ်ယောက်သား မှိန်ပြပြ အလင်းရောင်များ ကြားမှ ထွက်သွားသောအခါ အနောက်တွင် ကျန်ခဲ့သော ကျိုးချင်းချန်က "အခန်း (၃၀၆) ကို မြန်မြန် ပြန်လာခဲ့ကြနော်" ဟု လှမ်းအော်ပြောလိုက်၏။
စုချီက စုလုရီကို ဆွဲခေါ်လာရင်း "မင်းက အဲ့ဒါကို သဘောတူလိုက်တာလား" ဟု မေးလိုက်သည်။
စုလုရီက စုချီ၏ ဖွင့်ပြောမှုကို လက်မခံထားသော်လည်း မငြင်းထားသဖြင့် သူတို့၏ ဆက်ဆံရေးမှာ မသေချာ မရေရာ ဖြစ်နေခဲ့၏။
သန့်စင်ခန်းသို့ ရောက်သောအခါ စုချီက စုလုရီကို နံရံ၌ ဆွဲကပ်ကာ "မင်းကို ငါ ကြိုက်နေတယ်ဆိုတာကို သိတယ် မလား" ဟု ပြောလိုက်သည်။
ထိုအခါ စုလုရီက စိတ်လှုပ်ရှားပြီး ရင်ခုန်သွားကာ
"ကျွန်တော် မိတ်ဆက်ပွဲမှန်း တကယ် မသိတာပါ အစ်ကိုကြီးရာ။ သိရင် အစ်ကိုကြီးကို မခေါ်လာခဲ့ပါဘူး" ဟု ပြန်ပြောလိုက်၏။
"ငါ့ကို မခေါ်လာဘူး၊ ဟုတ်လား"
"မဟုတ်ဘူး။ ကျွန်တော် လာမှာ မဟုတ်ဘူးလို့ ပြောတာ"
"ဘာလို့လဲ"
"အစ်ကိုကြီး စိတ်ဆိုးသွားမှာ ကြောက်လို့"
"ငါ့ ပုံစံက အခု စိတ်ဆိုးနေတဲ့ ပုံစံ ဖြစ်နေလို့လား"
"အင်း" ဟု စုလုရီက ခေါင်းညိတ်ကာ စုချီ၏ အရိပ်အကဲကို ကြည့်ရင်း ပြောလိုက်သည်။
စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားပြီးနောက် စုချီက တစ်ခုခုကို စဉ်းစားမိသွားကာ "ငါ စိတ်မဆိုးစေချင်ရင် မင်းရဲ့ နားရွက်ကို ပေးဆိတ်" ဟု ပြောလိုက်၏။
စုလုရီက သူ၏ နားရွက်ကို အုပ်လိုက်ကာ "ဘာလို့လဲ။ မရဘူးနော်" ဟု ခေါင်းရမ်း၍ ပြောလိုက်သည်။
စုချီက လက်ကို ဆန့်ထုတ်လိုက်သဖြင့် စုလုရီက မျက်စိမှိတ်ကာ "အရင် မေးမယ်လို့ အစ်ကိုကြီး ပြောထားတယ် မလား" ဟု ပြောလိုက်၏။
သို့သော် စုချီက စုလုရီ၏ ဆံပင်များကို သပ်ပေးလိုက်ကာ "ဒီတစ်ခါတာ့ ငါ မင်းကို လွှတ်ပေးလိုက်မယ်" ဟု ပြောပြီး သန့်စင်ခန်းမှ ထွက်သွားတော့သည်။
စုလုရီက နံရံ၌ မှီကာ ကြောင်ရပ်နေခဲ့သဖြင့် စုချီက "ဘာ ရပ်လုပ်နေသေးတာလဲ။ တရား မှတ်နေတာလား" ဟု ပြောလိုက်သောကြောင့် စုလုရီက စုချီ၏ အနောက်သို့ ကပ်လိုက်လာ၏။
ထို့နောက် အခန်း (၃၀၆) ကို ရှာကာ အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လိုက်ကြသည်။
စုချီတို့ ဝင်လာသောအခါ အခန်းထဲမှ လူများက ဝိုင်း ကြည့်နေကြသဖြင့် ကျိုးချင်းချန်က ထကာ စုချီတို့ နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်၏။
"ဒီနေ့ရဲ့ စတား နှစ်ယောက်တော့ ရောက်လာပြီ။ အားလုံးကို မိတ်ဆက်ပေးရဦးမယ်" ဟု အစချီကာ ကျိုးချင်းချန်က မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် စုချီတို့က ဝင်ထိုင်လိုက်သောအခါ အားလုံး၏ အကြည့်က စုချီတို့ထံ ရောက်လာကြ၏။
စုလုရီက ထိုင်ချလိုက်သောအခါ သူ၏ ကျောနောက်တွင် တစ်ခုခု ခံနေသဖြင့် ကြည့်လိုက်ရာ စုချီက လက်တစ်ဖက်တွင် ဖုန်းကို ကိုင်ထားပြီး အခြားတစ်ဖက်မှာ စုလုရီ၏ နောက်သို့ ပို့ထားသည်ကို တွေ့လိုက်ရသည်။
ပိုင်ဆိုင်ကြောင်းကို တစ်ဖက်လှည့်ဖြင့် ကြေညာလိုက်သည့် ပုံစံမျိုး ဖြစ်၏။
ထို့ကြောင့် စုလုရီကလည်း စုချီ၏ အနားသို့ တိုးကာ ကပ်ထိုင်လိုက်သည်။
...
ကျိုးချင်းချန်က အာခေါင်ခြောက်လာသဖြင့် ကော့တေးကို ယူသောက်လိုက်ပြီး စုလုရီတို့ဘက်ကို ကြည့်လိုက်သောအခါ စုလုရီတို့က ချောင်တွင် ကပ်ကာ မလှုပ်မယှက် ထိုင်နေကြသဖြင့် အားမရဖြစ်သွားတော့သည်။
"ဟေ့ကောင် စုလုရီ၊ ဒီအခွင့်အရေးကို အသုံးချပြီး မိတ်ဆွေအသစ်တွေ ရှာလေကွာ။ ဘာ ထိုင်လုပ်နေတာလဲ"
"ငါ မရှာချင်ပါဘူးကွာ"
"ဟာ၊ သူငယ်ချင်းလုပ်တာက ချစ်သူ ရှာတာမှ မဟုတ်တာ။ မင်း မလုပ်ချင်လည်းနေ ငါ လုပ်ပေးမယ်"
"မဟုတ်ဘူး။ ငါ မလုပ်ချင်ဘူး"
"ငါ့ကိုပဲ စိတ်ချထားလိုက်ပါ သူငယ်ချင်းရာ" ဟု ကျိုးချင်းချန်က စုလုရီ၏ ပုခုံးကို ပုတ်ကာ ပြောပြီး အခြားသူများဆီသို့ သွားဆွေးနွေးတော့၏။
ထို့နောက် ဂူ မိန်းကလေးဟူသော အမျိုးသမီးကို ခေါ်လာကာ စုလုရီတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
"မစ္စစ် ဂူ၊ ဘယ်တစ်ယောက်ကို သဘောကျလဲ"
ဂူ မိန်းကလေးက စုလုရီ၏ ဘေးသို့ ဝင်ထိုင်ကာ ချယ်ရီသီး ထည့်ထားသော ပန်းကန်ကို ကမ်းပေးလိုက်ပြီး "စားပါဦးလား" ဟု ပြောလိုက်၏။
ထိုအခါ စုလုရီက "ရတယ်။ မကြိုက်လို့ မစားတော့ဘူး" ဟု ငြင်းလိုက်လေသည်။
"စုမိသားစုက ယောက်ျားလေးတွေက ထူးချွန်တယ်လို့ ပြောတာကြားဖူးတယ်။ ခုအပြင်မှာ တွေ့လိုက်တော့မှ တကယ်ဟုတ်နေတာပဲ။ ဘာလို့ အလယ်မှာ မထိုင်ကြတာလဲ။ အကုန်လုံးက စိတ်ဝင်စားနေတဲ့ဟာကို"
"ကျွန်တော်က ရှက်တတ်လို့ပါ"
"ရှက်တတ်တာကောင်းတာပေါ့။ ခုခေတ်က ရှက်တတ်တဲ့ လူတွေက ပိုပြီး ဆွဲဆောင်မှုရှိတယ်"
"..."
ထိုအခါ စုချီက သူ၏ရှေ့တွင် ရှိသော ချယ်ရီသီးပန်းကန်တစ်ချပ်ကို ကောက်ယူကာ "ရော့၊ စားမလား" ဟု စုလုရီကို ကမ်းပေးလိုက်၏။
စုလုရီက စုချီလက်ထဲမှ ချယ်ရီသီးကို ယူစားလိုက်ကာ "အစ်ကိုကြီး ကျွေးတဲ့ ချယ်ရီသီးက ချိုနေတာပဲ။ အကောင်းဆုံးပဲ" ဟု ပြုံးရွှင်ကာ ပြောလိုက်သည်။
ထို့နောက် စုလုရီက ဂူ မိန်းကလေးဘက်သို့ လှည့်ကာ "မစ္စစ် ဂူ လိုမျိုးပဲ၊ ကျွန်တော်လည်း ကျွန်တော့်အစ်ကိုကြီးလို့ လူမျိုးကို အလေးစားဆုံးပဲ" ဟု ပြောလိုက်၏။
ထိုအခါ ဂူ မိန်းကလေးက အခြေအနေကို ရိပ်မိကာ စုလုရီ၏ ဘေးမှ ထထွက်သွားတော့သည်။
ဂူ မိန်းကလေးက ပြန်လာသဖြင့် သူမ၏ အပေါင်းအသင်းများက ဝိုင်းဝန်းအားပေးကာ ဝိုင်ခွက်မြှောက်ပြီး သောက်လိုက်ကြ၏။
ထို့နောက် ကျိုးချင်းချန်က တဖန် ထရပ်ကာ အမှန်ပြောကြေးဂိမ်း ကစားရန် ထအော်လိုက်သည်။
စုချီနှင့် စုလုရီတို့ကိုပါ ကစားရန် အတင်းခေါ်သဖြင့် စုချီတို့ပါ ဝင်ကစားလိုက်ရ၏။
ဂိမ်းမှာ ယောက်ျားလေးတစ်ဖက်၊ မိန်းကလေးတစ်ဖက် ကစားရပြီး ယောက်ျားလေးဘက်မှ အနိုင်ရသူနှင့် မိန်းကလေးဘက်မှ အနိုင်ရသူတို့ တွဲဖက်ကာ အမှန် ပြောမလား၊ စွန့်စားမလား ဟူ၍ နှစ်ခုထဲမှ တစ်ခု ရွေးချယ်ရသည့် ဂိမ်းဖြစ်သည်။
ဂိမ်းစတင် ကစားပြီးနောက် အလှည့် လေးလှည့်မြောက် ရောက်လာသောအခါ မိန်းကလေးဘက်မှ ဖန် မိန်းကလေးက အနိုင်ရရှိသွားသည်။
ထို့အတူ ယောက်ျားလေးဘက်တွင်လည်း စုချီက အနိုင်ရသွားသဖြင့် "အမှန် ပြောမလား။ စွန့်စားမလား" ဟု မေးလိုက်ရာ စုချီက "အမှန်ပြောမည်" ဟု
ဖြေလိုက်၏။
ဖန် မိန်းကလေးမှာ စုချီကို ခဏခဏ ကြည့်နေသူ ဖြစ်သဖြင့် စုလုရီက အနည်းငယ် စိုးရိမ်နေသည်။
သူ၏ စိတ်ထဲ၌လည်း စုချီအပေါ် ထိုသို့ ခံစားချက် ဖြစ်နေသဖြင့် အနည်းငယ် ထူးဆန်းသွား၏။
ထိုအခါ ဖန် မိန်းကလေးက "ဒါဆို ကျွန်မ မေးခွန်းတစ်ခု မေးမယ်နော်" ဟု စုချီကို ပြောလိုက်သည်။
"လူကြီးမင်း စုက ဘယ်လို လူမျိုးကို ကြိုက်တာလဲ"
ဖန် မိန်းကလေး၏ မေးခွန်းကြောင့် စုလုရီက စိတ်လှုပ်ရှားပြီး ရင်ခုန်လာတော့၏။
သူ၏ ဘေးတွင်ရှိသော စုချီကိုလည်း လှမ်းကြည့်လိုက်တော့သည်။
...…….................................
.........................................
အပိုင်း (၅၆) ပြီးပါပြီ။